Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

မြန်မာလူငယ်တွေရူးသွပ်ကြတဲ့ K-Pop ရေစီး (အပိုင်း ၂)

$
0
0
 ~






K-Pop အောင်မြင်ရခြင်း အကြောင်းရင်းတွေ ထဲက တခုကတော့ K-Pop အဆိုရှင်တွေဟာ အရည်အချင်း စစ်ပွဲတွေ အဆင့်ဆင့်ကနေ စစ်ထုတ် ပြီး ရွေးချယ်ခံထားရတဲ့သူတွေ ဖြစ်တဲ့အတွက်ကြောင့်လို့ သုံးသပ်မိပါတယ်။

သာမန် ကျွမ်းကျင်ရုံလောက်နဲ့ K-Pop အဆိုတော် ဖြစ်လာတာမျိုးတော့ မဟုတ်ပါဘူး။ K-Pop အဆိုတော်တွေ အားလုံးပာ အရည်အချင်း စစ်ပွဲ တွေကနေ တဆင့် လေ့ကျင့်မှုကာလ အနည်းဆုံး ၂ နှစ်၊ အများဆုံး ၄၊ ၅၊ ၆ နှစ်လောက်အထိကို ပြင်းပြင်းထန်ထန် လေ့ကျင့်မှုတွေ အဆင့်ဆင့်ပြုလုပ်ခဲ့ပြီးမှ တီဗီဖန်သားပြင်ပေါ်ကို ရောက်ရှိလာကြတာ ဖြစ်ပါတယ်။ ပရိသတ်ရဲ့ အားပေးလက်ခံမှုကို သူတို့ ရဲ့ အနှစ်နှစ်အလလ ကြိုးစား အားထုတ်မှုတွေနဲ့ ရင်းနှီး ရယူခဲ့တာလို့ ဆိုနိုင်ပါတယ်။

Training ကာလတွေမှာဆိုရင်လည်း K-Pop အဆိုရှင်တွေ ဖြစ်လာမယ့် အဆိုတော်လောင်းတွေက သီချင်းဆိုတာ၊ အကသင်တာ၊ သရုပ်ဆောင်တာနဲ့ သီချင်းရေးသင်တာ အစရှိတဲ့ သင်ခန်းစာတွေကို အတွေ့အကြုံ ရင့်ကျက်ပြီး နာမည်ကြီး တေးရေး ဆရာ၊ ဂီတပညာရှင်၊ အကပညာရှင်တွေနဲ့ သင်ကြားရတာဖြစ်တယ်လို့ ဖတ်ရှုမှတ်သားဖူးပါတယ်။

ဒီလို ဝါရင့်ပညာရှင်တွေနဲ့ စနစ်တကျ အချိန် ပေးပြီး သင်ကြားနိုင်တာကြောင့်လည်း K-Pop သီချင်းတွေဟာ တခြားဂီတတွေနဲ့ မတူဘဲ တမူ ထူးခြားကောင်းမွန်နေတာ ဖြစ်ပါတယ်။
 နောက်တခု ထူးခြားချက်ကတော့ သူတို့ဟာ အဖွဲ့လိုက်သီဆိုရတာ ဖြစ်တာကြောင့်  Team Work စိတ် အပြည့်ရှိရပါတယ်။

ဒီလို အရည်အချင်းစစ် ပွဲတွေ၊ Training ကာလတွေ အစရှိတဲ့ အခက်အခဲအမျိုးမျိုးကို ဂီတ အပေါ် ရူးသွပ်တဲ့စိတ်၊ မလျှော့သော ဇွဲလုံ့လတွေနဲ့ အားသွန်ခွန်စိုက် ပြင်းပြင်းထန်ထန် ကြိုးစားလေ့ကျင့် ကျော်ဖြတ်ခဲ့ကြတဲ့ K-Pop အဆိုတော် အဖွဲ့တွေကို  K-Pop ပရိသတ် လူငယ်တွေကလည်း အရမ်းကို အားပေး၊  ရူးသွပ်ကြပါတယ်။


(ဓာတ်ပုံများ - ဂျေပိုင် / ဧရာဝတီ)

