Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ဦးရဲထွဋ်ပြောပြတဲ့ စာနယ်ဇင်း ဥပဒေနဲ့ပတ်သက်လို့

$
0
0
ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်ပြောပြတဲ့ စာနယ်ဇင်း ပုံနှိပ်၊ ထုတ်ဝေ ဥပဒေဆိုတာနဲ့ ပတ်သက်လို့ မိနစ်ပိုင်းကပဲ သူ့ဖေ့စ်ဘုတ်မှာ အခုလို တင်ပြထားပါတယ်။ 


Renai Ssance · Friends with Maung Wuntha and 13 others
ဦးရဲထွဋ်ခင်ဗျာ။ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းက မြန်မာနိုင်ငံကို အနှစ် ၅၀လောက် အာဏာရှင်တစ်ဝက် ဒီမိုကရေစီတစ်ဝက် နိုင်ငံဖြစ်စေမည်လို့ အားလုံးကခန့်မှန်းကြပါတယ်။ ဒီဥပဒေကို အတည်ပြုစေနိုင်တာကလည်း ဦးအောင်ကြည်မဟုတ်ဘူး ဦးရဲထွဋ်ရဲ့ ထိန်းချုပ်မှု ထင်ကြပါတယ်။ တကယ့်ကို ဦးရဲထွဋ်အနေနဲ့ ဒီလိုမျိုးဖြစ်အောင် လုပ်နေပါသလား။ မှတ်ချက် ။ ။မည်သူ့ လွှမ်းမိုးမှုမျှ မပါသော သတင်းသမား ဖြိုးေ၀၀င်း၏ မေးခွန်းဖြစ်သည်။ ၀၉-၄၂၀၀၈၄၇၁၅

အထက်ပါမေးခွန်းအတွက် အားလုံးသိအောင် ဒီနေရာကပဲဖြေကြားပေးပါ့မယ်။

-- ဥပဒေကြမ်းတစ်ခုကို လက်ခံစဉ်းစားဖို့၊ ဆွေးနွေးအတည်ပြုဖို့ လုပ်ဆောင်တာဟာ လွှတ်တော်ရဲ့ လုပ်ငန်းဖြစ်ပါတယ်။ လွှတ်တော်ဟာလည်း ပြည်သူ့အသံကိုပဲနားထောင် ဆောင်ရွက်တာဖြစ်တဲ့အတွက် ပြည်သူကပဲ ထိန်းချုပ်လို့ ရပါတယ်။

-- ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းလုပ်ငန်းဥပဒေကြမ်းကို ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီက သုံးသပ်တဲ့အခါမှာ ၀န်ကြီးဌာနက ကိုယ်စားလှယ်များ သာမက အားကစား၊ ယဉ်ကျေးမှုနဲ့ ပြည်သူ့ဆက်ဆံရေးကော်မတီက ကိုယ်စား လှယ်များ၊ ပြည်သူ့လွှတ်တော် ဥပဒေရေးရာအထူးကိစ္စရပ်များလေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်က ကိုယ်စားလှယ်များပါ ပါဝင်ပါတယ်။

- စဉ်းစားသုံးသပ်တဲ့အခါ ပြန်ကြားရေးဝန်ကြီးဌာနက တင်သွင်းထားတဲ့ မူလ ဥပဒေ ကြမ်းအပြင် ကျွန်တော်တို့ ၀န်ကြီးဌာနက တင်ပြထားတဲ့ စာနယ်ဇင်းကောင်စီ( ယာယီ) ရဲ့ အကြံပြုချက်များ၊ အားကစား၊ ယဉ်ကျေးမှုနဲ့ ပြည်သူ့ဆက်ဆံရေးကော်မတီ ကို်ယ်စားလှယ်များရဲ့ ဆွေးနွေးချက်များ၊ နောက်တစ်ခါ ဒီဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ တင်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်များရဲ့ သဘော ထားများအားလုံးကို ဥပဒေကြမ်းကော်မတီက ထည့်သွင်းစဉ်းစားခဲ့ပါတယ်။ မေးခွန်း တွေလည်းအများကြီးမေးခဲ့သလို အပြန် အလှန် ဆွေးနွေးမှုများလည်း လုပ်ခဲ့ကြပါတယ်။

- ဒါ့အပြင် လွှတ်တော်နှစ်ရပ်ကြားကာလအတွင်း တိုင်းဒေသကြီး၊ ပြည်နယ်များမှာ ပြုလုပ်ခဲ့ တဲ့ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းလုပ်ငန်းဥပဒေကြမ်း ဆိုင်ရာရှင်းလင်းပွဲများမှာ သက်ဆိုင် ရာ လုပ်ငန်းရှင်များ၊ ပြည်သူများ၊ လွှတ်တော်ကိုယ်စားလှယ်များပါဝင်ဆွေးနွေးခဲ့ကြ တဲ့အချက်များကိုလည်း ထည့်သွင်းစဉ်းစားဆွေးနွေးခဲ့ကြပါတယ်။

