Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

သာပေါင်းဆေးရုံဆရာဝန် ၅ – ၄ = ၁

$
0
0
 ~




 ဧရာဝတီတိုင်းဒေသကြီး၊  သာပေါင်းမြို့ပြည်သူ့ဆေးရုံမှာ  
ဒီနှစ် အစောပိုင်း ကာလအထိ ဆရာဝန် ၅ ဦးရှိခဲ့ရာမှာ အဆင်ပြေခဲ့ပါတယ်။

ဒါပေမယ့် ဆရာဝန် ၄ ဦးပြောင်းရွှေ့သွားခဲ့တဲ့အတွက်   ဆေးကုသမှုပိုင်း  အခက်တွေ့ လာရတယ်လို့ သာပေါင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းသိန်းက ဧရာဝတီကိုပြောပါတယ်။

 “ဆရာဝန်ကြီးကလည်း နေပြည်တော်အစည်းအဝေးတို့၊ ခရီးသွားနေရတာမျိုးတွေ ဆိုရင် မွေးလူနာတွေ၊ အရေးကြီးလူနာတွေကို ဆေးရုံကဆရာမတွေကလည်း လုပ်မပေးရဲတော့ ပုသိမ်ဆေးရုံကိုချည်းပဲ လွှဲပို့နေရတာ ဘယ်လိုမှ အဆင်မပြေဘူး” 

 သာပေါင်းမြို့နဲ့ ပုသိမ်မြို့က မိုင် ၂၀ ကျော် ကွာဝေးပါတယ်။

ပုသိမ်ဆေးရုံကို လူနာတွေ လွှဲပို့ရာမှာ သာပေါင်းမြို့ အခြေစိုက် မြတ်မေတ္တာ လူမှုကူညီရေးအသင်းက လူနာတင်ကားနဲ့ အခမဲ့ပို့ဆောင် ကူညီပေးနေတယ်လို့ သိရပါတယ်။
သာပေါင်းမြို့ခံဦးစိုးမင်းက
“ဆေးရုံတခုလုံး ဆရာဝန်ကြီး ၁ ဦးထဲနဲ့ ဒိုင်ခံကုနေတာ ၃ လကျော်လောက် ဖြစ်နေပြီဆိုတော့ ဆေးရုံတက်တဲ့ လူနာတွေ ဘယ်လိုမှအဆင်မပြေကြဘူး။ သာပေါင်းမြို့နား တ၀ိုက်ကလည်း ဒီဆေးရုံပဲ အားထားနေရတာလေ။ ဟိုတလောကတောင် ခြေထောက်ကျိုးတဲ့လူနာတယောက် ပုသိမ်ဆေးရုံကို လွှဲတာ အချိန် နည်းနည်းကြာသွားတော့ အရိုးပြန်ဆက်ဖို့ အခက်အခဲဖြစ်သွားတာတွေ ရှိတယ်”လို့ ပြောပါတယ်။

 ကလေးမီးဖွားခါနီးလူနာတွေကို
၂၅ ကုတင်ဆံ့  သာပေါင်းဆေးရုံကမွေးမပေးလို့ ပုသိမ်ဆေးရုံပို့ရာမှာ လမ်းမှာတင် မွေးသွားတဲ့လူတွေတောင် ရှိခဲ့တယ်လို့ သာပေါင်းမြို့ခံလည်းဖြစ်တဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းသိန်းက ပြောပြပါတယ်။

 “ဟိုတလောကမွေးလူနာတယောက် သာပေါင်းဆေးရုံရောက်လာတော့ ဆရာမတွေကမွေးမပေးရဲဘူး။ အဲဒါနဲ့ ပုသိမ်ပို့တာ လမ်းက ဇီးဖြူကွင်းဆိုတဲ့ရွာမှာတင် မွေးသွားလို့ ချက်ကြိုးတန်းလန်းနဲ့ ပုသိမ်အထိ သယ်သွာပြီး ပုသိမ်ဆေးရုံရောက်မှ ချက်ကြိုးဖြတ်ရတယ်။ ဆရာဝန်ကြီး ရှိချိန်မှာတော့ ဆေးရုံမှာလူနာတွေကြည့်ပေးပါတယ်။ ဒါပေမယ့် သူ့တဦးထဲကျတော့ ဘယ်လိုမှ မနိုင်ဘူး ဖြစ်နေတယ်” 

 သာပေါင်းဆေးရုံကနေတပြိုင်နက်ထဲ ဆရာဝန် ၃ ဦးရွှေ့ပြောင်းသွားတဲ့ကိစ္စကို ပြီးခဲ့တဲ့ ဧပြီလထဲမှာ ကျင်းပခဲ့တဲ့ ဧရာဝတီတိုင်း လွှတ်တော် အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းသိန်းက တင်ပြမေးမြန်းခဲ့ရာမှာ   လူမှုရေးဝန်ကြီး ဒေါ်ခင်စောမူ လာရောက် ဖြေရှင်းခဲ့ပါတယ်။
ဦးဝင်းသိန်းက “လူမှုရေးဝန်ကြီးက သူမသိလိုက်ပါဘူးတဲ့၊ ဆရာဝန်တွေ ရွှေ့ပြောင်းတာဟာ ပြည်ထောင်စု (ဗဟိုအစိုးရ)ကပဲ တိုက်ရိုက်လုပ်နေတာ ဖြစ်ပါတယ်တဲ့။ အဲ့လို ပြန်ဖြေတယ်ဗျ။ လတ်တလောမှာတော့ ဆရာဝန်အစားပြန်ချထားပေးတာ မရှိတော့ လူနာတွေ အတော်လေး ဒုက္ခရောက်နေကြတယ်။ ကျနော့်ဆန္ဒကတော့ သာပေါင်းဆေးရုံအတွက် ဆရာဝန်တွေ အမြန်ဆုံး ပြန်လည်ချထားပေးစေချင်ပါတယ်” လို့  ပြောပါတယ်။

အဲဒီလို အခြေအနေ ဖြစ်နေတဲ့ သာပေါင်းမြို့ကို သွားမယ်ဆိုရင် ပုသိမ်ကနေချောင်းသာကမ်းခြေကိုသွားရာမှာ သဲဖြူဆိုတဲ့ လမ်းဆုံကျေးရွာ ရှိပါတယ်။

အဲဒီလမ်းဆုံကနေ ဘယ်ဘက်ကို သွားရင် ချောင်းသာကမ်းခြေ ရောက်မှာဖြစ်သလို ညာဘက်ဆိုရင်တော့ သာပေါင်းမြို့ကိုရောက်ရှိမှာဖြစ်ပါတယ်။

 သာပေါင်းရောက်ရင်တော့ ရှေ့ဆက်သွားစရာမြို့ မရှိတော့ပါဘူး။  သာပေါင်းဟာ လမ်းဆုံးမြို့ပါ။ ဧရာဝတီတိုင်းရဲ့ အဆင်းရဲဆုံးမြို့နယ်တွေထဲမှာလည်း တခုအပါအ၀င် ဖြစ်ပါတယ်။

ဆလိုင်းသန့်စင်

 



.

Viewing all articles
Browse latest Browse all 5236

Trending Articles