Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ကျန်တပ်မတော်သား ...

$
0
0

ပြီးခဲ့တဲ့လထုတ် မဂ္ဂဇင်းတစ်စောင်မှာပါ
ကျနော်ရေးတဲ့စာကို မှားတယ်ထင်ပြီး ပြင်တာကို ခံလိုက်ရတာလေးနဲ့ ပတ်သက်လို့ ဆက်စပ်တွေးမိတာလေးတွေ ပြောပြချင်လို့ပါ…
အယ်ဒီတာက ပြင်တာလား၊ စာစီစာရိုက်လုပ်သူကပဲ ပြင်တာလား ဆိုတာကိုတော့ မသိပါ
ကျနော်ရေးတာက ဒီလိုပါ...

ဇာတ်ထဲမှာ ရာဇဝတ်သားကို မင်းချင်းစစ်သားတွေက လိုက်ဖမ်းနေတဲ့အခန်းကို ရေးတာ
ကျနော်က….
'တပ်တော်ပါဗိုလ်ထုနဲ့ လူစုပြီးလိုက်တယ်'... လို့ ရေးတာကို ဘာအောက်မေ့တယ် မသိဘူး 'မ' တစ်လုံးတိုးထည့်လိုက်ကြတယ်။

နောက်တစ်နေရာမှာလည်း ကျနော်က...
'တပ်တော်ဗိုလ်'... လို့ ရေးတာကို 'မ' တစ်လုံးထပ်ထည့်ပြန်တယ်

အဲဒီတော့ ဘယ်လို ဖြစ်သွားလဲဆိုတော့...
'တပ်မတော်ပါဗိုလ်ထုနဲ့ လူစုပြီးလိုက်တယ်'
'တပ်မတော်ဗိုလ်'.... အဲလိုမျိုးတွေ ဖြစ်ကုန်ရော

ကျနော်ရေးတာက ရှေးခေတ်က အကြောင်းပါ
ရှေးဘုရင်တွေခေတ်အခေါ် 'တပ်တော်' လို့ဘဲ သုံးချင်တာပါ။ 'တပ်မတော်' လို့ မသုံးချင်ဘူး
ဒါကို စာလုံးကျနေတယ်ထင်ပြီး ဖြည့်စွက်ပေးလိုက်ကြတယ်

အဆိုတော်ကြီး ပြည်လှဖေ ကွယ်လွန်သွားတာ ကံကောင်းတာပေါ့
နို့မို့ သူ့ခမျာ 'နတ်ရှင်နောင်သီချင်း' ဆိုတဲ့အခါ...
♫ တပ်တော်ဦးဆီ မျှော်လိုက်ပြန်တော့ ရဲတံခွန်တွေ ♫ ...
လို့ မဆိုရပဲ
♫ တပ်မတော်ဦးဆီ မျှော်လိုက်ပြန်တော့ ရဲတံခွန်တွေ ♫…လို့ ဆိုနေရမယ်၊
ခက်ဘူးလားဗျာ

ခုခေတ် facebook ပေါ်လာတော့ တစ်ချို့လူတွေက ညစ်ညစ်ညမ်းညမ်း ဆဲကြဆိုကြနဲ့၊ ဖတ်ရတာ ရင့်သီးလွန်းလို့ လန့်တောင်လန့်တယ်….

facebook အသုံးပြုသူ သန်းပေါင်းများစွာကို စောင့်ကြည့်ပြီး တည်းဖြတ်ပေးဖို့ရာလည်း ဖြစ်မှမဖြစ်နိုင်တာကိုး

ကျနော် အမြဲဝင်ရေးဖြစ်နေတဲ့ web site တစ်ခု ရှိပါတယ်
mmcybermedia တဲ့၊ အဖွဲ့ဝင် တစ်သောင်းကျော် နှစ်သောင်းလောက်ရှိမယ်

ဒီလောက် များပြားလှတဲ့ အဖွဲ့ဝင်တွေ ရေးတဲ့စာကို စောင့်ကြည့်တည်းဖြတ်နေဖို့ မဖြစ်နိုင်တော့ Admin တွေက Auto Correction ကို ထည့်ထားလိုက်တယ်
ညစ်ညမ်းတဲ့ စကားလုံးတွေကိုရိုက်ရင်  Auto Correction က အလိုအလျောက် ပြင်ပစ်လိုက်တယ်

ငါးခြောက်တောင် ချက်လို့ရတယ်၊ ကြော်လို့ရတယ်၊ ဖုတ်လို့ မရဘူး။
'ငါးခြောက်ချက်' လို့ ရိုက်၊ အိုကေတယ်။ 'ငါးခြောက်ကြော်' လို့ ရိုက်၊ အိုကေတယ်။
'ငါးခြောက်ဖုတ်' လို့ ရိုက်၊ မရဘူး၊ ‘ဖုတ်’ ပါတာကိုး
'ဖုတ်' လို့ ရိုက်လိုက်တာနဲ့ အော်တိုမတစ် '-ုတ်' ဖြစ်သွားတော့တာ