- ဥပဒေကြမ်းကော်မတီက ပြည်သူ့လွှတ်တော်ကို ပြင်ဆင်ချက်များနဲ့ တင်သွင်း၊ သက်ဆိုင်ရာကိုယ်စားလှယ်များက ဝိုင်းဝန်းဆွေးနွေးပြီး အတည်ပြုခဲ့တဲ့ ဥပဒေ ကြမ်းဟာ သက်ဆိုင်သူများရဲ့ အကြံပြုချက် အားလုံးကို ထည့်သွင်းစဉ်းစားရေးဆွဲထားတဲ့ version အသစ်ပဲဖြစ်ပါတယ်။ မူလဥပဒေကြမ်းက အချက်အတော်များများကို ပယ်ဖျက်ခဲ့သလို စာနယ်ဇင်းကောင်စီ အပါအ၀င် ပြည်သူများရဲ့ အကြံပြုချက်များအရ ပြဋ္ဌာန်းချက် အသစ်တွေကိုလည်း ထည့်သွင်းပြဋ္ဌာန်းခဲ့ပါတယ်။

- ဥပဒေကြမ်းကော်မတီရဲ့ တင်ပြချက်များကို ပြည်သူ့လွှတ်တော်က ကန့်ကွက်သူမရှိ ဘဲ အတည်ပြုခဲ့တာဖြစ်ပါတယ်။ ဒါ့ကြောင့် လွှတ်တော်ရဲ့ ဥပဒေကြမ်းဟာ အဘက်ဘက် ကထည့်သွင်းစဉ်းစားပြီး ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ဌာနတစ်ခု၊ လူတစ်ဦး တစ်ယောက်ရဲ့ တိုက်တွန်းမှုကြောင့် မဟုတ်ပါဘူး။

- ဒီနေရာမှာ စာနယ်ဇင်းကောင်စီ (ယာယီ) က စာနယ်ဇင်းဥပဒေတစ်ခု ရေးဆွဲနေချိန်မှာ နောက်ထပ် ဥပဒေတစ်ခုလိုသလားလို့ ဝေဖန်သူတွေရှိပါတယ်။ စာနယ်ဇင်းကောင်စီက Zero Draft ရေးဆွဲနေပြီး ၀န်ကြီးဌာနနဲ့ ညှိနှိုင်းပြင်ဆင်နေတဲ့ သတင်းမီဒီယာဥပဒေ ဟာ စာနယ်ဇင်းသမားများ၊ သတင်းမီဒီယာလုပ်ကိုင်သူများရဲ့ အခွင့်အရေး၊ ရပိုင်ခွင့်၊ တာဝန်ရှိမှုများနဲ့ ပတ်သက်တဲ့ Professional Law ဖြစ်ပါတယ်။

- ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းလုပ်ငန်းဥပဒေက ပုံနှိပ် လုပ်ငန်းနဲ့ ဆိုင်တဲ့ Institution ဒါမှမဟုတ် Enterprise ဆိုင်ရာဥပဒေဖြစ်ပါတယ်။ ဒါကို သက်ဆိုင်ရာဝန်ကြီးဌာနကတာဝန်ခံရေးဆွဲရပါတယ်။ ဥပမာအားဖြင့် ဆရာဝန်များရဲ့ ကျင့်ဝတ်နဲ့ ပတ်သက်တဲ့ ဥပဒေတစ်ခုကို ဆေးကောင်စီတို့ လို အဖွဲ့အစည်းများက ပါဝင်ရေးဆွဲပေ မယ့် ဆေးရုံတစ်ခုကို ဘယ်လို ထူထောင်ဆောင်ရွက်ရမယ်၊ ဘာစည်းကမ်းတွေလိုက်နာ ရမယ်ဆိုတာကိုတော့ သက်ဆိုင်ရာဝန်ကြီးဌာနက တာဝန်ခံ ရေးဆွဲရတဲ့သဘောပါပဲ။

- ဒီပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းလုပ်ငန်းဥပဒေဟာ စာနယ်ဇင်းလွတ်လပ်ခွင့်ကို ထိန်းချုပ်ဖို့ လုံးဝမဟုတ်ပါဘူး။ ဒီနေ့ မြန်မာနိုင်ငံမှာ သတင်းစာ၊ ဂျာနယ်ထုတ်နေတာ ရာဂဏန်းပဲရှိပါတယ်။ ဒါပေမယ့် ကြော်ငြာ၊ ဖိတ်စာ၊ လက်ကမ်းစာစောင်၊၀တ္ထု စတဲ့ အခြား ပုံနှိပ် လုပ်ငန်းများကိုလုပ်ဆောင်နေတဲ့ပုံနှိပ် ထုတ်ဝေလုပ်ငန်းပေါင်း ထောင်ချီရှိပါတယ်။

