Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ဖေ့စ်ဘုတ်ကို အသုံးချကာ မိခင်ရင်းကို ရှာဖွေနေတယ်ဆိုတဲ့ မိန်းကလေး

$
0
0
အင်တာနက် လူမှု ကွန်ရက်ကို မိခင်မေတ္တာ ငတ်မွတ်နေတဲ့ သမီးငယ်တဦးက မှန်ကန်စွာ အသုံးချ လာတာ ကို သတိထားမိ လိုက်တယ်။ 

မိခင်ပျောက် ရှာနေတယ်ဆိုတဲ့ သဲသဲသော်၊ ဓာတ်ပုံ- သဲသဲသော်

ငယ်စဉ် မွေးကင်းစ ကလေးငယ်ဘ၀ကတည်းက တနင်္သာရီတိုင်း မြိတ်မြို့မှာ မွေးစားမိခင်၊ ဖခင်တွေနဲ့သာ ကြီးပြင်းခဲ့ရပြီး မိခင်အရင်း ရှိတယ် ဆိုတဲ့ အသိသာ ရှိပြီး မိခင်ကို မြင်လည်း မမြင်ဘူးခဲ့တဲ့ သမီးငယ်တဦး ရဲ့ မိခင်ပျောက် ရှာပုံတော် ဖွင့်ခန်းဟာ ဖတ်ရသူတိုင်း ရင်နင့် နေကြပြီး မိခင်နဲ့ အမြန်ဆုံး ပြန်တွေ့ပါစေလို့ ဆုတောင်းပေးနေကြပါတယ်။ 

သူ့နာမည်က သဲသဲသော်တဲ့။ အသက်က ၂၀ ကျော်သာရှိနေသေးပေမယ့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို လွန်ခဲ့တဲ့ ၄ နှစ် လောက်ကတည်းက ရွှေ့ပြောင်းမြန်မာ အလုပ်သမလေးအဖြစ်နဲ့ ဘ၀ကို ရုန်းကန်နေရင်း အခုနှစ် သင်္ကြန်နီးလို့ အတူနေ သူငယ်ချင်းတွေက မိဘတွေရှိရာတွေဆီ နှစ်သစ်ကူး အိမ်အပြန် ခရီးတွေ ထွက်သွားတော့ အလွမ်းတွေကို ဖြေသိမ့်နေချိန် ခဲ့ရင်း အကြံတခု ရခဲ့ပါတယ်လို့ သဲသဲသော်က ဧရာဝတီ ကို ပြောပါတယ်။ 

အဲဒီအကြံကလည်း သူငယ်ချင်းတွေ မိဘတွေဆီ အသီးသီး ပြန်သွားကြတော့ တကိုယ်တည်း ၀မ်းနည်းနေ ရင်း မိခင်ရင်းရဲ့ နာမည်ကိုတောင် သိခွင့် မရှိသေးတဲ့ ဘ၀မှာ မိခင်ရင်းကို သတိ အရမ်းရလို့ အမေ ဖတ်မိ ပါစေဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာ ( Sky Queen) မှာ တင်လိုက်တာပါတဲ့။ 

မွေးစားမိဘတွေလက်ထဲရောက်ခဲ့တဲ့ သဲသဲသော်ဟာ ငယ်စဉ်ကတည်းက မွေးစားဖခင်ဖြစ်သူ ဆုံးပါးသွားခဲ့ တယ်တဲ့။

နောက်ပိုင်း မွေးစားမိခင်ကပါ ဆုံးပါးသွားတော့ လွန်ခဲ့တဲ့ ၄ နှစ်လောက်က ထိုင်းနိုင်ငံကို ထွက်လာပြီး ကုန်တိုက် တခုမှာ ဟောင်ကောင်က လာတဲ့ အမျိုးသမီးသုံး ပစ္စည်းတွေဖြစ်တဲ့ စလင်းဘက်အိတ်တို့၊ ဖန်စီ ပစ္စည်းလေးတွေတို့ ရောင်းပေးရတဲ့ အလုပ်ကို လုပ်ကိုင်နေခဲ့တာပါလို့ သူက ဧရာဝတီကို ပြောပါတယ်။ 

သဲသဲသော်က သူ့မိခင်ရင်းနဲ့ပတ်သက်သမျှ သူသိတဲ့အချက်အလက်ကလေးနဲ့ အခုလို ရေးပြီး မိခင် ရှာပုံတော်ဖွင့်ခဲ့ပါတယ်။ 


 “သဲ… နေတိုင်း အမေ့ဆီ ရောက်အောင် စာတွေရေးပြီး တင်မယ်” လို့ သဲသဲသော် က ဧရာဝတီ ကို ပြောပါ တယ်။ 

