Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ကော်ရှူတဲ့ကလေးနှစ်ယောက် ရထားကြိတ်ခံရခြင်း

$
0
0

~
 .
မနက်နိုးတော့ ကျောင်းက ဖုန်းဝင်လာတယ်။
ကလေးနှစ်ယောက် ရထားကြိတ်ခံရလို့ သွားကြည့်ပါဦး၊ နှစ်ယောက်စလုံး သေသွားပြီလို့ ကြားတယ်ဆိုတော့ ဘယ်သူတွေများလဲ စိုးရိမ်သွားတယ်။
မေးလိုက်တော့ တစ်ယောက်က ကျော်မြင့်ဌေး၊ နောက်တစ်ယောက်ကတော့ နာမည်မသိရသေးဘူးတဲ့။
ကျော်မြင့်ဌေးလို့ ဆိုလိုက်ကတည်းက စိတ်ထဲမှာ ချက်ချင်းသိလိုက်တယ်။ ကော်ရှူတဲ့ကလေးပဲ။

အခုပုံမှာ ကော်ရှူနေတဲ့ကလေးပေါ့။ သူက ကျောင်းကို မလာတာ အတော်ကြာပြီ။ နှစ်လကျော်ပြီထင်တယ်။
အရင်ကလည်း အမြဲကျောင်းမှန်တဲ့ ကလေးတစ်ယောက်တော့မဟုတ်ဘူး။ ရံဖန်ရံခါမှသာ ကျောင်းကို လာတတ်ပါတယ်။
ကော်ဖြတ်ထားတဲ့ ရက်တွေဆို ကျောင်းကို တစ်ရက် နှစ်ရက်လာတယ်။ ပြီးရင် ပျောက်သွားပြန်လို့ စုံစမ်းကြည့်ရင် ကော်ရှူနေတယ်လို့ ကြားရတယ်။
နဂိုက ဦးနှောက်ချို့တဲ့ပုံရပြီး ကော်ရှူနေတော့ ပိုဆိုးနေတယ်။ ရသမျှပိုက်ဆံ ကို ကော်ပဲ ရှူနေတယ်လို့သိရတယ်။

ကော်ရှူနေတဲ့ကလေးတစ်ယောက် ကျောင်းကို ရောက်လာရင် တစ်ကျောင်းလုံးကို သောင်းကျန်းတတ်လို့ အဲ့လို ကလေးကို လက်မခံပဲ ဆရာမလေးတွေက ပြန်လွှတ်လေ့ရှိတယ်။
ဒါပေမယ့် ကော်မရှုတော့ဘူး ပြတ်သွားလို့ ကျောင်းတက်ချင်တယ်ဆိုရင်တော့ စာနာစိတ်နဲ့ လက်ခံပါတယ်။ စာတော့ မလိုက်နိုင်တော့တဲ့အတွက် နှစ်သိမ့်ပညာပေးရတယ်။
နောက်အဲ့လိုမဖြစ်အောင်တော့ အတတ်နိုင်ဆုံး ပြောဆို ဆုံးမကြပါတယ်။

ရင်ခွဲရုံရှေ့ရောက်တော့ သေသွားတဲ့ကလေးရဲ့အမေနဲ့ အခြားသူတွေ ရောက်နေကြတယ်။ ရဲနှစ်ယောက်လည်း ရှိတယ်။
 မိုးမေတ္တာ အခမဲ့နာရေးကူညီမှုအသင်းက အကူအညီပေးဖို့ အစ်ကိုတစ်ယောက်လည်း ကျွန်တော်နဲ့အတူပါလာတယ်။
 အလောင်းတွေက ရထားကြိတ်ထားလို့ မနည်းပြန်ပြီး ချုပ်နေရတယ်လို့ ရင်ခွဲရုံထဲက ၀န်ထမ်းလေးနှစ်ဦးရောက်လာပြီး ရှင်းပြတယ်။

အမေလုပ်တဲ့သူက သားသေတော့ မျက်နှာပျက်ပျက်နဲ့ အကူအညီတောင်းရှာတယ်။ ကျွန်မမှာ ငွေနှစ်ထောင်ပဲရှိတယ်တဲ့။ အဲ့ဒါ ဘုန်းကြီးပင့်လို့ရနိုင်မလားလို့မေးတယ်။
နာရေးအသင်းကအစ်ကိုက ငါးထောင်လှူမယ် အဲ့ဒါဆို ခုနှစ်ထောင် အအေးဝယ်၊ ဘုန်းကြီးသွားပင့်လို့ရပြီလို့ ပြောတော့ နည်းနည်းတော့ကျေနပ်သွားပုံရတယ်။
မီးသဂြိုလ်စရိတ်ကုန်ကျငွေ နှစ်သောင်းကိုတော့ ကျွန်တော်တို့ အဖွဲ့ရန်ပုံငွေထဲမှ လှူလိုက်ပါတယ်။