ဘယ်လောက်အထိ ရူးသွပ်မှုရှိကြလဲဆိုရင် ဆယ်ကျော်သက်မိန်းကလေး တော်တော်များများက K-Pop မှ K-Pop  သဲသဲလှုပ် ကြိုက်ကြတာဖြစ်ပြီး သူတို့ကြိုက်တဲ့ K-Pop နာမည်ကြီး အနုပညာရှင်တွေရဲ့ Update သတင်းတွေ၊ ကောလာဟလ အတင်းအဖျင်းတွေကို အမြဲမပြတ် ဖတ်ရှုလေ့ရှိကြရုံ မက၊ တချို့ဆို ဝတ်စား ဆင်ယင်မှုကအစ ဆံပင်ပုံစံ၊ မိတ်ကပ် အပြင်အဆင်နဲ့ ဖက်ရှင်ကိုပါ ခေါင်းအစ ခြေအဆုံး K-Pop ဒီဇိုင်းတွေကို တုပဆင်ပြင်ကြတဲ့ အထိပါပဲ။

“ကိုယ်ကြိုက်တဲ့အဖွဲ့ရဲ့ K-Pop သီချင်းခွေတိုင်း၊ သူတို့ပါတဲ့ အခွေတိုင်းကို ဝယ်တယ်။ အိမ်က အခွေစင်မှာဆိုရင် နှစ်ထပ်လောက်က သူတို့ရဲ့ အခွေတွေချည်းပဲ။
 သီချင်းတွေကိုလည်း အမြဲနားထောင်ဖြစ်တယ်။ သူတို့ ရဲ့   Wallpaper  တွေကို လည်း ဝယ်ပြီး အခန်းထဲမှာ ကပ်ထားတယ်။ သူတို့နဲ့ ပတ်သက်တဲ့ အသုံးအဆောင် ပစ္စည်းလေးတွေ ဝယ်ဖြစ်တယ်”
လို့ K-Pop ကို သူ အားပေးပုံနဲ့ ပတ်သက်ပြီး မယမင်းက ပြောပြပါတယ်။

K-Pop ကို အဆိုးမြင်သူ အချို့တွေကတော့ K-Pop ရဲ့ ဝတ်စားဆင်ယင်မှု ဒီဇိုင်းတွေက မြန်မာ့ ယဉ်ကျေးမှုနဲ့ မညီညွတ်ဘူး ဘာညာစသဖြင့် ဝေဖန်ကြပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် လူတကိုယ် အကြိုက်တမျိုးမို့  K-Popကို ရူးသွပ်သူတွေကိုလည်း မကြိုက်နဲ့လို့ တားမြစ်နိုင်မှာတော့ မဟုတ်ပါဘူး။
 နောက်ပြီး အတုယူတတ်မယ်ဆိုရင် K-Pop အဖွဲ့ တွေမှာ မိမိအလုပ်ကို ရိုသေကြိုးစားတတ်တဲ့ စိတ်ဓာတ်၊ နည်းစနစ်ကျတဲ့ တီထွင်ဖန်တီးမှု၊ အချိတ် အဆက်ညီစွာ အဖွဲ့လိုက်ဆောင်ရွက်နိုင်မှု အစရှိတာတွေကို အတုယူနိုင်ပါသေးတယ်။

“ကျနော်ကတော့  K-Pop  ကို  လူငယ်တ ယောက်အနေနဲ့ အသေအလဲတော့ မကြိုက်ပေမယ့် ကျန်တဲ့ နိုင်ငံတကာသီချင်းတွေထက်တော့ ပိုကြိုက်တယ်။
K-Pop ဖက်ရှင်ကို လိုက်မဝတ်ဖြစ်ပေမယ့် ဆံပင်ပုံစံကို တော့ K-Pop ကို ကြည့်ပြီးထားတယ်”
လို့ မောင်ကောင်းကျော်ကိုက ဆိုပါတယ်။

