Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ဗိုလ်ချုပ်လမ်းပေါ်က BG 56

$
0
0
 ~






နေ့လယ်နေ့ခင်းမှာ အဆာပြေစားစရာတမျိုးမျိုးကို အေးအေးဆေးဆေးစားချင်လို့ပဲဖြစ်ဖြစ်၊ ညနေပိုင်းမှာ မိသားစု၊ မိတ်ဆွေ၊ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ အတူဝိုင်းဖွဲ့လို့ အရသာရှိတဲ့ ညစာကို စားသောက်ချင်လို့ပဲဖြစ်ဖြစ် အဆင်ပြေနိုင်မယ့် နေရာလေးတခုကို ဧရာဝတီစာဖတ်ပရိသတ်အတွက် ပြောပြချင်ပါတယ်။

အဲဒီဆိုင်မှာ နေ့ခင်းပိုင်း အဆာပြေစာအတွက် အဆင်ပြေတဲ့ ဘာဂါ၊ ဆန်းဒဝစ်နဲ့ ကော်ဖီ၊ ဆိုဒါအချိုရည်မျိုးစုံအပြင် European အစာအစားတွေဖြစ်တဲ့ fish & pork grill မျိုးစုံ၊ ပါစတာနဲ့ ပီဇာမျိုးစုံ၊ salad မျိုးစုံလည်း ရရှိနိုင်သလို ညနေစာကို တဝကြီးစားသုံး လိုသူအတွက် တရုတ်ဟင်းပွဲမျိုးစုံနဲ့ ခေါက်ဆွဲကြော်၊ ကြာဇံကြော်၊ ထမင်းကြော်လို အစားအစာတွေလည်း ရရှိနိုင်ပါတယ်။

ဆိုင်နာမည်က BG 56 Café လို့ ပေးထားပြီး အဲဒီဆိုင်နာမည်ကပဲ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီး၊ အမှတ် ၅၆ ဆိုတဲ့ ပုစွန်တောင်မြို့နယ်အတွင်းမှာ တည်ရှိတဲ့ ဆိုင်ရဲ့လိပ်စာကို အလွယ်တကူ ညွှန်းဆိုနေပါတယ်။

 


၂၀၀၉ခုနှစ် ဖေဖော်ဝါရီလထဲမှာ စတင်ဖွင့်လှစ်ခဲ့ပြီး ခုဆိုရင် ဆိုင်သက်တမ်း ၅နှစ်ကျော်ပြီဖြစ်တဲ့ ဒီဆိုင်မှာ စတင်ဖွင့်စဉ်ကတည်းက ပါဝင်ခဲ့တဲ့ မီနူးတွေအတိုင်း ရောင်းချနေတာလို့သိရပါတယ်။

နေ့ခင်းနေ့လယ်ပိုင်းတွေနဲ့ ညစာစားချိန်တွေမှာ စားသုံးသူတွေများပြားလေ့ရှိပြီး အများအားဖြင့်တော့ မိသားစုလိုက်လာရောက်စားသုံးသူတွေများတယ်လို့ ဆိုင်ရဲ့တာဝန်ခံ ဦးမြင့်အောင်က ဆိုပါတယ်။

 


မီးဖိုချောင်နဲ့ အစားအသောက်သန့်ရှင်းရေးအပိုင်းကို သတိပြုပြီး ဝန်ထမ်းတွေရဲ့ စည်းကမ်းတွေကို ကိုင်တွယ်ထိန်းသိမ်းတယ်လို့ သူကပြောပြပါတယ်။

မီနူးတွေအများအပြားရှိတဲ့အထဲက ဆိုင်မှာ နာမည်ရလူကြိုက်များတာကတော့ တရုတ်ဟင်းလျာမီနူးတွေဖြစ်ပါတယ်တဲ့။

အဲဒီအတွက် တရုတ်ဟင်းလျာဆိုတဲ့အတိုင်း အချိုမှုန့်ကို ရှောင်လို့မရပေမယ့် စားသုံးသူရဲ့တောင်းဆိုချက်အရ အချိုမှုန် မထည့်လိုရင်ပဲဖြစ်ဖြစ်၊ လျှော့စေလိုရင်ပဲဖြစ်ဖြစ် အဆင်ပြေအောင် ဆောင်ရွက်ပေးတယ်လို့လည်း သိရပါတယ်။

