Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ဦးရဲထွဋ်၊ စိုင်းစိုင်းခမ်းလှိုင်၊ ၄၃၆ နဲ့ ရဲထောက်လှမ်းရေး

$
0
0
 ~






NLD နဲ့ ၈၈ ပွင့်လင်းအဖွဲ့အစည်းက  အခြေခံ ဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲတွေ၊ လက်မှတ်ထိုးပွဲတွေကို နိုင်ငံအနှံ့ တပြိုင်တည်းပြုလုပ်နေကြချိန်ပါ။

မကြာသေးခင်က ပြည်မြို့ကို ရောက်လာတဲ့  သမ္မတပြောခွင့်ရအရာရှိ ဦးရဲထွဋ်ကို ပုဒ်မ ၄၃၆ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး သူ့သဘောထားကို မေးမြန်းခဲ့ပါတယ်။

လူတိုင်းဟာ သူယုံကြည်ရာဘက်မှာ ရပ်တည်ပိုင်ခွင့်ရှိတဲ့သဘော  သူက ပြောပြပါတယ်။

“၄၃၆ ကို ပြင်မယ်လို့ပြောတဲ့လူလည်း ရှိတယ်၊ မပြင်ဘူးလို့ပြောတဲ့လူလည်း ရှိတယ်၊
သို့သော် မပြင်ချင်တဲ့လူကိုလည်း ပြင်ချင်တဲ့လူက ဝေဖန်တိုက်ခိုက်စရာအကြောင်း မရှိဘူး၊
 ပြင်တဲ့လူကိုလည်း မပြင်တဲ့လူက ဝေဖန်တိုက်ခိုက်စရာအကြောင်းမရှိဘူး”

ဝေဖန်တိုက်ခိုက်စရာအကြောင်းမရှိပေမယ့် တချို့ဆိုရင် အပြစ်တင်ခံနေရတယ်လို့ ဆိုပြီး နာမည်ကျော် အနုပညာရှင်တဦးရဲ့ အဖြစ်အပျက်ကို ထောက်ပြပါတယ်။

“မပြင်ချင်ဘူးလို့ပြောတဲ့လူကို ဝိုင်းပြီးတော့ ဗျင်းတယ်၊ စိုင်းစိုင်းခမ်းလှိုင် ဆိုရင် ကောင်းကောင်းခံနေရတယ်”

နာမည်ကြီး ရုပ်ရှင်သရုပ်ဆောင်၊ HIP HOP အဆိုတော် စိုင်းစိုင်းခမ်းလှိုင်က မနိုင်ဝန်မထမ်းချင်ဘူးလို့ အွန်လိုင်းမှာ ရေးသားတဲ့အတွက်   ဝိုင်းဝန်းဝေဖန်ခံရတာနဲ့ ပတ်သက်ပြီး  ဦးရဲထွဋ်က ဆက်စပ် ပြောပြခြင်းပါ။

 နာမည်ကြီးအနုပညာရှင် အများအပြား ၄၃၆ ပြင်ရေး လက်မှတ်ထိုးတောင်းဆိုနေချိန်မှာ စိုင်းစိုင်းရဲ့ ရေးသားချက် ပေါ်ပေါက်လာတာပါ။

ဝေဖန်ချက်တွေ ခံရပြီး သိပ်မကြာခင်မှာ စိုင်းစိုင်းက ၄၃၆ ပြင်ရေး လက်မှတ်ထိုးလိုက်ပါတယ်။
ဖိအားတွေ များလွန်းလို့ လက်မှတ်ထိုးလိုက်တာလား၊
ယုံကြည်ချက်တခုကြောင့် လက်မှတ်ထိုးလိုက်တာလား ဆိုတာကိုတော့ စိုင်းစိုင်းက ထုတ်မပြောပါ။

သမ္မတဦးသိန်းစိန်ရဲ့ ပြောခွင့်ရအရာရှိလည်းဖြစ်၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုဝန်ကြီး ဦးရဲထွဋ်ကတော့ လူတယောက်ကို ၀ိုင်းဖိအားပေးတာ နှစ်သက်ပုံ မရပါဘူး။

“သူကတော့ သူဟာသူရေးထားတာ၊ ပေးမယ်လည်း မပြောဘူး၊ မပေးဘူးလဲမပြောဘူးလေ၊ ခင်ဗျားတွေ့တဲ့ အတိုင်းပဲ ဝိုင်းပြောနေတာ။
စိုင်းစိုင်းခမ်းလှိုင်နေရာမှာ နေကြည့်လိုက်လေ၊ ကျနော်ကတော့ စိတ်မကောင်းပါဘူး။ ကျနော်က လူတယောက် ထိုးချင်းမထိုးချင်းကို မပြောပါဘူး။
မထိုးဘူး၊ မထိုးချင်ဘူးလို့ ပြောနေတဲ့လူတယောက်ကို ဝိုင်းပြီးတော့ ဖိအားပေးခြင်းဟာ ကောင်းလား မကောင်းလား ဆိုတာကို ကျနော်ပြောတာပါ”