သူ့ မိခင်ကို သိတဲ့သူတွေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံမှာ ရှိစဉ်က မိခင်ကိုတွေ့လိုဇောနဲ့ သွားစုံစမ်းခဲ့ပေမယ့် တလုံးတပါဒမှ အမေရင်းနဲ့ ပတ်သက်တဲ့ သတင်းစကား မကြားခဲ့ရပါဘူးတဲ့။ 

“သဲ အခုထိ အမေ့နာမည်ကိုတောင် မသိရဘူး။ ဒေါက်တာ ဒေါ်ခင်မီမီဟန်ကို သဲ သွားမေးတော့ သူက ရန်ကုန်ကို ပြောင်း သွားပြီ။ ဘိတ်က ဖွင့်ထားတဲ့ သူ့ဆေးခန်းကို လည်း ပိတ်သွားတယ်။ ရန်ကုန်တုန်းက အန်တီ ဒေါ်မြသန်းဆိုတာက အမေ့ ကို သိတယ်လေ၊ သူ့ ကို သွားစုံစမ်းတော့ သူက ဘာဖြစ်လို့လည်း မသိဘူး၊ ဘာမှ မပြောဘူး” လို့ သူက ဧရာဝတီကို ပြော ပါတယ်။ 

သူ့မိခင်ဟာ အသက် ၅၀ ၀န်းကျင်ရှိနေပြီဖြစ်တယ်လို့ ပြောစကားတွေကြားတိုင်း အမေဟာ သက်ရှိထင်ရှား ရှိနေတယ်လို့ ခံစားရပါတယ်တဲ့။ နောက်ပြီး အိမ်ထောင်နဲ့ ရှိနေမယ်၊ နောက်ထပ် သားသမီးတွေ ရှိနေမယ် ဆိုလည်း သူကျေနပ်ကြောင်း သဲသဲသော်က ပြောပါတယ်။ 

“သူ့မှာနောက်အိမ်ထောင်နဲ့ မိသားစုနဲ့ဆိုတော့ သဲကို လက်ခံနိုင်မှာ မဟုတ်ဘူး ထင်တာဘဲ။ သမီးပြောချင် တာကတော့ သမီးရေးတဲ့ စာလေး အမေ့ဆီရောက်သွားရင် ကျေနပ်ပြီလေ။ ငါ့ကို ရှာနေတဲ့ ငါ့သမီးလေး ရှိပါသေးလားပေါ့။ မသေ သေး ဘူးပေါ့နော်၊ အဲလိုမျိုးပေါ့။ ဒါကြောင့် အမေ့ကို အဝေးက မြင်ရလည်း 
ကျေနပ်တယ်” လို့ သူက ပြောပါတယ်။ 

သဲသဲသော်ဟာ ဧရာဝတီနဲ့ ဖုန်းပြောနေစဉ်မှာဘဲ ဖေ့စ်ဘုတ်က မိတ်ဆွေတွေက သူ့မိခင်နဲ့ပတ်သက်သမျှ ၀ိုင်းဝန်းမျှဝေ ခံစား ကြရင်း ကူညီလို့ သတင်းပေးကြပါတယ်တဲ့။ 

ဟုတ်မဟုတ် မသိရပေမယ့် ကြားရတဲ့ သတင်းတွေအရ သူ့မိခင်ဟာ သူ့စာကို ဖတ်လိုက်ရတယ်ဆိုတဲ့ အကြောင်း၊ မိခင်ဟာ နောက်အိမ်ထောင်နဲ့ သားတဦး ရှိနေတာလို့ ဆိုကြတယ်လို့လည်း သူက ဆိုပါတယ်။

ဒါကြောင့် သူ့မောင်လေးကိုလည်း ကောင်းကောင်းမွန်မွန် ရှိစေဖို့နဲ့ မိခင်ကိုလည်း အပြစ်မပြောလိုကြောင်း၊ ဘယ်လိုပဲ ဖြစ်ဖြစ် အမေ့ကို ချစ်နေမယ်ဆိုပြီး သူက ဖေ့စ်ဘုတ်မိတ်ဆွေတွေက တဆင့် မိခင်ဆီ ထပ် 
လောင်း စာရေးပြီး သူ့ ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ထပ်ရေးထားပါတယ်။ 

တကယ်ပဲ သဲသဲသော်ဆိုသူ မိန်းကလေးဟာ မိခင်ရင်းကို ရှာဖွေနေတာဆိုရင် ပြန်လည် ဆုံဆည်းကြမှာပါ လို့လည်း ဆုတောင်းမှုတွေ ရှိကြပါတယ်။ 


အိမ့်သံစဉ် ~

Viewing all articles
Browse latest Browse all 5236

Trending Articles