Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ရှေးဟောင်းစေတီတဆူ ရောင်ခြည်တော်ကွန့်မြူးသည်ဟု ပြောဆိုနေလို့ ဖူးမျှော်သူများပြားလာ

$
0
0

ပြည်မြို့ ရွာဘဲရပ်ကွက်က ရှေးဟောင်းစေတီတော် (ဓာတ်ပုံများ - ကောင်းမြတ်မင်း/ The Irrawaddy)

ပြည်မြို့ ရွာဘဲရပ်ကွက် ဗိုလ်ချုပ်လမ်းမဘေးက ဥယျာဉ်မှူးဘုရားလို့ အမည်ရတဲ့ ပျူခေတ်မှ ရှေးဟောင်းစေတီ(ယခုပြုပြင်မွန်းမံထား)ဟာ ညဘက်တွေမှာရောင်ခြည်တော် ကွန့်မြူးတယ်ဆိုတဲ့ Facebook ပေါ်က ဓါတ်ပုံတွေကြောင့် လာရောက်ဖူးမျှော်သူတွေ များပြားလာတဲ့အတွက် ယာဉ်ကြောပိတ်ဆိုတဲ့အထိ ဖြစ်လာခဲ့လို့ ယာဉ်ထိန်းရဲနှစ်ဦးက လာရောက် လမ်းရှင်း ပေးနေရပါတယ်။

အဲဒီလို ဘုရားက ရောင်ခြည်တော်ကွန့်မြူးတာဟာ ညပိုင်းတွေမှာသာ ဖြစ်ပွားပြီး၊ ဧပြီလ ၂၇ ရက်နေ့ကစလို့  မြင်တွေ့ခဲ့ရတာဖြစ်ပြီး ၂၈ ရက်နေ့ ညမှာလည်း ထပ်မံမြင်တွေ့ခဲ့ရတယ်လို့ ဥယျာဉ်မှူးဘုရားရှေ့မှာ နေထိုင်သူ ဦးအောင်ကျော်ဝင်းက ပြောပါတယ်။

လာရောက်ဖူးမျှော်ကြသူတွေနဲ့ လမ်းတွေ ပြည့်ကျပ်နေစဉ်

“မနေ့က( တနင်္လာနေ့)က စဖြစ်တာ။ ဖုန်းကင်မရာတွေနဲ့ ရိုက်တာသိပ်မရှင်းဘူး။ ထိုင်းတွေလား တရုတ်တွေလားမသိဘူး။ ကင်မရာပြောင်းအရှည်ကြီးတွေနဲ့ ရိုက်ကြည့်တော့ တော်တော်ရှင်းရှင်းကိုမြင်ရတယ်။ ငှက်မျက်နားတော်အောက်ကနေ လင်းနေတာ။ ” လို့ ဦးအောင်ကျော်ဝင်းကပြောပါတယ်။

ပြည်မြို့ပေါ်က လာရောက်ဖူးမျှော်သူတွေကတော့ Facebook ကနေ ဓါတ်ပုံတွေကြောင့် တဆင့်သိရလို့ လာရောက် ဖူးမျှော်ကြသလို တဆင့်စကားနဲ့ လာရောက်ဖူးမျှော်ကြတဲ့လူတွေလည်းရှိသလို ခရီးသွားဟန်လွဲ လမ်းကြော ပိတ်ဆို့မှုကြောင့် စူးစမ်းလိုစိတ်နဲ့ လာရောက်ကြသူတွေလည်းရှိပါတယ်။


စူးစမ်းလိုစိတ်နဲ့ လာရောက်ခဲ့သူ ဆောက်လုပ်ရေးအင်ဂျင်နီယာ တဦးက “ကျနော် မနေ့ကတည်းက ဒီအရှေ့မှာ လာကြည့်နေတာ။ ဘုရားထီးတော်မှာ ခေါင်းလောင်းတွေ ချိတ်ထားတယ်။ အဲဒီခေါင်းလောင်းကို အသံမြည်အောင် လေတိုက်ရင် လှုပ်အောင်လုပ်ထားတဲ့ ရွှေရောင်ညောင်ရွက်လေးတွေရှိတယ်။ အဲဒီရွှေရောင် ညောင်ရွက်လေးတွေက လေးတိုက်တော့ အိမ်တွေမှာထွန်းထားတဲ့ မီးတွေက အလင်းပြန်တာလို့ပဲ ကျနော်ထင်တယ်။” လို့ သူကပြောပါတယ်။

သိပ္ပံအတတ်တွေ ထွန်းကားနေပေမယ့်လည်း တချို့ကိစ္စတွေမှာ သိပ္ပံပညာရပ်တွေနဲ့ တိုင်းတာလို့မရတဲ့ ဖြစ်စဉ်တွေဟာလည်း ကမ္ဘာပေါ်မှာ အမြောက်အများရှိနေပါတယ်။ ပြည်မြို့က ဥယျာဉ်မှူးဘုရားက ဖြစ်စဉ်တွေကတော့ ခက်ခက်ခဲခဲ အဖြေရှာဖို့ မလွယ်တဲ့ ကိစ္စတခုဖြစ်မလားဆိုတာကိုတော့ ပြောလို့မရပါဘူး။


ကောင်းမြတ်မင်း


Viewing all articles
Browse latest Browse all 5236

Trending Articles