Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

နွေတစ်ညမှ အစပြု၍

$
0
0
 ~





၁၉၈၈ ခုနှစ်၊ မတ်လမှ မစပြုခဲ့သော ရှစ်လေးလုံး လူထုအရေးတော်ပုံကြီး၏ အစဦး၌ ရန်ကုန်စက်မှုတက္ကသိုလ်၊ စက်မှုအင်ဂျင်နီယာအဓိကကျောင်းသားအဖြစ် ပညာသင်ရင်း အရေးတော်ပုံအတွင်း ပါဝင်လှုပ်ရှားခဲ့သည့် ရှစ်လေးလုံးကာလ နောက်ခံ ကိုယ်တွေ့မှတ်တမ်းအဖြစ် စာရေးဆရာ အောင်ဒင်က နွေတညမှ အစပြု၍ စာအုပ်ကို ရေးသားထုတ်ဝေခဲ့သည်။

 ရှစ်လေးလုံး အရေးတော်ပုံကာလ ကျောင်းသားခေါင်းဆောင် တဦးဖြစ်သူ အောင်ဒင်၏ နွေတညမှ အစပြု၍ ကိုယ်တွေ့မှတ်တမ်း စာအုပ်မိတ်ဆက်ပွဲကို ၂.၇.၂ဝ၁၄ ရက်နေ့၊ နေ့လယ် ၂ နာရီမှ ညနေ ၄ နာရီအထိ ရန်ကုန်မြို့၊ ဗိုလ်အောင်ကျော်လမ်းရှိ HOME Media ခန်းမတွင် ပြုလုပ်ခဲ့ပြီး စာရေးသူမှာ လက်ရှိတွင် အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီတွင် နေထိုင်လျက်ရှိသည့်အတွက် မတက်ရောက်နိုင်သော်လည်း စာရေးသူ၏ မိခင် ဒေါ်လှကြည်နှင့် အရေးတော်ပုံကာလက အတူတကွ လှုပ်ရှားခဲ့ကြသော ရဲဘော်ရဲဘက်များ၊ စာပေ စာနယ်ဇင်း ဆရာများ တက်ရောက်ခဲ့ကြသည်။

 နွေတညမှ အစပြု၍ ကိုယ်တွေ့မှတ်တမ်းစာအုပ်နှင့် ပတ်သက်၍ ဦးသူရ (ခေါ်) ဦးဇာဂနာမှ အမှတ်တရစကား ပြောကြားရာတွင်
“အောင်ဒင်ရယ်၊ ကျနော်ရယ်၊ မင်းကိုနိုင်ရယ်ဆိုတာ ညီအစ်ကိုလို ချစ်ကြတဲ့ သူငယ်ချင်းတွေပါ။
ထူးခြားမှုတခုက ကျနော်တို့ သုံးယောက်ရဲ့ အမေနာမည်တွေက ဒေါ်လှကြည်ချည်းပဲ ဖြစ်နေတာပါ။ တူနေတာပါ။
သားသုံးယောက် ထောင်ထဲအတူရောက်စဉ်က အမေသုံးယောက်လုံး ထောင်ဝင်စာ အတူလာတွေ့ခဲ့ကြတာပါ။
ကျနော်တို့ သုံးယောက်လုံးက ဘဝတွေ တူကြပါတယ်။
အခု အောင်ဒင်ရဲ့စာအုပ် ထွက်လာတာ ကျနော်ဝမ်းသာပါတယ်”
ဟုဆိုကာ အောင်ဒင်၏ မှတ်တမ်းစာအုပ်တွင် ဇာတ်ကောင်တဦးအဖြစ် ပါဝင်သော အောင်ဒင်၏ ရဲဘော်ရဲဘက် ကိုမင်းကိုနိုင်ကလည်း
ထောင်နံရံတွင် သံချွန်ဖြင့်ခြစ်၍ အောင်ဒင်ရေးသားခဲ့သော ကဗျာများကို ရွတ်ဖတ်ခဲ့ပြီးနောက် “အောင်ဒင်ရဲ့စာအုပ်ကို ကျနော် မျှော်မှန်းခဲ့တာက ဒီလိုမျိုး မဟုတ်ပါဘူး။
 ဇာတ်လမ်းဇာတ်ကွက်ဆင်ပြီး ရသစာပေအဖြစ်နဲ့ ဆရာ သိန်းဖေမြင့်ရဲ့ အရှေ့ နေဝန်းထွက်သည့်ပမာ လို စာမျိုးရေးစေချင်ခဲ့တာပါ။
ဒါမှလည်း နောက်လူတွေအနေနဲ့ ဖတ်တဲ့အခါ ပိုပြီး စိတ်ဝင်စားမှု ရှိပါလိမ့်မယ်။
အောင်ဒင်က ရသလိုမရေးဘဲ ဒိုင်ယာရီလို မှတ်တမ်းစာအုပ်အဖြစ် ရေးခဲ့ပါတယ်။
ဘာပဲဖြစ်ဖြစ် အောင်ဒင်ရေးခဲ့တဲ့ စာအုပ်က သမိုင်းမှန်တွေမို့ ကျနော် ကျေနပ်ဂုဏ်ယူပါတယ်။
 နောက်ထပ်လည်း ဒီလိုအကြောင်းအရာကို ရသစာပေအဖြစ်ရေးမယ့် စွမ်းနိုင်သူတွေရဲ့ စာအုပ်တွေ ထပ်ထွက်လာဖို့ ကျနော် မျှော်လင့်ပါတယ်”
ဟု အမှတ်တရစကား ပြောကြားခဲ့သည်။