ရဲနှစ်ယောက်ကလည်း ညက အဖြစ်အပျက်ကို ပြန်ပြောပြတယ်။ ည ၁၀း၄၅ မှာ ပြည်မြို့ ဘူတာကြီးအနီး အောင်မင်္ဂလာဈေးအနားမှာ ဖြစ်ခဲ့တာပါတဲ့။
 အမြန်ရထား ခေါင်းတွဲ အချိန်းအပြောင်းမှာ ရှန်တိန်လုပ်တဲ့ လမ်းပေါ်မှာဖြစ်သွားတာ။
တစ်နာရီငါးမိုင်နှုန်းပဲရှိတဲ့ရထားက ခေါင်းတွဲချိန်းပြီး ဘူတာဘက်အလာ မိုင်တိုင် ၁နဲ့ ၂ ကြားမှာပါ။ ကလေးတွေက ရထားမလာတော့ဘူးအထင်နဲ့ ရှန်တိန်လမ်းပေါ်အိပ်နေပုံရတယ်။ ရထားက ဥသြဆွဲပေမယ့် အနားရောက်မှ တွေ့တော့ ဘရိတ်အုတ် အရှိန်သတ်လိုက်ပေမယ့် မမှီလိုက်တော့ပါဘူး။

နောက်တစ်နေ့မှာ စုံစမ်းကြည့်တော့ အခြားကလေးတွေ ပြောပြချက်အရဆိုရင် သေသွားတဲ့ကလေးနှစ်ဦးဟာ အဲ့နေ့က ကော်တွေတော်တော်ရှုထားတယ်လို့ သိရတယ်။
သုံးထောင်တန်ကော်ဘူးကို ၀ယ်ပြီးရှုနေတာတွေ့လို့ မရှုတဲ့ကလေးတွေက လူကြီးတွေဆီ သွားတိုင်ခဲ့သေးတယ်လို့ ပြောကြတယ်။
ကော်ရှူထားတဲ့အရှိန်နဲ့ အိပ်မောကျ သွားတဲ့အချိန်မှာ အဖြစ်ဆိုးနဲ့ ကြုံကြရတာဖြစ်နိုင်တယ်။


http://blog.irrawaddy.org/2013/11/blog-post_8400.html


အခုလို ကော်အန္တရာယ်က လေလွင့်နေတဲ့ကလေးတွေမှတင်မဟုတ်ပဲ ယခုဆိုရင် တက္ကသိုလ်ကျောင်းသားတွေနဲ့ အခြားနေရာတွေမှာ ကူးစက်နေပြီဆိုတာ သိထားပါတယ်။
 မြို့ကြီးတွေကော နယ်တွေမှာပါ ပျံ့နှံ့နေဆဲဖြစ်ပါတယ်။
ဒီအကြောင်းကို ဧရာဝတီသတင်းဌာနနဲ့ ကျွန်တော်တို့အဖွဲ့က ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်သံကို http://www.facebook.com/l.php?u=http%3A%2F%2Fwww.youtube.com%2Fwatch%3Fv%3D_OrV3SzCj4w%26feature%3Dyoutu.be&h=7AQGvucGJဒီလင့်မှာ ကြည့်လို့ရပါတယ်။

လွန်ခဲ့သောနှစ်က လွှတ်တော်ထဲမှာလည်း ကော်ရှူခြင်းနဲ့ပက်သက်တဲ့အကြောင်း ဆွေးနွေးခဲ့တာကြားလိုက်ရပါသေးတယ်။
နောက်ဆုံး လွှတ်တော်မှ သမ္မတကြီးထံ စာတင်တဲ့အဆင့်တော့ သိလိုက်ပြီး အကြောင်းပြန် မပြန်အခုထိ သတင်းမကြားတော့ပါဘူး။
 အဲ့နောက်မှ တင်တဲ့ မျိုးစောင့်ဥပဒေတော့ နေ့ချင်းညချင်း အကောင်အထည်တွေပေါ်လာတာ သိကြမှာပါ။

ကော်ရှူတာနဲ့ပက်သက်လို့ လိုအပ်ရင် ဥပဒေပြဌာန်းပြီး အရေးယူဆောင်ရွက်ရမယ့်ကိစ္စဖြစ်ပြီး ဒီအတိုင်းမသိချင်ယောင်ဆောင်နေလို့မရတဲ့ အန္တရာယ်တစ်ခုလည်း ဖြစ်တယ်ဆိုတာ
အခုလို ဖြစ်ရပ်တွေက သက်သေပြနေပါတယ်။
မူးယစ်ဆေးလို ဒုက္ခပေးတတ်တဲ့ ကော်ရှူခြင်းကြောင့် လူ့အသိုင်းအ၀ိုင်းထဲမှာ မလိုလားအပ်တဲ့ ရာဇ၀တ်မှု အမျိုးမျိုးပေါ်ပေါက်လာနိုင်တယ်ဆိုတာ အသိပေးလိုက်ရပါတယ်။

  • ကရုဏာလက်များ ကွန်ရက်
https://www.facebook.com/streetchild.pyay

.


Viewing all articles
Browse latest Browse all 5236

Trending Articles