- အနာဂတ်မှာလည်း ပုံနှိပ်ထုတ်ဝေလုပ်ငန်းများက အခုထက်ပိုပြီး ဖွံ့ဖြိုးလာဦးမှာ ဖြစ်ပါတယ်။ အဲဒီပုံနှိပ်ထုတ်ဝေလုပ်ငန်းများကနေ ဘာသာရေး၊ လူမျိုးရေး ထိခိုက်စော်ကားတဲ့စာစောင်တွေ၊ ညစ်ညမ်းစာတွေ၊ အကြမ်းဖက်မှု ဖြစ်အောင့် လှုံ့ဆော်တဲ့စာတွေ ၊ ရာဇ၀တ်မှုကို အားပေးတဲ့စာတွေ ပေါ်ထွက်မလာအောင်၊ ထွက်လာရင်လည်း တားမြစ်နိုင်အောင် လုပ်ဆောင်ဖို့ လိုပါတယ်။ အဲဒိလိုလုပ်ဖို့ လိုမလိုဆိုတာ လက်ရှိ အခြေအနေနဲ့ ယှဉ်ကြည့်လိုက်ရင် သိနိုင်ပါတယ်။

- အဲဒီလို တားဖို့အတွက်လက်ရှိအခြေအနေမှာ ၁၉၆၂ ခုနှစ် ပုံနှိပ်သူများနဲ့ ထုတ်ဝေသူများမှတ်ပုံတင်ဥပဒေပဲရှိပါတယ်။ ဒါပေမယ့် အဲဒီဥပဒေဟာ ခေတ်စနစ်နဲ့ ကိုက်ညီမှုမရှိတဲ့အတွက် နိုင်ငံတကာစံနှုန်းများနဲ့ ကိုက်ညီတဲ့ ဥပဒေတစ်ရပ် ရေးဆွဲပြီး ၁၉၆၂ ဥပဒေကို ဖျက်သိမ်းအစားထိုးဖို့ လိုပါတယ်။ အဲဒါဟာ ဥပဒေကြမ်းရေးဆွဲရတဲ့အခြေခံအချက်ပါပဲ။ ကမ္ဘာ့အကြီးဆုံးဒီမိုကရေစီနိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံမှာလည်း ၂၀၁၁ ခုနှစ်မှာ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းလုပ်ငန်းမှတ်ပုံတင် ဥပဒေသစ်တစ်ခုကို ပြဋ္ဌာန်းခဲ့တာတွေ့ရပါတယ်။

- ဒါ့ကြောင့် ပြည်သူ့လွှတ်တော်က အတည်ပြုထားတဲ့ ဥပဒေကြမ်းမှာ ပုံနှိပ်ထုတ်ဝေသူများ အနေနဲ့ အဲဒီအချက်လေးချက်ကိုမလုပ်ဖို့ပဲ တာဝန်ခံခိုင်းတာဖြစ်ပါတယ်။ အဓိပ္ပါယ်ကျယ်ပြန့်လွန်းတဲ့ အခြေခံဥပဒေနဲ့ တည်ဆဲဥပဒေများက ပြဋ္ဌာန်းချက်များကို ဆန့်ကျင်ရာရောက်သည့် အရေးအသား၊ စာများကို ထုတ်ဝေခြင်းမလုပ်ရဘူးဆိုတဲ့ ကန့်သတ်ချက်ကို ပယ်ဖျက်ခဲ့ပါတယ်။
အစိုးရကို အကြည်ညိုပျက်အောင်မရေးရဘူး၊ အခြေခံဥပဒေကို မဝေဖန်ရဘူး ၊ မဏ္ဍိုင်သုံးရပ်ကို မဝေဖန်ရဘူးဆိုတဲ့ အချက်တွေလုံးဝမပါပါဘူး။

- လူ့အခွင့်အရေးကြေညာစာတမ်းအပိုဒ် ၂၉ အပိုဒ်ခွဲ (၂) မှာ လူတိုင်းဟာ မိမိရဲ့ လွတ်လပ်ခွင့်ကို ကျင့်သုံးတဲ့အခါ အခြားသူများရဲ့ အခွင့်အရေးကို မထိခိုက်ဖို့ လိုအပ်ကြောင်းနဲ့ အများပြည်သူ ကိုယ်ကျင့်တရား၊ ရပ်ရွာ အေးချမ်းသာယာရေးတို့ကို ကာကွယ်ဖို့ အတွက် ပြဋ္ဌာန်းထားချက်များကိုလည်း လိုက်နာဖို့ လိုအပ်ကြောင်း အတိအလင်း ဖော်ပြထားပါတယ်။