ဦးရဲထွဋ်ကတော့  ဖိအားပေးလာရင် လိုက်လျောချင်မှ လိုက်လျောမယ်လို့ ဆိုတယ်။

        “ဘယ်ကိစ္စမဆို ကျနော် မယုံကြည်တဲ့ ကိစ္စဆို မလုပ်ဘူး၊
တပ်ထဲမှာနေတုန်းကလဲ ဘယ်ကိစ္စမဆို ကျနော်ယုံကြည်တာကိုပဲ လုပ်တယ်၊ ယုံကြည်တာလုပ်တဲ့အခါမှ ကျနော် လက်ခံနိုင်ရင် ကျနော် အပြည့်ပူးပေါင်းပြီးတော့လုပ်မယ်။
 နောက်ကွယ်မှာ မပြောဘူး၊  ကျနော် ဘယ်လိုမှ လက်မခံနိုင်ဘူးဆိုရင် ဒီအလုပ် မလုပ်ဘူး၊ ထွက်သွားမယ်။
ကျနော့်အပေါ်မှာတော့ လာပြီးတော့ ဖိအားပေးလို့ မရဘူး။ ကျနော်ယုံကြည်ရင် ကျနော်လုပ်မယ်။  မယုံကြည်ရင် ပွင့်ပွင့်လင်းလင်းတင်ပြမယ်၊ ပြီးရင် အများဆုံးဖြတ်ချက်အတိုင်းပဲ နာခံမယ်”

ဦးရဲထွဋ်အနေနဲ့ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ထိုးလိုစိတ်ရှိမရှိ ဆိုတာကို ဖြေဆိုသွားခြင်းမရှိခဲ့ပါဘူး။

နိုင်ငံအနှံ့        ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ထိုးပွဲတွေမှာ ရဲတပ်ဖွဲ့ဝင်တွေက  စောင့်ကြည့်တာတွေ၊ လက်မှတ်ထိုးထားတဲ့ စာရင်းတောင်းယူကြည့်ရှုတာတွေ တွေ့ရမှာပါ။

ဒီလို အရပ်ဝတ် ရဲတပ်ဖွဲ့ဝင်တွေရဲ့ လှုပ်ရှားမှုနဲ့ပတ်သက်ပြီး မေးမြန်းရာမှာတော့ ဒါက လိုအပ်ချက်အရ ဆောင်ရွက်နေကြတာဖြစ်တယ်လို့ ပြောပါတယ်။

“သူတို့က ကြည့်ခွင့်မရှိဘူးလား။ လုံခြုံအေးချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းရေးအတွက် တာဝန်ယူထားတာလေ၊ ဒါတွေတင်မဟုတ်ဘူး ဆရာတော်တွေဟောပြောပွဲတွေဆိုလည်း သွားနားထောင်ရတာ ရှိတယ်။
ကျနော်တို့က ဒါကို (ဟောပြောပွဲ၊ လက်မှတ်ထိုးပွဲတွေကို) တားမြစ်တာ မဟုတ်ဘူး။ 
သူတို့ရဲ့ လုပ်ရပ်သည် ဥပဒေနဲ့အညီလုပ်ဆောင်တာ။ သွားပြီးတော့ ဟန့်တားတာ ပိတ်ပင်တာမျိုး မဖြစ်ဖို့ပဲ လိုတယ်။ သူတို့မှာ လေ့လာစောင့်ကြည့်ခွင့်တော့ ရှိတယ်”

အရင်အစိုးရခေတ်မှာတော့ ဒီလိုလှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး “မလာရဲအောင်၊ မသွားရဲအောင်” စောင့်ကြည့်မေးမြန်းတာမျိုးက  ရှိကောင်း ရှိနိုင်တယ်လို့ ဆိုပါတယ်။

အရင်အစိုးရခေတ်မှာတော့ နိုင်ငံရေးလှုပ်ရှားမှုနဲ့ ပတ်သက်လာရင် စောင့်ကြည့်မေးမြန်းတဲ့တာဝန်ကို ရွပ်ရွပ်ချွံချွံ ထမ်းဆောင်ခဲ့ရတဲ့ ဌာနများထဲမှာ လုံခြုံရေးဌာနတွေ ထိပ်ဆုံးက ပါဝင်ခဲ့တာပါ။
အရပ်ဘက်ဌာနဆိုင်ရာတချို့၊ လူမှုရေးအမည်ခံ အသင်းအဖွဲ့တချို့လည်း စောင့်ကြည့်မေးမြန်းတာမျိုးတွေ သေချာပေါက် ရှိခဲ့ပါတယ်။

 ဦးရဲထွဋ်ကတော့ လုံခြုံရေးဌာနတွေရဲ့ လက်ရှိလှုပ်ရှားမှုတွေဟာ
လုံခြုံအေးချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းရေးအတွက်” လို့ ပြောပါတယ်။ 

 


  • ကောင်းမြတ်မင်း
 


.

Viewing all articles
Browse latest Browse all 5236

Trending Articles