  ဧပြီလ ၃၀ ရက်နေ့ ညပိုင်းက ရန်ကုန် မြို့ သုဝဏ္ဏမိုးလုံလေလုံ အားကစားရုံမှာ မြန်မာနိုင်ငံရဲ့ ပထမဆုံး K-Pop ဖျော်ဖြေပွဲကို မြန်မာနိုင်ငံ တိုက်ကွမ်ဒို အဖွဲ့ချုပ် ရန်ပုံငွေပွဲအဖြစ် ကျင်းပခဲ့ပါတယ်။
 ပထမဦးဆုံးအကြိမ် K-Pop ဖျော်ဖြေပွဲမှာ ကမ္ဘာကျော် နာမည်ကြီး K-Pop အဖွဲ့တဖွဲ့ဖြစ်တဲ့ Girl’s Day အဖွဲ့နဲ့ အတူ   Dal Shabet၊ Tint အစ ရှိတဲ့ အမျိုးသမီး အဆိုတော်အဖွဲ့တွေနဲ့ “ဆောင်းဦး ရွက်ကြွေ ချစ်သက်သေ”ကိုရီးယား ရုပ်သံ ဇာတ်လမ်းတွဲရဲ့ နောက်ခံတေးသီချင်းသီဆိုသူ Jung II Young အပါအဝင် အမျိုးသား K-Pop အဖွဲ့  MB တို့က သီဆို ဖျော်ဖြေခဲ့ကြပါတယ်။

ဖျော်ဖြေပွဲမှာ မြန်မာ အနုပညာရှင်တွေအနေနဲ့ နာမည်ကြီး ပေါ့ပ်အဆိုရှင် တဦးဖြစ်သူ နိုင်ငံကျော်အဆိုတော် ဟဲလေးနဲ့ မိန်းကလေး ဟစ်ပ်ဟော့ပ်အဆိုတော် Bobby Soxer တို့ကလည်း ပါဝင် သီဆိုဖျော်ဖြေခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာ ပထမဆုံး K-Pop ဖျော်ဖြေပွဲ ကို အောင်အောင်မြင်မြင်နဲ့ ကျင်းပပြီးစီးနိုင်ခဲ့ပြီလို့ ဆိုနိုင်ပါတယ်။
အဲဒီပွဲဟာ K-Pop ကို အရမ်း နှစ်သက်အားပေးကြတဲ့ K-Pop ခရေဇီ မြန်မာ ပရိသတ်တွေအတွက် နှစ်ကာလ တော်တော်ကြာကြာ ငတ်မွတ် တောင့်တခဲ့ရတဲ့ ဖျော်ဖြေပွဲကြီးတခု ဖြစ်ခဲ့ပါတယ်။
ဒါတောင် လူကြိုက်များတဲ့၊ အထူးသဖြင့် ဆယ်ကျော်သက် ကောင်မလေးတွေ သဲသဲလှုပ်ကြတဲ့ EXO, Big Bang, 2NE1 တို့လို နာမည်ကြီး K-Pop အဆိုတော်အဖွဲ့တွေ မပါသေးလို့ပါ။ ဒီလို နာမည်ကြီးအဖွဲ့တွေသာ ပါရင်တော့ဖြင့် ရုံပြည့် ရုံလျှံကို တခဲနက် အားပေးကြလိမ့်မယ် ထင်ပါတယ်။ လက်မှတ်ဈေးနှုန်းတွေက သောင်းကျော်ကနေ တသိန်းကျော် တဲ့အထိ ဈေးကြီးလှပေမယ့်လည်း လူငယ်တွေ တော်တော်များများလာပြီး အားပေးကြ တာကို တွေ့ခဲ့ရပါတယ်။

“K-Pop Concert ဆိုတာက ကိုယ်တွေရဲ့ အိမ်နီးချင်းနိုင်ငံတွေ ထိုင်း၊ တရုတ်၊ ဂျပန်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနဲ့ တခြား ဥရောပ နိုင်ငံတွေမှာတောင် ကျင်းပနေကျပဲ။
ဒီလိုပွဲမျိုးကို ကျင်းပနိုင်တဲ့အတွက် ကိုယ့်နိုင်ငံ အတွက် လည်း ကောင်းတယ်၊ တခြား နိုင်ငံတွေက ဂီတဖျော်ဖြေပွဲတွေကို လုပ်ပေးတာနဲ့ အမျှ ကိုယ့်နိုင်ငံရဲ့ ဂီတပိုင်းမှာ လည်း ပိုတိုးတက်လာ နိုင်တယ်။
ကိုယ်တွေရဲ့ ဂီတကလည်း ကောင်းရင် ကောင်းသလောက်ပိုပြီး  လမ်းပွင့်လာ နိုင်တယ်။
ဖျော်ဖြေပွဲကိုတော့ ကိုယ်ကြိုက်တဲ့အဖွဲ့ မပါလို့ လက်မှတ်ဝယ်ပြီး သွားမကြည့်ဖြစ်ပေမယ့် တီဗီက လွှင့်တာကို စောင့်ကြည့်ဖြစ်တယ်။
 မြင်ကွင်းထဲမှာ စင်ပေါ်မှာ ပန်ကာကြီးနှစ်လုံးကို မြင်နေရတာမျိုးကတော့ တော်တော်ကို ဆိုးတယ်”
လို့ မယမင်းက K-Pop ပွဲနဲ့ ပတ်သက်လို့ သူ့အမြင်ကိုပြောပြတယ်။

