Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

၃ + ၃ ညီမျှချင်း ၆

$
0
0
 
ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ငါးရံ့ချောင်းကျေးရွာအုပ်စု၊ သဇင်ကွင်းရွာက မတင်မိုးခိုင်ဟာ
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၃ မှာ
ကလေး ၃ မွှာပူး မွေးဖွားခဲ့ပါတယ်။  မိခင်ရော ကလေးတွေပါ ကျန်းမာလျက်ရှိတယ်လို့ သိရပါတယ်။

ကလေးတွေကတော့ ယောက်ျားလေး  ၂ ယောက်၊ မိန်းကလေး ၁ ယောက် ဖြစ်ပါတယ်။

ဆင်းရဲနွမ်းပါးတဲ့ လယ်သမားမိသားစုမို့လို့ ရွာမှာပဲ အရပ်လက်သည်နဲ့ ကလေး ၃ ယောက်ကို တပြိုင်နက်တည်း မွေးဖွားခဲ့တာ ဖြစ်ပါတယ်။
 

  • သားအကြီး - ညနေ ၃ နာရီ တိတိ
  • ဒုတိယမြောက်သား -  ၃း၁၀
  • သမီး - ၃း၁၅
 
“၃ ယောက်ဆိုတော့ သူ့အမေက ဘယ်လိုမှ နို့တိုက်လို့မနိုင်ဘူး။ နောက်သူ့အမေ ကျန်းမာရေးကလည်း သိပ်မကောင်းချင်တာနဲ့
စက်လှေငှားပြီး ငပုတောဆေးရုံကို ပို့တာ ဆေးရုံမှာ ၁ ပတ်လောက် တက်လိုက်ရတယ်။ ဆေးရုံတက်လိုက်လို့သာ။ ဆရာဝန်ပြောတာက ဆေးရုံမတက်ဘဲ ရွာမှာပဲ
ဒီအတိုင်း ဆက်နေရင် အမေရော ကလေးတွေရော အဖတ်တင်ဖို့မလွယ်ဘူး တဲ့။ ခုတော့ သူတို့ ဆေးရုံကဆင်းလို့ သဇင်ကွင်းမှာပဲ ပြန်နေကြတယ်”
လို့ တောင်ချောင်းကျေးရွာက ကိုဆန်းမြင့်က ပြောပါတယ်။

ငပုတောဆေးရုံသွားဖို့တောင် ကာယကံရှင်မိသားစုက စက်လှေငှားခ မတတ်နိုင်တဲ့အတွက် တောင်ချောင်းကျေးရွာက ကိုစိုးနိုင်ဦးဆောင်တဲ့ ရွာသားတွေက ၀ိုင်းဝန်း အလှူငွေ ထည့်ဝင်ပြီး ဆေးရုံပို့ပေးခဲ့ရတာပါ။

 ဆေးရုံတက်နေစဉ်ကာလအတွင်း  ငပုတောဆေးရုံက ဆေးရုံအုပ်ကြီး ဒေါက်တာ ဒေါ်သင်းသင်းအောင် အပါအ၀င် ဆေးရုံဝန်ထမ်းတွေ၊ ရဲစခန်းက စခန်းမှူး ရဲအုပ် ဦးစိုးမင်းအပါအ၀င် ရဲဝန်ထမ်းမိသားစုတွေ၊ ငပုတောမြို့ပေါ်က အလှူရှင်တွေက ငွေကြေး၊ ဆေးဝါးနဲ့ ကလေးပစ္စည်းတွေ ၀ိုင်းဝန်း ကူညီခဲ့ကြကြောင်း သိရပါတယ်။

ကလေး ၃ မွှာပူး မွေးဖွားခဲ့တဲ့ ကိုအောင်ကြိုင် + မတင်မိုးခိုင် မိသားစုမှာ သားသမီး ၃ ယောက် ရှိထားပြီးဖြစ်တာကြောင့်  ကလေး ၆ ယောက်စရိတ် အတွက် ကိုအောင်ကြိုင်တယောက် စိတ်ညစ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

“ကိုအောင်ကြိုင်ကြည့်ရတာ အတော်လေးကို မှိုင်တွေနေတယ်ဗျ။ ဒီကလေး ၆ ယောက် စရိတ်ကို သူ စိတ်ပူနေတာ။ သူတို့မှာလည်း လယ်က ၄ ဧကလောက်ပဲ ရှိတော့ ဒီလယ်လေးနဲ့ မိသားစုစရိတ်က ဘယ်လိုမှ အဆင်မပြေနိုင်ဘူးဆိုတာ သူသိနေတယ်လေ” လို့ တောင်ချောင်းကျေးရွာက ကိုစိုးနိုင်က ပြောပါတယ်။

ဒီဆင်းရဲသားလယ်သမားမိသားစုအနေနဲ့ ကလေး ၃ မွှာပူးကို ကျွေးမွေး စောင့်ရှောက်ဖို့ အခက်တွေ့နေတဲ့အတွက်  အစိုးရနဲ့ ဒေသဆိုင်ရာ အလှူရှင်တွေ ၀ိုင်းဝန်း ကူညီမှသာ အဆင်ပြေနိုင်မယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။


ငပုတောစခန်းမှူး ရဲအုပ်ဦးစိုးမင်းက သုံးမွှာပူး မွေးခဲ့တဲ့ မတင်မိုးခိုင်ကို ဆေးရုံမှာလာပြီး ထောက်ပံ့ငွေ ပေးအပ်နေတဲ့ပုံဖြစ်ပါတယ်။


သုံးမွှာပူးတို့ရဲ့ မွေးသမိခင်   မတင်မိုးခိုင်


သုံးမွှာပူးတို့ရဲ့ နေအိမ်

စောင်ခင်းထားတဲ့ စကောထဲက ချစ်စရာ သုံးမွှာပူး 

အပေါ်ဆုံးပုံမှာ ကလေး ၃ ယောက်ကို နို့ဗူးတိုက်နေတာကတော့ ဖခင် ကိုအောင်ကြိုင် ဖြစ်ပါတယ်။
သန့်စင်ငြိမ်းချမ်း ~

Viewing all articles
Browse latest Browse all 5236

Trending Articles