ကျမတို့ မှာယူမြည်းစမ်းဖြစ်တဲ့ တရုတ်ဟင်းလျာမီနူးတွေဖြစ်တဲ့ ဝက်လက်ငါးပုတ်ခြောက်မြေအိုး၊ ဆေးဘဲဥဟင်းနုနယ်ရွက် ကြော်၊ ရတနာကျောက်ဖရုံသီးဟင်းချို နဲ့ ယိုးဒယားသင်္ဘောသီးထောင်းတွေအကြောင်းလည်း အမြည်းသဘော ပြောပြချင်ပါသေးတယ်။

 


ဝက်လက်သားကို ပါးပါးလှီးထားပြီး ငါးပုတ်ခြောက်အတုံးသေးသေးတွေကိုရောလို့ ကော်ရည်၊ ခရုဆီတို့နဲ့ နူးနေအောင် မြေအိုးထဲမှာ ချက်ပြုတ်ထားတဲ့ ဟင်းလျာက ချိုမြိန်နူးညံ့နေပါတယ်။

သံဓာတ်ကြွယ်ဝတဲ့ စိမ်းစိမ်းစိုစိုဟင်းနုနယ်ရွက်ကို ဆေးဘဲဥနဲ့ရောကြော်ထားတဲ့ ဟင်းလျာကလည်း ဟင်းသီးဟင်းရွက်ရဲ့ လတ်ဆတ်ခြင်းနဲ့ ဆေးဘဲဥရဲ့ အဆိမ့်အရသာ ပေါ်လွင်နေပါတယ်။

 


ငုံးဥ၊ ဝက်နံရိုး၊ မုန်လာဥနီ၊ မှိုနဲ့ ကျောက်ဖရုံသီးအတုံးလေးတွေကို ရောနှောပြီးချက်ပြုတ်ထားတဲ့ ရတနာကျော်ဖရုံသီးဟင်းချိုကတော့ နာမည်နဲ့လိုက်ဖက်စွာ အရသာထူးကဲ မွှေးပျံ့ပြီး စားသုံးသူအားလုံးရဲ့ တညီတညွတ်တည်း အမှတ်ပေးမှုကို ခံရပါတယ်။

သဘောင်္သီးထောင်းကတော့ စားဖူးနေကျ ခြစ်ထားတဲ့ သဘောင်္သီးမျှင်တွေလို ခပ်ထူထူမဟုတ်ဘဲ အမျှင်သေးသေးပါ။ ဒါကြောင့် မြင်ရတာ သင်္ဘောသီးသုပ်နဲ့ ပိုတူနေပါတယ်။

တရုတ်ဟင်းလျာ အစားအသောက်တွေ အရသာရှိတဲ့ အဲဒီဆိုင်ရဲ့ အားနည်းချက်ကတော့ အချိန်အနည်းငယ် ကြာမြင့်မှုပါပဲ။ ခုနက ဟင်းပွဲတွေကို မှာယူထားပြီး ၄၅ မိနစ်လောက်တော့ စောင့်ဆိုင်းရပါတယ်။

 


ဆိုင်က ၂ထပ်ဆောက်အဦဖြစ်ပြီး မွေးနေ့ပွဲ၊ မိတ်ဆုံစားပွဲ၊ staff party တို့ကိုလည်း ဆိုင်ရဲ့အပေါ်ထပ်ခန်းမမှာ ပြုလုပ်နိုင်ပါတယ်။

အဲဒီတွက် နေရာအသုံးပြုခအဖြစ် အပိုဝန်ကြေး ထပ်ဆောင်းမယူဘဲ ပုံမှန်ပေးချေရတဲ့ အစားအသောက် တန်ဖိုးနဲ့ အခွန်အခများကိုသာပေးဆောင်ရမှာဖြစ်တယ်လို့ သိရပါတယ်။ လူဦးရေအလိုက် ဈေးနှုန်းကို လျှော့ပေါ့ပေး ပါတယ်တဲ့။

ရန်ကုန်မြို့လယ်နဲ့ မလှမ်းမကမ်းမှာရှိပြီး၊ လေးအေးစက်တပ် သန့်ရှင်းတဲ့၊ ရွေးချယ်စရာ အစားအသောက်တွေ စုံလင်တဲ့ ဆိုင်နေရာတခုကို ရှာဖွေဖို့ ခေါင်းခြောက်နေပြီဆိုရင်တော့ BG 56 Café ကို တခေါက်သွားရောက် လေ့လာကြည့်သင့် ပါတယ်။


သီ

 



.

Viewing all articles
Browse latest Browse all 5236

Trending Articles