မြန်မာနိုင်ငံက K-Pop ချစ်သူ ဆယ်ကျော်သက် ကောင်လေး၊ ကောင်မလေးတွေလည်း K-Pop ရဲ့ လွှမ်းမိုးမှု ခေတ်ရေစီးကြောင်းထဲမှာ ပျော်ပျော်ကြီး ကူးခပ်နေတာကို တွေ့နိုင်ပါတယ်။
 K-Pop ဟာ ဂီတ တေးသီချင်းနဲ့ အကမှာတင် မဟုတ်ပါဘူး။
သူတို့ရဲ့ ဝတ်စားဆင်ယင်မှု၊ ဟန်ပန်၊ ရုပ်ရည်အသွင် အပြင်နဲ့ သူတို့ရဲ့ နေ့စဉ်ဘဝ လှုပ်ရှားမှုပုံစံတွေကပါ လူငယ်တွေကြားမှာ အတုယူအားကျ လိုက်လုပ်ရ အောင်ကို ရိုက်ခတ် လွှမ်းမိုးမှုတွေ ရှိနေပါတယ်။
 ဒါကလည်း အားပေးတဲ့ ပရိသတ်တယောက် ခံယူတဲ့ ခံယူချက်၊ အားပေးတဲ့စိတ်၊ ရူးသွပ်မှု အပေါ်မူတည်ပြီး အမျိုးမျိုးကွဲပြားပါတယ်။

ခေါင်းစည်းတို့၊ လက်ပတ်တို့၊ ဖိနပ်တို့ကတော့ တခါတလေ  စိတ်အပြောင်းအလဲ  ဖြစ်အောင် K-Pop ပုံစံလေး လိုက်ဝတ်ဖြစ်တယ်။
သူတို့ရဲ့ Accessory စတိုင်လ်လေးတွေကို ချစ်လို့၊ ဃကအန ဖြစ်လို့ပါ” လို့ မယမင်းက K-Pop နဲ့ ပတ်သက်ပြီး သူ ဝတ်ဆင်ဖြစ်ပုံကို ပြောပါတယ်။

K-Pop က အမှန်တကယ်တော့ ဆယ်ကျော် သက်တွေချည်းပဲ ကြိုက်တဲ့ ဂီတအမျိုးအစားတော့ မဟုတ်ပါဘူး။ အခုဆိုရင် K-Pop ဟာ လူငယ်လူကြီး ကျားမ မရွေး၊ အသက်အရွယ် အမျိုးမျိုးနဲ့ လူမျိုးစုံက ကြိုက်နှစ်သက်တဲ့ ကမ္ဘာကျော်နာမည်ကြီး အောင်မြင်တဲ့ ဂီတတခု ဖြစ်လာခဲ့ပါပြီ။
K-Pop ကို အရင် က အရှေ့အာရှလောက် ကသာ သိခဲ့တာဖြစ်ပြီး အခု ဆိုရင်တော့ အနောက်နိုင်ငံတွေအထိပါ ထိုးဖောက် လာနိုင်ခဲ့ပါပြီ။ ဒါဟာလည်း K-Pop  အဆိုရှင်တွေရဲ့ အဖွဲ့လိုက် အတွဲညီညီ ကြိုးစား အားထုတ်မှုနဲ့ သူတို့ ရဲ့ ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင် စတိုင်တွေနဲ့ ထိုးဖောက် ဝင်ရောက်လိုက်လာတဲ့ ဂီတတခုကို ပရိသတ် တွေက လက်ခံလိုက်ကြတာကြောင့်ပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက နာမည်ကြီးအဆိုတော် တ ယောက်ကတော့ ဂျာနယ်တစောင်ရဲ့ အင်တာဗျူးမှာ
“သူတို့နိုင်ငံ (တောင်ကိုးရီးယား) က K-Pop နဲ့ ပတ်သက်ပြီး သူတို့ကို ငွေအများကြီး ပံ့ပိုးအသုံးပြုထားတယ်။ နည်းပညာ ပိုင်းဆိုင်ရာတွေ၊ ငွေကြေးပိုင်း ဆိုင်ရာတွေမှာ အပြည့်အဝထောက်ပံ့ပေးတဲ့အပြင် Camp တွေလည်း အချိန်တွေပေး လေ့ကျင့်ထားပြီး ပြီးပြည့်စုံပြီဆိုမှ ပရိသတ်ကို ချပြတယ်ဆိုတော့ အတော်လေး အောင်မြင်တယ် လို့ ပြောရပါတယ်။
ကျနော်တို့ မြန်မာ နိုင်ငံမှာလည်း ဒီလိုဝါသနာရှင်တွေ ကို ဒီလိုမွေးထုတ်ပေးနိုင်တဲ့ ငွေအများ ကြီးသုံးနိုင်တဲ့ ကုမ္ပဏီကြီးတွေပေါ်လာရင်တော့ K-Pop လိုပဲ ကမ္ဘာကျော်ပြီး ပေါက်နိုင်မယ်လို့ ထင်ပါတယ်”
လို့ ဖြေကြားထားတာကို တလောက ဖတ်လိုက်ရပါတယ်။

