Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

နတ်ရေကန်ကနေ လမ်းခင်းကျောက် ထုတ်ယူခြင်း

$
0
0

မကွေးတိုင်း၊  ငဖဲမြို့နယ် နတ်ရေကန်တောင်မှာ လမ်းခင်းကျောက်ရဖို့ မိုင်းခွဲနေတာတွေဟာ ဒေသရဲ့ရေအရင်းအမြစ်တွေကို ထိခိုက်နိုင်တယ် ဆိုပြီး ဒေသခံ(၃၀)ကျော်က ကျောက်မိုင်းခွဲတဲ့ နေရာတွေကို  တနင်္လာနေ့မှာ သွားရောက်ပြီး လုပ်ငန်း ရပ်တန့်ဖို့တောင်းဆိုခဲ့ပါတယ်။

နတ်ရေကန်တောင်ဟာ ဒေသခံတွေအတွက် ဘာကြောင့် အရေးပါတယ်၊  ကျောက်မိုင်းခွဲနေတာကို ဘာကြောင့် တားမြစ်ရတယ်၊ မိုင်းခွဲလို့ ဘာတွေ ဖြစ်နေတယ် ဆိုတာနဲ့ ပတ်သက်ပြီး ဂုတ်ကြီးကျေးရွာဒေသခံ ကိုသိန်းမောင်က အခုလိုပြော ပါတယ်။ 

“နတ်ရေကန်တောင်ကနေရတဲ့ရေကို ဂုတ်ကြီးကျေးရွာတစ်ခုလုံး သောက်သုံး နေရတာပါ၊ ကျန်တဲ့ ကျေးရွာတွေက သုံးရေအဖြစ်နဲ့ သုံးစွဲလို့ရနေတယ်။
ကျောက်တုံးတွေကြားထဲကနေ ထွက်တဲ့ ရေထွက်ပေါက်တွေကနေ ပိုက်တွေနဲ့ တဆင့်ချင်းခံပြီး ရေတွေကို အသုံးပြုနေခဲ့ကြတာ၊ ကျွန်တော်တို့က ရေထွက်ပေါက်လို့ ခေါ်တယ်။
အခု ကျောက်မိုင်းတွေခွဲနေတာကြောင့် ရေထွက်ပေါက်တွေ ပိတ်ကုန်တာ၊ ရေထွက်ပေါက်တွေ ပြောင်းလဲကုန်တာတို့ ဖြစ်လာမှာကို ဒေသခံတွေအားလုံး စိုးရိမ်နေကြတယ်၊  
ရေတွေကိုအမှီ ပြုပြီး အလုပ် လုပ်နေတဲ့လယ်သမားတွေရဲ့လယ်ဧက ၁၀၀ ကျော်လည်း ထိခိုက်နိုင်တယ်”

၁၉၉၅/၁၉၉၆ခုနှစ် ၀န်းကျင် ကတည်းက လမ်းခင်းဖို့အတွက် အနောက်ရိုးမမှာ ၅,၂၀၈ ပေ မြင့်တဲ့ နတ်ရေကန်တောင်ဒေသမှာ ကျောက်တုံးကြီးတွေကို မိုင်းခွဲ ထုတ်ယူခဲ့ကြတာပါ တဲ့။
ပြီးခဲ့တဲ့နှစ်က စပြီး စစ်တွေ-ရန်ကုန် အမြန်လမ်းမကြီးပြုပြင်ရေးမှာ သုံးစွဲဖို့ ကျောက်မိုင်းခွဲ ထုတ်လုပ်ခဲ့တာလို့ သိရပါတယ်။

“ဒီလိုကျောက်မိုင်းခွဲတာတွေကြောင့် ပတ်ဝန်းကျင် တခုလုံးက တုန်ခါနေတယ်။ ဒါကြောင့် နတ်ရေကန်တောင်က ရေထွက်ပေါက်တွေ ပြောင်းလဲသွားနိုင်တယ်။
ဒီလိုကျောက်မိုင်းခွဲတာမျိုးကို သတ္တုတွင်းဝန်ကြီးဌာနကနေ ခွင့်ပြုချက်ယူရပါတယ်။ တကယ်လို့ ခွင့်ပြုပြီးသားနေရာတွေမှာ လူမှုဘ၀နဲ့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်လို့ ဒေသခံလူထုကတောင်းဆိုမယ်ဆိုရင် ဒါတွေကို ရပ်ပစ်လို့ ရနိုင်ပါတယ်” လို့ Irrawaddy Watch Development Organization(IWDO)အဖွဲ့မှ ကိုသန့်စင်က ပြောပါတယ်။

ဒေသခံတွေရဲ့တောင်းဆိုမှုကြောင့် မြို့နယ် နဲ့ ခရိုင်အဆင့် အာဏာပိုင်တွေက ကျောက်ထုတ်လုပ်ရေးအဖွဲ့တွေ နတ်ရေကန်ကနေ ရက်ပိုင်းအတွင်း ထွက်ခွာဖို့
ညွှန်ကြားထားပါတယ် တဲ့။

နောက်ဆုံးထားပြီး ဖယ်ရှားပေးရမယ့်ရက်က မနက်ဖြန်  မေ ၅ ရက်နေ့ ဖြစ်ပါတယ်။

ဒေသခံတွေ တောင်းဆိုချက်ကို ယာယီ လိုက်လျောတာလား၊ လုံးဝ လိုက်လျောတာလား ဆိုတာကိုတော့ ဒေသခံတွေက စောင့်ကြည့်နေကြပါတယ်။

ရွက်စိမ်း  ~



.





Viewing all articles
Browse latest Browse all 5236

Trending Articles