Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

EU ရဲ့ စီးပွားရေး ဒဏ်ခတ်မှု ရုပ်သိမ်းမှုအပေါ် မြန်မာအစိုးရ သတင်းထုတ်ပြန်

$
0
0
မြန်မာနိုင်ငံအပေါ် ချမှတ်အရေးယူထားခဲ့တဲ့ ဥရောပ သမဂ္ဂရဲ့  စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုကို ဧပြီလ ၂၂ ရက်နေ့က ပိတ်ပင် ကန့်သတ်ချက်တွေ ရုပ်သိမ်းလိုက်တဲ့ အတွက် မြန်မာ အစိုးရ နိုင်ငံခြားရေး ၀န်ကြီးဌာနက ယနေ့ နေ့စွဲနဲ့ သတင်းထုတ်ပြန်ကြေညာလိုက်ပါတယ်။


ယမန်နေ့ တနင်္လာနေ့က လူဇင်ဘတ်မှာ အီးယူ နိုင်ငံခြားရေး ၀န်ကြီးတွေရဲ့ အစည်းအဝေးမှာ မြန်မာနိုင်ငံ အပေါ် ဥရောပ သမဂ္ဂက အရေးယူ ပိတ်ဆို့မှုတွေထဲက လက်နက်ဆိုင်ရာ ရောင်းချမှု ပိတ်ပင် တားဆီးမှု ကလွဲပြီး ကျန် တဲ့ စီးပွားရေး ဒဏ်ခတ်အရေုးယူမှုအားလုံးနီးပါးကို ဖြေလျှော့ ရုပ်သိမ်းလိုက်တဲ့အကြောင်း ရိုက်တာသတင်း တပုဒ်မှာ ဖော်ပြထားပါတယ်။  

ဥရောပသမဂ္ဂ နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံမှာ လူ့ အခွင့် အရေး ချိုးဖောက်မှုဆိုင်ရာ စိုးရိမ်မှုတွေ ရှိနေပေ မယ့်မြန်မာနိုင်ငံရဲ့ နိုင်ငံရေး စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေအပေါ်အကောင်းဖက်ကို မျှော်လင့်ပြီး အား
ပေးမှုတွေ ဆက်လက်လုပ်ဆောင်တဲ့အနေနဲ့ အခုလို ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုတွေကို ရုပ်သိမ်း လိုက် တာဖြစ်ပါတယ်။

ဒီလို ရုပ်သိမ်းမှုအပေါ် မြန်မာအစိုးရ နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ခဲ့ပြီး အပြည့်အစုံ ကို  အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အစိုးရ

 နိုင်ငံခြားရေးဝန်ကြီးဌာန 
သတင်းထုတ်ပြန်ချက် 

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရသည် မြန်မာနိုင်ငံအပေါ် ဥရောပသမဂ္ဂမှ ချမှတ်ထားသော စီးပွားရေးဆိုင်ရာ ပိတ်ပင် ကန့်သတ်ချက် အားလုံးအား ရုပ်သိမ်းလိုက်သည့် ဥရောပသမဂ္ဂ၏ ၂၀၁၃ ခုနှစ်၊ ဧပြီလ ၂၂ ရက် ဆုံးဖြတ်ချက်ကို ဝမ်းမြောက်စွာ ကြိုဆိုပါသည်။ 

ဥရောပသမဂ္ဂသည် မြန်မာအစိုးရ၏ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိသော ပြုပြင်ရေးဆိုင်ရာ ကြိုး ပမ်း အားထုတ် မှုများကို စိတ်အားထက်သန်စွာ ထောက်ခံ အားပေးလျက်ရှိပြီး ကနဦးအနေဖြင့် ၂၀၁၂ ခုနှစ်၊ မေလ ၁၄ ရက်နေ့တွင် ပိတ်ပင် ကန့်ကတ်မှု အများစုကို တစ်နှစ်ဆိုင်းငံ့ထားခဲ့ပါသည်။ 

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရအနေဖြင့် ဥရောပသမဂ္ဂ၏ ဆုံးဖြတ်ချက်သည် ဒီမိုကရေစီ 
ရေး ပြုပြင် ပြောင်းလဲ မှုများကို ပြင်းပြစွာ လိုလားလျက် မြန်မာအစိုးရ၏ လွန်ခဲ့သော (၂) နှစ်ကာလ အတွင်း ဆောင်ရွက်ခဲ့သော ပြုပြင် ပြောင်းလဲမှု လုပ်ငန်းစဉ်များကို တက်ကြွစွာ ထောက်ခံလျက်ရှိ သည့် ပြည်သူများကိုများစွာ အကျိုးရှိစေမည်ဟု ယုံကြည်ပါသည်။ 

ဥရောပသမဂ္ဂဘက်မှ စီးပွားရေး ပိတ်ပင်ကန့်သတ်မှုများ အားလုံးကို ရုပ်သိမ်းလိုက်ခြင်းသည် မြန်မာ- အီးယူ ဆက်ဆံ ရေးကို အားပေးရာ ရောက်သည့်အပြင် ပိုမိုနက်ရှိုင်းကျယ်ပြန့်သော နှစ်ဘက် ပူးပေါင်း ဆောင်ရွက်ခြင်းကိုပါ အကျိုးပြုမည် ဖြစ်ပါသည်။

 နိုင်ငံခြားရေးဝန်ကြီးဌာန
 နေပြည်တော် 

၂၀၁၃ ခုနှစ် ဧပြီလ ၂၃ ရက်

Viewing all articles
Browse latest Browse all 5236

Trending Articles