Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

အထင်ကရများနဲ့ နှစ်သစ်ကူးစကား

$
0
0
မြန်မာနှစ်သစ်ကူးကာလမှာ  အထင်ကရတချို့ရဲ့ စကားများကို စုစည်းပေးလိုက်ပါတယ်။
ဧရာဝတီသတင်းထောက်ကျော်ခ ဆက်သွယ်မေးမြန်းထားတာ  ဖြစ်ပါတယ်။  
 


ဦးဝင်းတင်
NLD

“ဝမ်းနည်းတဲ့ကာလတွေ၊ ပူဆွေးတဲ့ ကာလတွေ၊ ဒုက္ခရောက်တဲ့ ကာလတွေ၊ ဒီလိုနှစ်ပေါင်းများစွာ ကျော်ဖြတ်ခဲ့ပြီးပြီ။
မနှစ်တုန်းကလည်း ဒုက္ခများစွာ ကြုံခဲ့တာပဲ။ ဟိုးအရင်နှစ်ပေါင်း ၅၀ ကို ပြန်ကြည့်ရင်လည်း နှစ်ပေါင်းများစွာ ဒုက္ခတွေ ကြုံခဲ့တာပဲ။
ကျနော်ကတော့ ဒီနှစ်ကူးကစပြီး ပျော်ချင်တယ်။ ရှေ့နှစ်ပေါင်းများစွာလည်း ပျော်ချင်တယ်။ ကျနော်ပျော်ချင်သလိုပဲ ကျနော်တို့ ကမ္ဘာသူကမ္ဘာသားအားလုံး၊ တိုင်းသူပြည်သားတွေ အားလုံး၊ တိုင်းရင်းသားတွေ အားလုံး ပျော်ပျော်ရွှင်ရွှင်နဲ့ စိတ်ချမ်းမြေ့စရာတွေ ဖြစ်စေချင်ပါတယ်”


ဦးသိန်းညွန့်
NNDP ပါတီ

“မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေမှာ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးများအတွက် ဆောင်ရွက်စရာ လုပ်ငန်းများ အမြောက်အများ ရှိနေပါသည်။ ဤတာဝန်များကို ထမ်းဆောင်နိုင်ရန်အတွက် အမျိုးသား ပြန်လည်သင့်မြတ်ရေး ရရှိရန်၊ ငြိမ်းချမ်းရေး၊ ညီညွတ်ရေး စိတ်ဓာတ် အားကောင်းရန် လိုအပ်ပါသည်”



ဒေါက်တာ အေးမောင်
RNDP ပါတီ

“နှစ်အဟောင်းရဲ့ အကြွေးတွေရှိတယ်၊ ဆင်ခြင်စရာ လေးတွေ ရှိတယ်၊ ပြန်လှန် သုံးသပ်စရာလေးတွေ ရှိတယ်၊ သံဝေဂယူစရာလေးတွေ ရှိတယ်၊ အဲဒါတွေ အကုန်လုံးကို ပြန်လှန် သုံးသပ်နိုင်မှပဲ။ ကျနော်တို့ ရှေ့ဆက်သွားမယ့် လမ်းအတွက် အားဖြစ်မှာပေါ့။ တကယ်လို့ မသုံးသပ်နိုင်ခဲ့ဘူး၊ မိုက်ခဲ့တာတွေကို ပြန်ပြီးယူသွားမယ် ဆိုလို့ရှိရင် နှစ်ဟောင်းရဲ့ ကျနော်တို့ အပေါ်မှာ ကမ်းပေးလိုက်တဲ့ လက်ဆောင်ကို ကျနော်တို့ အသုံး မပြုနိုင်သလို ဖြစ်သွားမှာပေါ့”


ဦးဖေမြင့်
ပြည်သူ့ခေတ်ဂျာနယ်

“ပြီးခဲ့တဲ့နှစ်ထဲ တိုင်းပြည်မှာ အဆင်မပြေတဲ့ အကြောင်းကိစ္စတွေ၊ အဖုအထစ်တွေ၊ အရုပ်ဆိုး၊ အကျည်းတန်တဲ့ ကိစ္စတွေ ပေါ်ပေါက်ခဲ့တယ်ပေါ့ဗျာ။
လာမယ့်နှစ်မှာတော့ ဒါမျိုးတွေ မဖြစ်ပေါ်စေဖို့ ဆုတောင်းပါတယ်ဗျာ။ ပြည်သူလူထု အနေနဲ့လည်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့ နှစ်သစ်ကို ဖြတ်သန်း နိုင်ကြပါစေ။ ငြိမ်းချမ်းမှု၊ သာယာမှု ဖွံ့ဖြိုးတိုးတက်တဲ့ နှစ်များနဲ့လည်း ကြုံတွေ့ကြရပါစေ”



ဒုတိယ ရဲမှူးကြီး မင်းအောင်
မြန်မာနိုင်ငံရဲတပ်ဖွဲ့

“သင်္ကြန်တွင်းမှာလည်း ဘေးအန္တရာယ်တွေ မဖြစ်အောင် ကျနော်တို့အနေနဲ့ အတတ်နိုင်ဆုံး ဒေသတိုင်းမှာ လုံခြုံရေးပိုင်းအရ ပြင်ဆင်ထားပါတယ်။ လက်ရှိအခြေအနေမှာလည်း ဖြစ်စရာ အနေအထား မရှိပါဘူး။ နှစ်သစ်ကူးလည်း အေးအေးချမ်းချမ်း ပြီးသွားပါစေလို့လည်း ဆုတောင်းပေးပါတယ်”