တခြားစကားလုံးတွေလည်း ရှိသေးတယ်၊ ရေးပြလို့မကောင်းလို့ သိပ်မရိုင်းတာလေးတွေပဲ ဥပမာပြောပြချင်ပါတယ်...
mmcybermedia ထဲမှာ Member တွေက တပ်မတော်သားတွေလည်း ပါနေတယ်။

ဒီတော့ စာရေးတဲ့အခါ 'စစ်သား' လို့ ရေးတာကို ရင့်သီးတယ်လို့ သူတို့က ကွန်ပလိန်းတက်တာနဲ့
Auto correction က 'စစ်သား' လို့ ရိုက်တိုင်း 'တပ်မတော်သား' လို့ ပြင်ထည့်လိုက်တယ်။

အဲ... အဲဒီတော့
ပုဂံရာဇဝင်လို အကြောင်းလည်း ရေးရော ပြဿနာတက်တော့တာဘဲဗျို့...

'ကျန်စစ်သား' လေ၊ ဘယ်လိုမှ 'ကျန်စစ်သား' လို့ မရဘူး၊ 'ကျန်စစ်သား' လို့ ရိုက်လိုက်တိုင်း 'ကျန်တပ်မတော်သား' ချည့် ဖြစ်နေတော့တာ....

ပုဂံခေတ်က စစ်သည်တော် လေးသိန်းအားနဲ့ညီတဲ့ သူရဲကောင်းလေးယောက်နာမည်လည်း mmcybermedia ထဲရောက်မှ....
1. ညောင်ဦးဖီး
2. ငလုံးလက်ဖယ်
3. ငထွေရူး  နဲ့
4. ကျန်တပ်မတော်သား...
. ဖြစ်ရော

နောက်တစ်ခုရှိပါသေးတယ်...
mmcybermedia မှာ ရိုင်းမှာစိုးလို့ ပြင်ထားတဲ့ စကားလုံးတွေ မိုလို့ သူတို့အကြောင်းပြောတော့ နည်းနည်းရိုင်းနေရင် ခွင့်လွှတ်ပါ
အဲဒီထဲမှာ 'ဖင်' ဆိုတဲ့ စကားလုံးလည်း ရိုက်မရဘူး၊
'ဖင်' လို့ ရိုက်လိုက်တာနဲ့ Auto correction က 'စအို' လို့ ပြင်လိုက်တယ်...

“ဒယ်အိုးဖင်ကို မီးပြင်းတိုက်ပါ”… လို့ ချက်နည်းပြုတ်နည်း အခန်းမှာ တစ်ယောက်ကရေးတယ်
ဒါကို Auto correction က ပြင်ထည့်လိုက်တယ်
“ဒယ်အိုးစအိုကို မီးပြင်းတိုက်ပါ”… တဲ့

သူ့ချက်နည်းပြုတ်နည်းကို အဟုတ်မှတ်လို့ လိုက်ချက်တဲ့လူ အဲဒီနေရာကျရင် ဘာဆက်လုပ်ရမှန်းကို သိမှာမဟုတ်တော့ဘူး

နောက်တခါ... သိပ္ပံပညာရှင် Stephen Hawking အကြောင်း ရေးပြန်တော့လည်း ပြဿနာရှိနေပြန်ရော...
ဘယ်လိုမှ 'စတီဖင်ဟော့ကင်း' လို့ ရိုက်မရဘူး၊ 'စတီစအို ဟော့ကင်း' ချည့် ဖြစ်နေတော့တာရယ်...

ဟိုကသိရင် သူ့နာမည်ဖျက်ရပ့ါမလားဆိုပြီး ထကန်ချင် ကန်နေမှာ၊ ခြေမသန်တာ ကံကောင်းတယ် မှတ်ရမယ်

ဒီတော့ဗျာ...
စာရေးသူတွေက တခါတလေ သူ့ဖီလင်နဲ့သူရေးတာကို တည်းဖြတ်သူများက ကိုယ့်အထင်အမြင် အယူအဆတွေနဲ့ ပြင်ထည့်လိုက်တော့ လိုရင်းလေးတွေ ပျောက်ကြရတာပေါ့
ကဗျာမှာဆို အဲလို အပြင်ခံရရင် ပိုဆိုးမယ် ထင်ရဲ့
သူက စကားလုံး sensitive ပိုဖြစ်တာကိုးဗျ... နော်

(သန်၎ကို၊ ပေါက်ကရရေးသည်)



.


Viewing all articles
Browse latest Browse all 5236

Trending Articles