Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ပြည်မြို့ထဲက သင်္ချိုင်းဟောင်းကို ဘာလုပ်ကြမှာလဲ

$
0
0

ဓာတ်ပုံများ- ကောင်းမြတ်မင်း/ The Irrawaddy

၁၉၉၆-၁၉၉၇ ခုနှစ်ကစတင်ပြီး မီးသဂြိုလ်ခြင်း၊ မြေမြှပ်ခြင်းတွေကို ပိတ်ပင်ထားတဲ့ ပြည်မြို့ထဲက ကန်သာဦးသုဿာန်အဟောင်းမြေနေရာမှာ ပြည်ခရိုင်နဲ့ ပြည်မြို့နယ်ထဲက ရုံးခန်းသီးသန့်မရှိသေးတဲ့ ဌာနဆိုင်ရာ ၉ ခု အတွက် မြေကွက်တွေ စီစဉ်ပေးနေပါတယ်။

ယခင်သချိင်္ုင်းဟောင်းဖြစ်တဲ့အတွက် အုတ်ဂူတွေနဲ့ ချုံနွယ်ပိတ်ပေါင်းတွေကို မြေညှိရှင်းလင်းမှုတွေပြုလုပ်နေပြီး ပေ ၄၀ ပေ ၆၀ မြေကွက် (၃၀) ခန့်ရှိမယ်လို့ သိရပါတယ်။

ဒီ စီမံချက်ကို တိုင်းဒေသကြီးအစိုးရရဲ့ လမ်းညွန်ချက်နဲ့ ပြုလုပ်ခဲ့တာဖြစ်ပြီး၊ သုသာန်ပယ်ဖျက်မြေဖြစ်တဲ့အတွက် အစိုးရရဲ့ စီမံခန့်ခွဲပိုင်ခွင့်နဲ့ ပြုလုပ်တာဖြစ်တယ်လို့ ပြည်မြို့နယ် ကြေးတိုင်နဲ့ မြေစာရင်ဦးစီးဌာနက ဒုဦးစီးမှူး ဦးကြည်ဝင်းက ဧရာဝတီကို ပြောပါတယ်။



“ရုံးခန်းသီးသန့်မရှိသေးတဲ့ ဌာနဆိုင်ရာ ၉ ခုအတွက်ပါ။ ဌာနတွေက စီမံကိန်း၊ စည်ပင်၊ မူးယစ်၊ ယာဉ်ထိန်းရဲ၊ လူကယ်ပြန် (လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး) တွေပါမယ်။ မူလမြေ အကျယ်အဝန်းက ၃.၂၇ ဧက၊ အခုရှိတာက ၂.၄၅ ဧကပါ။ နောက်မှပြန်တိုင်းပြီး ကျူးကျော်နေတဲ့ သူတွေကိုလဲ ဥပဒေအတိုင်း ဖယ်ရှားခိုင်းမှာပါ။” လို့ ဦးကြည်ဝင်းက ပြောပါတယ်။

အုတ်ဂူအဟောင်းတွေ၊ ချုံနွယ်ပိတ်ပေါင်းတွေကို သက်ဆိုင်ရာက စက်ယန္တရားတွေနဲ့ ရှင်းလင်းချိန်မှာလည်း အဲဒီအနီးတဝိုက် နေထိုင်သူတွေနဲ့ အစစအရာရာ အဆင်ပြေပြီး တစုံတရာ ပြဿနာမရှိခဲ့ပေမယ့်၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတွေက ပိုနေတဲ့မြေနေရာတချို့ကို ခြံခတ်ယူဖို့ ကြိုးစားခဲ့တဲ့အပေါ် အဲဒီ အနီးတဝိုက် နေထိုင်သူတွေရဲ့ ကန့်ကွက်မှုကြောင့် မြေစာရင်းက တာဝန်ရှိသူတွေ တားမြစ်ခဲ့ရတယ်လို့ ပြောပါတယ်။


“မြေညှိရင်း အဖျားတွေမှာ နည်းနည်းပိုတာကို ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးက ခြံခတ်ယူဖို့လုပ်တော့  ဒီနားက လူတွေက သူတို့ယူလို့ရရင် ငါတို့လည်းယူမယ်ဆိုပြီး လုပ်လာလို့ မြေစာရင်းက လူကြီးတွေ တားထားပါတယ်။ ဘယ်သူမှ ယူလို့မရပါဘူး။ ” လို့ တာဝန်ရှိသူတဦးက ပြောပါတယ်။

အရင်ကတော့ ကန်သာဦးသုဿာန်ဟာ ပြည်မြို့ရဲ့ မြို့ပြင် အစွန်အဖျားမှာ တည်ရှိခဲ့တာဖြစ်ပေမယ့် ဆယ်စုနှစ်ပေါင်းများစွာ ကြာလာတာနဲ့အမျှ အဲဒီအနီးတဝိုက်ဟာ လူနေမှုထူထပ်လာပြီး လူစည်ကားလာတာပါ။ ဒီလို မြို့ဧရိယာကျယ်ပျံ့လာတာကြောင့် ပြည်မြို့တွင်းဖြစ်လာတဲ့အတွက် သုဿာန်အဖြစ် ပယ်ဖျက်ခဲ့ပြီးနောက် နှစ် ၂၀ နီးပါးအကြာမှ အခုလို အစိုးရဌာနဆိုင်ရာ ရုံးခန်းများအတွက် စီမံကိန်းနယ်မြေအဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ပါတယ်။



ကောင်းမြတ်မင်း

Viewing all articles
Browse latest Browse all 5236

Trending Articles