- နောက်ပြီး နိုင်ငံသားအခွင့်အရေးနဲ့ နိုင်ငံရေးအခွင့်အရေးများကို ကာကွယ်ဖို့ ပြဋ္ဌာန်းထားတဲ့ International Covenant on Civil and Political Rights , ICCPR ပုဒ်မ ၁၉ အပိုဒ်ခွဲ ၃ မှာ နိုင်ငံသားတစ်ဦးအနေနဲ့ လွတ်လပ်မှုနဲ့ တာဝန်သိမှုကို ယှဉ်တွဲကျင့်သုံး ရန် လိုအပ်ကြောင်း၊ အဲဒီလို ကျင့်သုံးနိုင်ဖို့အတွက် အများပြည်သူအကျိုးငှာ ကန့်သတ်တားမြစ်မှုတွေလုပ်နိုင်ကြောင်း ဖော်ပြထားပါတယ်။

- ဒါ့ကြောင့် ဥပဒေကြမ်းပါ ကန့်သတ်ချက်လေးခုဟာ နိုင်ငံတကာလူ့အခွင့်အရေး စံနှုန်းများအရလည်း ဥပဒေနဲ့ အညီ ကန့်သတ်ခွင့်ရှိတဲ့အချက်များဖြစ်ကြောင်း တွေ့နိုင် ပါတယ်။

- ဂုဏ်သိက္ခာရှိတဲ့ စာနယ်ဇင်းတွေဟာလည်း ဘာသာရေး၊ လူမျိုးရေး ထိခိုက်စော်ကားတဲ့စာတွေ၊ ညစ်ညမ်းစာတွေ၊ အကြမ်းဖက်မှု ဖြစ်အောင့် လှုံ့ဆော်တဲ့စာတွေ ၊ ရာဇ၀တ်မှုကို အားပေးတဲ့ စာတွေကို ရေးမှာမဟုတ်တဲ့ အတွက် အထက်ပါ ကန့်သတ်ချက်လေးခုဟာ စာနယ်ဇင်းလွတ်လပ်ခွင့်ကို ထိခိုက်စေမှာ မဟုတ်ဘူးလို့ပဲ ယုံကြည်ပါတယ်။

- ဒါ့အပြင် ဥပဒေကြမ်းမှာ ပုဒ်မ ၂၇ အဖြစ်နဲ့ ဒီဥပဒေမှာပါတဲ့ ပြဋ္ဌာန်းချက်များကို နိုင်ငံသားများရဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်ဖို့ အတွက်အသုံးမပြုရဘူးလို့ လွှတ်တော်က ထပ်မံဖြည့်စွက်ခဲ့တာကိုကြည့်ရင် ဒီဥပဒေကြမ်းဟာ ပုံနှိပ်ထုတ်ဝေလုပ်ငန်းများကို မှန်မှန်ကန်ကန် ဖွံ့ဖြိုးတိုးတက်စေဖို့အတွက်သာ ရည်ရွယ်ထားတယ်၊ စာနယ်ဇင်းလွတ်လပ်ခွင့်အပါအ၀င် နိုင်ငံသားများရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်ဖို့ရည်ရွယ်တာမဟုတ်ဘူးလို့ အခိုင်အမာပြောနိုင် ပါတယ်။

- စကားမစပ်ပြောရရင် အယ်ဒီတာတစ်ယောက်က သူ့သတင်းဆောင်းပါးတစ်ခုမှာ ၀န်ကြီးဦးအောင်ကြည်နဲ့ ကျွန်တော်ရော ရာထူးကအနားယူပြီးစာရေးတဲ့အခါ ဒီဥပဒေကြမ်းအပေါ် ဘယ်လိုသဘောထားမလဲလို့ မေးခွန်းထုတ်ခဲ့ပါတယ်။ ၀န်ကြီးရော၊ ကျွန်တော်ရောဟာ အခုရော၊ နောင်ရော ဘာသာရေး၊ လူမျိုးရေး ထိခိုက်စော်ကားတဲ့စာတွေ၊ ညစ်ညမ်းစာတွေ၊ အကြမ်းဖက်မှု ဖြစ်အောင့် လှုံ့ဆော်တဲ့စာတွေ ၊ ရာဇ၀တ်မှုကို အားပေးတဲ့စာမျိုးကို ရေးမှာမဟုတ်တဲ့အတွက် ဒီဥပဒေအပေါ် ဘာမှ စိုးရိမ်မှုမရှိဘူးလို့ပဲဆိုချင်ပါတယ်။

Viewing all articles
Browse latest Browse all 5236

Trending Articles