ဦးကျော်သူ
နာရေးကူညီမှု အသင်း

“သင်္ကြန်မှာ အရက်သေစာ သောက်စားတာ၊ မူးယစ်ရမ်းကာတာတွေ၊ ဒါတွေကို ဆင်ခြင်ဖို့ အရေးကြီးပါတယ်။ ရာသီဥတုကလည်း အတော်ပူပြင်းနေတယ်၊ သရုပ်ပျက် ယဉ်ကျေးမှုနဲ့ အရက်သေစာ သောက်စားတာ၊ မူးယစ်ဆေးဝါး သုံးစွဲတာ၊ ဒါတွေကို ဆင်ခြင်ကြဖို့ ဒါတွေကိုပဲ တိုက်တွန်းချင်ပါတယ်”



ဦးအောင်မျိုးမင်း
လူ့အခွင့်အရေး ပညာပေး ဌာန

“နှစ်သစ်ကူး အချိန်အခါသမယမှာ လူတိုင်း ဘေးရန်ကင်းကင်းနဲ့ ဖြတ်သန်းနိုင်ကြပါစေ။ လူမျိုး၊ ဘာသာ၊ လိင်ကွဲပြားမှုနဲ့ အသားအရောင်မရွေးဘဲ
ကြောက်ရွံ့ခြင်းမှ ကင်းဝေးခြင်း၊ ကြောင့်ကြခြင်းမှ ကင်းဝေးခြင်းဆိုတဲ့ ဂုဏ်သိက္ခာ အပြည့်အ၀နဲ့ နှစ်သစ်ကို ဖြတ်သန်းနိုင်ကြပါစေ။
ကျနော်တို့တိုင်းပြည်မှာ ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်တွေ၊ အာဃာတတရားကြောင့် အကြမ်းဖက်မှုစတဲ့ နေရာတွေမှာ လူကိုလူချင်းလေးစားတဲ့ လူ့အခွင့်အရေး ယဉ်ကျေးမှုတရပ်နဲ့ အမြန်ဆုံး အစားထိုး တည်ဆောက် နိုင်ကြပါစေ”


ဦးအောင်သိန်းလင်း
ကြံ့ခိုင်ရေးပါတီ

“နှစ်ဟောင်းမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကိုလည်း ထပ်မဖြစ်ပါစေနဲ့လို့ပဲ ဆုတောင်းပါတယ်ဗျာ။
နှစ်သစ်မှာလည်း ကျနော်တို့ မျှော်လင့်ထားသလို ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတနိုင်ငံဖြစ်လာဖို့ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးတွေနဲ့အတူ ခေတ်မီ၊ ဖွံ့ဖြိုး တိုးတက်တဲ့ နိုင်ငံဖြစ်လာဖို့ မျှော်လင့်ပါတယ်ဗျာ”



မတင်တင်ညို
အမျိုးသမီးများအဖွဲ့ချုပ် [မြန်မာနိုင်ငံ]

“မြန်မာသက္ကရာဇ် ၁၃၇၅ ခုနှစ်ကနေ စပြီးတော့ ကျန်နှစ်ပေါင်းများစွာ ကျမတို့ မြန်မာနိုင်ငံအတွင်းမှာ နေထိုင်ကြတဲ့ ဘေးအန္တရာယ်တွေ ကင်းဝေးပြီးတော့ စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာ၊ ဘဝမှာ လုံလုံခြုံခြုံနဲ့ အမြန်ဆုံးနေထိုင်ပြီးတော့မှ ကျမတို့နိုင်ငံ တိုးတက်ရာ တိုးတက်ကြောင်း အဖက်ဖက်ကနေ ဖွံ့ဖြိုးတိုးတက်မှုတွေ ရှိဖို့အတွက် လုပ်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်”


ဗေလုဝ
ဟာသသရုပ်ဆောင်

“ကမ္ဘာသူကမ္ဘာသားများနှင့် မြန်မာ နိုင်ငံသူ၊ နိုင်ငံသားများ၊ ငြိမ်းချမ်းသာယာခြင်း အသိနဲ့ နှစ်သစ်ကို ကူးနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်”



နန်းခင်ဇေယျာ
အလှမယ်

“နှစ်သစ်မှာ လူသားတိုင်း စိတ်၏ ကျန်းမာခြင်း၊ ကိုယ်၏ ချမ်းသာခြင်းနဲ့ ပြည့်စုံပါစေ၊ နှစ်ဟောင်းမှာ မကောင်းမှုတွေ ဖြစ်ခဲ့တာတွေ၊
ကံဆိုးမှုတွေ ရှိခဲ့တာတွေကို အတာရေနဲ့ ဆေးပြီးတော့ နှစ်သစ်မှာ အကောင်းတွေကိုပဲ ယူဆောင်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်”


အမရာဒ်ငြိမ်း
မော်ဒယ်လ်

“သင်္ကြန်မှာ ရန်တွေ မဖြစ်ကြဘဲနဲ့ ဘေးအန္တရာယ်ကင်းရှင်းပြီး နှစ်သစ်ကို ပျော်ပျော်ရွှင်ရွှင်၊ အေးအေးချမ်းချမ်း ဖြတ်သန်းနိုင်ပါစေ။
နှစ်ဟောင်းမှာ အခက်အခဲတွေ၊ စိတ်ညစ်စရာတွေ ရှိခဲ့ရင်လည်း အဲလိုမျိုး နှစ်သစ်မှာ နှစ်သစ်အထိ ပါမလာပါစေနဲ့ နှစ်သစ်မှာလည်း အဲဒါမျိုးတွေ ထပ်မကြုံပါစေနဲ့လို့ ဆုတောင်းပေးလိုက်ပါတယ်”


 

 
 ဧရာဝတီ Facebook/ဧရာဝတီ Twitter
 




Viewing all articles
Browse latest Browse all 5236

Trending Articles