သူပြောတာလည်း မှန်သင့်သလောက်မှန်တယ်လို့ ဆိုရမှာပါ။ မြန်မာအဆိုတော် အများစုဟာ ငွေကြေးပိုင်း ဆိုင်ရာ၊ နည်းပညာပိုင်းဆိုင်ရာတွေမှာ ကုမ္ပဏီ အစုအဖွဲ့နဲ့မဟုတ်ဘဲ တဦးတယောက်ချင်းစီ ရုန်းကန်နေကြရ တာ၊ လောလောဆယ် ဂီတလောကမှာလည်း အရည်အချင်းကြောင့်မဟုတ်ဘဲ ပိုက်ဆံရှိ ရုံနဲ့၊ သီချင်းဆို တတ်တယ်ဆိုရုံလောက်နဲ့ အခွေတွေ ထုတ်နိုင်နေတဲ့ အနေအထားမျိုးတွေ ဖြစ်နေတာကြောင့် နိုင်ငံတကာကို ထိုးဖောက်နိုင်တဲ့ ဂီတမျိုးတွေ များများစားစား မပေါ်ထွက်လာသေးတာလို့လည်း ပြောနိုင်ပါသေးတယ်။

အခုအခါမှာတော့ နာမည်ကြီး မြန်မာအဆိုတော်တချို့က သူတို့ကိုယ်ပိုင်ဟန်၊ သူတို့ရဲ့ ကိုယ် ပိုင်စတိုင်တွေနဲ့  MTV သီချင်းကောင်းကောင်းတွေကို ဖန်တီး ထုတ်လုပ်လာကြတာကို တွေ့မြင်ကြားသိနေရပါပြီ။
ဒါပေမယ့် အောင်မြင်ပြီးသား ပေါက်ပြီးသား နိုင်ငံတကာသီချင်းတွေရဲ့ ကော်ပီအငွေ့အသက် အရိပ်အောက်ကနေ မလွတ်ကင်းနိုင်သေးသမျှ၊ ခိုးကူးသမားတွေရဲ့ ဒဏ်ကို ခံနေရသေးသမျှကတော့ အခက်အခဲတွေက ကြီးမား နေဦးမှာပါ။

ကျနော်တို့ ဆီမှာလည်း  ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင် စတိုင်တွေနဲ့ သီဆိုနိုင်တဲ့ အနေအထားရောက်အောင် ဝါသနာရှင် ရွက်ပုန်းသီးလေးတွေကို စနစ်တကျရွေး ထုတ်လို့ အချိန်ပေးပြီး သင်ကြား မွေးထုတ်ပေးနိုင်မယ်ဆိုရင်ဖြင့် K-Pop ဂီတလို ကမ္ဘာကို ထိုးဖောက်နိုင်ကြမလား ဆိုတာကိုတော့ . . .။

 


သီဟတိုး


.

Viewing all articles
Browse latest Browse all 5236

Trending Articles