Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

မော်လမြိုင်ကုန်သည်များ အချိန်ကို ၀ယ်ယူနိုင်တော့မည်

$
0
0

ငွေဖြင့် ၀ယ်ယူ၍မရနိုင်သောအရာများထဲတွင် အချိန်လည်း ပါဝင်သည်။
သို့သော်လည်း မော်လမြိုင်ကုန်သည်များ အချိန်ကို ၀ယ်ယူနိုင်တော့မည့် အခြေအနေတခုကို တွေ့နေရသည်။

ထိုင်းပုဂ္ဂလိကလေကြောင်းလိုင်း NOK AIR က  ၁၈ မိနစ်ကြာမည့် မဲဆောက်-မော်လမြိုင်လေကြောင်းခရီးစဉ်ကို လာမည့်ဇူလိုင်တွင် စတင် ပြေးဆွဲမည်ဟု သိရသည်။

မြန်မာကုန်သည်တယောက် ဖြစ်သည့် ဦးအောင်ဝင်းက “လေယာဉ်ဆွဲလို့ကတော့ အများဆုံးစီးမှာက မော်လမြိုင်က ကုန်သည်တွေပဲ။
 ၁၈ မိနစ်ပဲ ကြာတယ်ဆိုတော့ အင်္ကျီ မီးပူခေါက်တောင် မပျက်ဘူး။
တနေကုန်သွားရတဲ့ တောင်ပေါ်လမ်းကို ကုန်သည်တွေ ဘယ်သွားတော့မှာလဲ။ အချိန်ကတန်ဘိုးရှိတယ်” ဟု ပြောသည်။

“မော်လမြိုင်ကနေ မဲဆောက်ကို သွားနေကြတဲ့ ကုန်သည်အရေအတွက်က တနေ့ ၁၀၀ ကျော် ရှိတယ်” ဟု သူက ဆက်ပြောသည်။

မော်လမြိုင်သူ မော်လမြိုင်သားများသည် ကားလမ်းအသုံးပြုပါက သထုံ၊ ဘားအံ၊ ကော့ကရိတ်မြို့များ နှင့် ဒေါနတောင်ကို ဖြတ်ပြီးမှ မြဝတီ မဲဆောက်ဒေသသို့ ရောက်ရှိနိုင်သည်။ (မြေပုံ - ဂူဂဲလ်)
မြန်မာလေကြောင်းညွှန်ကြားမှုဦးစီးဌာနကထုတ်ပေးမည့် လေယာဉ်ပျံသန်းခွင့်လက်မှတ်ကို လာမည့်ဇူလိုင်လခန့်တွင် ရရှိနိုင်မည်ဟု  NOK AIR လေကြောင်းလိုင်းက ခန့်မှန်းထားသည်။

၎င်းလေကြောင်းလိုင်းမှ ၀န်ထမ်းတဦးက “လာမဲ့ဇူလိုင်လလောက်မှာ စတင်ပြေးမှာဖြစ်တယ်။ လေယာဉ်လက်မှတ်ခနဲ့ပတ်သက်ပြီး ကုမ္ပဏီက ကျမတို့ဆီကို ဘာမှ အကြောင်းကြားလာတာ မရှိသေးပါဘူး။ မကြာခင် ဒီခရီးစဉ် စတင်မှာကတော့ သေချာပါတယ်” ဟု ပြောသည်။

NOK AIR က မော်လမြိုင်သို့ နှစ်ကြိမ် စမ်းသပ်ပြေးဆွဲခဲ့ပြီးဖြစ်သည်။

ဤလေကြောင်းခရီးစဉ် ပေါ်ပေါက်လာပါက ထိုင်းနိုင်ငံသား ခရီးသွားများသည်  မွန်ပြည်နယ်အတွင်းရှိ တန်ခိုးကြီးဘုရားများ၊ ပင်လယ်ကမ်းခြေနှင့် အခြားအထင်ကရနေရာများသို့ သွားရောက်လည်ပတ်နိုင်မည်။

နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသည့် ထိုင်းနှင့်မြန်မာနိုင်ငံသားများအပြင်၊ ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများလည်း ဤလမ်းကြောင်းမှ သွားလာနိုင်မည်ဟု သိရသည်။

ခရီးစဉ်အတွက်  ခရီးသည် ၃၄ ဦး တင်ဆောင်နိုင်သည့် ဆွီဒင်နိုင်ငံထုတ်  Saab-၃၄၀ အမျိုးအစားလေယာဉ်ဖြင့် စတင်ပြေးဆွဲမည်ဟု သိရသည်။

NOK AIR သည် မြန်မာနိုင်ငံအတွင်း မြို့တချို့သို့ ပြေးဆွဲနိုင်ရန်အတွက်လည်း လေ့လာနေကြောင်း သိရသည်။

ဘတ်ဂျက်လေကြောင်းလိုင်း ဖြစ်သောကြောင့် လက်မှတ်ခ သက်သာသည့် NOK AIR သည် မဲဆောက်-ဘန်ကောက်ခရီးစဉ်ကို အသွားအပြန် တနေ့ လေးကြိမ်၊  မဲဆောက်-ချင်းမိုင်ခရီးစဉ်ကို အသွားအပြန် တနေ့ တကြိမ် ပြေးဆွဲနေသည်ကို တွေ့ရသည်။

ယမန်နေ့မွန်းလွဲပိုင်းကမဲဆောက်လေဆိပ်၌တွေ့ရသော ဘန်ကောက်၊ ချင်းမိုင်မြို့များသို့ ပြေးနေသည့် လေယာဉ်များ  (ဓာတ်ပုံ - ပြည်တော်မြင့်/ဧရာဝတီ)


.


Viewing all articles
Browse latest Browse all 5236

Trending Articles