မလေးရှားရောက် မြန်မာတချို့ ရိုက်နှက်ခံရတယ်၊ အသေအပျောက်ရှိတယ် ဆိုပြီး အွန်လိုင်းမှာ တွေ့ရတာတွေဟာ သတင်းအမှားတွေဖြစ်တယ်လို့ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က သူ့ Facebook ကနေ ပြောလိုက်ပါပြီ။
အွန်လိုင်းပေါ်က သတင်းများကို အလွယ်တကူ မယုံကြဖို့လည်း သူက တိုက်တွန်းလိုက်ပါတယ်။
ခုလေးတင် ပေါ်ပေါက်လာတဲ့ သူ့ရဲ့ သတင်းထုတ်ပြန်ချက်ကို Facebook မှာ လက်ဆင့်ကမ်း ဖြန့်ဝေသူပေါင်း ပြီးခဲ့တဲ့ နာရီဝက်အတွင်းမှာလေးရာကျော်ရှိတာ တွေ့ရပါတယ်။
ဒုဝန်ကြီး ဦးရဲထွဋ်က သမ္မတရဲ့ ပြောခွင့်ရအရာရှိလည်း ဖြစ်ပါတယ်။
မလေးရှားရောက်မြန်မာများနဲ့ ပတ်သက်ပြီး ရေးသားတာတွေနဲ့ ပတ်သက်တဲ့ သူ့သတင်းထုတ်ပြန်ချက် အပြည့်အစုံက ဒီလိုပါ ...

မလေးရှားနိုင်ငံ ကမ်ပွန်း( KamPung )ရှိ မြန်မာဘုန်းတော်ကြီးကျောင်း အနီးမှာ ရိုက်ပွဲဖြစ်တယ်၊ ဆလာရန်းမှာ ရိုက်ပွဲဖြစ်တယ်၊ မြန်မာတွေသေတယ်ဆိုတဲ့ သတင်းတွေ အင်တာနက်ပေါ်မှာ တွေ့နေရပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဌာနက တဆင့် မလေးရှားမှာ ရှိတဲ့ မြန်မာသံရုံးကို ညနေ ငါးနာရီကျော်ကတစ်ကြိမ်၊ အခု ည ၈နာရီကျော်က တစ်ကြိမ်၊ အဲဒီသတင်းတွေနဲ့ ပတ်သက်ပြီး စုံစမ်းမေးမြန်းခဲ့ပါတယ်။
သံအမတ်ကြီးက အဲဒီဖြစ်စဉ်တွေမှန်ကန်မှု မရှိကြောင်း၊ မြန်မာဘုန်းတော်ကြီးကျောင်းက ဆရာတော်နဲ့လည်း ညနေက စပြီး အဆက်အသွယ်မပြတ်ရရှိနေကြောင်း၊ ဆရာတော်က အဲဒီလို တိုက်ခိုက်မှုများမရှိကြောင်းပြောတယ်လို့ အကြောင်းပြန်ပါတယ်။
အင်တာနက်ပေါ်က သတင်းများကို အလွယ်တကူမယုံကြည်ကြပါနဲ့။
မလေးရှားအပါအ၀င် နိုင်ငံတကာမှာရှိနေတဲ့ မြန်မာသံရုံးများကလည်း မြန်မာနိုင်ငံသားများကို ကာကွယ်ကူညီစောင့်ရှောက်ဖို့ အသင့်ရှိပါတယ်။