ခရီးလွန်နေသဖြင့် စာအုပ်မိတ်ဆက်ပွဲသို့ မတက်ရောက်နိုင်သော အောင်ဒင်၏ မိတ်ဆွေ ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးကလည်း အမှတ်တရစကား သဝဏ်လွှာကို အသံဖိုင်ဖြင့် ပေးပို့ခဲ့ရာတွင်
အောင်ဒင်နှင့် ရင်းနှီးခဲ့ပုံများ၊ ကိုမင်းကိုနိုင်နှင့်အတူ အမေရိကန်သို့ ရောက်ရှိခဲ့ချိန်တွင် အောင်ဒင်၏ အကူအညီ ပေးခဲ့ပုံများ၊ အောင်ဒင်၏ အနုပညာသဘောထားများကို အမှတ်တရ ပြောကြားပေးပို့ခဲ့သည်။

စာရေးဆရာ အောင်ဒင်၏ နွေတညမှ အစပြု၍ စာအုပ်ကို ထုတ်ဝေသူ ခေတ်ရနံ့ မဂ္ဂဇင်း အယ်ဒီတာချုပ် ဆရာ ပြည်သွေးနိုင်ကလည်း ဤစာအုပ်ကို ထုတ်ဝေခွင့် ရရှိခဲ့ခြင်းအတွက် ဝမ်းသာဂုဏ်ယူကြောင်းနှင့် အမှားအနည်းငယ် ပါသွားသည့်အတွက် ဆရာအောင်ဒင်းအား တောင်းပန်ကြောင်းတို့ကို ပြောကြားခဲ့သည်။

 စာရေးဆရာ အောင်ဒင်သည် ကွယ်လွန်သွားပြီဖြစ်သော စာရေးဆရာ တာရာမင်းဝေ၏ အစ်ကိုအရင်းဖြစ်ပြီး တက္ကသိုလ် ကျောင်းသားဘဝမှစ၍ ဒတ္ထဟူသော ကလောင်အမည်ဖြင့် ကဗျာများ စတင်ရေးသားခဲ့သြူုဖစ်ကာ ယခု နွေတညမှ အစပြု၍ စာအုပ်မှာ ဆရာအောင်ဒင်၏ ပဉ္စမမြောက် ထုတ်ဝေသည့် လုံးချင်းစာအုပ်ဖြစ်သည်။

 ခေတ်ပြတိုက် စာပေမှ ၂ဝ၁၄ ခုနှစ်၊ ဇွန်လတွင် ထွက်ရှိ၍ တန်ဖိုး ၄ဝဝဝ ကျပ်ဖြင့် စာအုပ်ဆိုင်များတွင် ဝယ်ယူရရှိနိုင်သည်။
  

  •  ဟိန်းဆက်သွင်

ဒီသတင်းကို အလင်းတန်းဂျာနယ်အမှတ် ၈၁၂ ကနေ ကူးယူ ဖော်ပြပါတယ်။


 

 



.

Viewing all articles
Browse latest Browse all 5236

Trending Articles