Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

မိုးသည်းထန်ရွာသွန်းမှုကြောင့် တာချီလိတ်တွင်မြေပြိုပြီး ၇ ဦး သေဆုံး

$
0
0
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့နယ် ဝမ်ကောင်း ရပ်ကွက်တွင် ဇူလိုင် ၁၂ ရက် ညသန်းခေါင်ကျော်ချိန်၌ မြေပြိုမှု ဖြစ်ပွားပြီး အိမ် ၂ လုံး ပျက်စီးကာ လူ ၇ ဦး သေဆုံးခဲ့သည်ဟု သိရသည်။ 


တာချီလိတ် မြေပြိုမှု ဖြစ်ပွားအပြီး ကယ်ဆယ်ရေး လုပ်ဆောင်နေသူများ (ဓာတ်ပုံ - တာချီလိတ် အွန်လိုင်း သတင်းဌာန)

ဖြစ်စဉ်မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေထိန်းနံရံနှင့် မြေများက နေအိမ် နှစ်လုံးပေါ်သို့ ပြိုကျပြီး အိပ်ပျော်နေသည့် မိသားစု နှစ်စုမှ  ၇ ဦး သေဆုံးကာ ၄ ဦး ဒဏ်ရာရခဲ့ကြောင်း၊ ဒဏ်ရာရရှိသူများအား တာချီလိတ် ပြည်သူဆေးရုံတွင် ဆေးကုမှု ပေးနေသည်ဟု ဒေသခံဖြစ်သူ ကိုဇောင်းက ဧရာဝတီကို ပြောသည်။ 

 “မြေပြိုတဲ့ အချိန်က ညသန်းခေါင်ချိန် ဆိုတော့ အားလုံးက အိပ်မော ကျနေကြတယ်။ သူတို့နေတဲ့ နေရာကလည်း မြေဖို့ထားတဲ့ နေရာဆိုတော့ ပိုဆိုးတာပေါ့။ အဲဒီ အနားမှာနေတဲ့ အိမ်တွေကတော့ ဒီလို ထပ်ဖြစ် မှာ ကို စိုးရိမ်နေကြတယ်” ဟု ကိုဇောင်းက ဆိုသည်။ 

သက်ဆိုင်ရာကလည်း လာရောက် ကူညီပေးနေပြီး မြေပြိုမှုကြောင့် ဆေးကုသခံယူ နေသည့် ဒဏ်ရာရ လူနာ ၄ ဦးကို ထောက်ပံကူညီငွေ ထောက်ပံ ကူညီကြောင်း တာချီလိတ် ၀မ်ကောင်း ရပ်ကွက် ဒေသခံများက ပြောသည်။ 

တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက
“အခုလို ဖြစ်တာက မြေကာနံရံတွေကို အင်ဂျင်နီယာတွေ နဲ့ စနစ်တကျ တွက်ချက်ပြီး တည်ဆောက်ထားတာ မဟုတ်လို့ ငွေကြေး အပြည့်အဝ မသုံးပဲ နီးစပ်ရာ ပန်းရံသမားနဲ့ တည်ဆောက်လို့ ဖြစ်တာ” ဟု ဆိုသည်။ 


 မြေပြိုမှုကြောင့် အိမ်ထောင် နှစ်စုမှ လူကြီး ၄ ဦး၊ ကလေး ၃ ဦးတို့ သေဆုံးသွားကြပြီး သေဆုံး သွားသူများကို ဇူလိုင် ၁၅ ရက်တွင် သဂြိုလ်မည် ဖြစ်ပြီး၊ ယင်းဖြစ်စဉ်အပေါ် သေမှုသေခင်း ဖွင့်ထားပြီး စုံစမ်းစစ်ဆေး နေသည်ဟု ဒေသခံများက ပြောသည်။ 

အလားတူ ရှမ်းပြည်နယ် အရှေ့ပိုင်း အထူးဒေသ-၄ မိုင်းလားမြို့နယ် ဆီးလူးဒေသ အတွင်း တောင်ကျချောင်း ရေကြီးမှုကြောင့် လယ်ဧက ၁၀၀ ကျော် ရေလျှံမှု ဖြစ်ပွားနေကြောင်း ဒေသခံများက ဆိုသည်။ 

ယခုရက်ပိုင်း အတွင်း မိုးဆက်တိုက် ရွာသွန်းမှုကြောင့် မိုးရေချိန်များပြီး ရေကြီးနိုင်သည့် ဒေသများမှာ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် တောင်ပိုင်း၊ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီိတိုင်း၊ရန်ကုန်တိုင်း မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းတို့ ဖြစ်ကြောင်း ဇူလိုင် ၁၃ ရက် ဂြိုလ်တုမှ တိုင်းတာ ရရှိချက်အပေါ် မူတည်ပြီး မိုးလေ၀သ ပညာရှင် ဦးထွန်းလွင်က ၎င်း၏ လူမှုရေး ဖေ့ဘွတ်စ် စာမျက်နှာမှတဆင့် သတိပေး ရေးသား ဖော်ပြထားသည်။ 







နန်းဆိုင်နွမ်~











Viewing all articles
Browse latest Browse all 5236

Trending Articles