Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

7 DAY NEWS ၏ ၂ဝ၁၃ ခုနှစ် ဟီးရိုးများ

$
0
0
7DAY သတင်း ဂျာနယ်က နှစ်စဉ် သာမာန် ပြည်သူများထဲမှ မိမိ ကျရာကဏ္ဍတွင် ကိုယ်ကျိုးမဖက်ဘဲ တာဝန်သိသိ ၊ သတ္တိရှိရှိ အများပြည်သူအကျိုးအတွက် အနစ်နာခံစွမ်းဆောင်ခဲ့ကြသော ပုဂ္ဂိုလ်များကို 7DAY သူရဲကောင်းဆု( 7 DAY NEWS HERO ) အဖြစ် ၂၀၁၂ ခုနှစ်မှ စတင်ကာ ပေးအပ်ခဲ့သည်။ 

 မိတ္ထီလာမြို့မှာ လူ့အသက်များစွာကို ကယ်တင်ခဲ့တဲ့ ဆရာတော် ဦးဝိသုဒ္ဒ ဆုလက်ခံစဉ်၊ ဓာတ်ပုံ- ထက်နိုင်ဇော်


၂၀၁၃ ခုနှစ်အတွက် 7 DAY NEWS HERO အဖြစ် ရွှေးချယ်ခံရသူများမှာ မိတ္ထီလာမြို့ ရတနာဦးကျောင်း တိုက် မှ ကျောင်းထိုင်ဆရာတော် ဦးဝိသုဒ္ဓ ၊ မဇ္ဈိမလှိုင်း တေးဂီတအဖွဲ့မှ ဂစ်တာသမား ဦးရဲလွင်၊ ပင်းတယ မြို့နယ် ဆေးရုံအုပ် ဒေါက်တာသန်းမင်းထွဋ် ၊ မသန်းစွမ်း ရေကူးသမား ကိုအောင်ငြိမ်းဦးတို့ ဖြစ်သည်။ 

မိတ္ထီလာမြို့ ရတာနာဦး ကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် ဦးဝိသုဒ္ဓမှာ ၂၀၁၃ ခုနှစ် မတ်လ က ဖြစ်ပွားခဲ့သော မိတ္ထီလာ အကြမ်းဖက်မှုကြီးတွင် မွတ်စလင် ၈၀၀ ကျော်ကို ရဲဝံစွာ ကယ်တင်ခဲ့သူဖြစ် သည်။ 

ယခုနှစ်ပိုင်းအတွင်း မြန်မာနိုင်ငံ၌ ဖြစ်ပွားနေသော လူမျိုးရေး ၊ ဘာသာရေး ပဋိပက္ခများကို ရှောင်ရှားနိုင် ရန် အကောင်းဆုံးနည်းလမ်းမှာ ဘာသာလူမျိုး မခွဲခြားဘဲ ငြိမ်းငြိမ်းချမ်းချမ်းနှင့် နေထိုင်ကြလျှင် မြန်မာနိုင်ငံ သာမက ကမ္ဘာမှာပင် ထာဝရ ငြိမ်းချမ်းမည်ဟု ဆရာတော်က အကြံပြုသည်။ 

 ဂစ်တာသမား ကိုရဲလွင် ဆုလက်ခံယူနေစဉ်

ငြိမ်းချမ်းရေးအတွက် ဂစ်တာတီးသူ လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း လူမှုကွန်ရက်အဖွဲ့မှ ဂစ်တာသမားကြီး ဦရဲလွင်မှာ ဂစ်တာတလုံးကိုင်လျက် ရာသီမရွေး ၊ အချိန်နာရီမရွေး အလှူခံကာ လူမှုရေး လုပ်ငန်းများ ကို နိုင် သလောက် ပြုလုပ်နေသူ ဖြစ်သည်။ 

၂၀၁၁ ခုနှစ်တွင် ပန်းရဲ့လမ်း လူမှုကွန်ရက် အဖွဲ့ကို စတင်ဖွဲ့စည်းခဲ့ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ပညာရေး ကွန်ရက်၊ ကျန်းမာရေးကွန်ရက်တို့အတွက် လမ်းဘေးတွင် သီချင်းလိုက်လံသီဆို၍ ရန်ပုံငွေ ရှာပေးခဲ့သည်။ ကချင်စစ်ဘေးသင့် ပြည်သူများအတွက်လည်း ရန်ပုံငွေ ရှာပေးခဲ့သည်။ 

ယခုအခါ ဦးရဲလွင်တို့ အဖွဲ့ ရှာပေးခဲ့သော ငွေကြေးပမာဏမှာ ကျပ်သိန်းပေါင်း သုံးထောင်ကျော်လာ ခဲ့ပြီ ဖြစ်သည်။ 

မြန်မာပြည် ငြိမ်းချမ်းရေးအတွက် ဂစ်တာဆက်တီးနေဦးမည်ဟု ဦးရဲလွင်က ပြောဆိုသည်။ 7 DAY NEWS HERO ဆုရှင် အခြားနောက်တဦးမှာ ရှမ်းပြည်နယ် ပင်းတယမြို့နယ် ဆေးရုံအုပ် ဒေါက်တာ သန်းမင်းထွဋ် ဖြစ်သည်။ 

ဒေါက်တာ သန်းမင်းထွဋ် ဆုလက်ခံစဉ်

ယခင်က ဆရာဝန်ဆိုသည်ကို မမြင်ဖူးကြသည့် တောင်ပေါ်တိုင်းရင်းသား ကျေးရွာတချို့မှာ ယခုအခါ သူတို့အခေါ် ဆရာကြီး ဟူသည့် ဒေါက်တာသန်းမင်းထွဋ်ကို ယုံကြည် ကိုးစားလျက်ရှိကြသည်။ 

ဒေါက်တာသန်းမင်းထွဋ်သည် ပင်းတယမြို့နယ်တွင် တာဝန်ကျစဉ် ကျေးရွာပေါင်း ၅၀ ကျော်ရှိ လူနာ ရှစ်ထောင်ကျော်အား အခမဲ့ ဆေးကုသပေးခဲ့သူ ဖြစ်သည်။ 

သူ၏ စေတနာကြောင့် ခုတင် ၁၀၀ ဆံ့ဆေးရုံကြီးတွင် ဆေးရုံအုပ်ကြီးအဖြစ် ရာထူး တိုးမြင့်ခံရသော် လည်း ဒေသခံလူထု ၃,၀၀၀ ကျော်၏ လက်မှတ်ရေးထိုး တင်ပြမှုကြောင့် ပင်းတယ ကုတင် ၂၅ ဆံ့ 
ဆေးရုံလေးတွင် ဆက်လက်နေထိုင်ရဆဲ ဖြစ်သည်။ 

အခြားနောက်တဦးမှာ မသန်းစွမ်း မိဘမဲ့ကလေး တဦး ၊ လေလွင့်ကလေးငယ် တဦး အဖြစ်မှ နိုင်ငံဂုဏ်
ဆောင် အားကစား သမားတဦး ဖြစ်လာသူ ကိုအောင်ငြိမ်းဦး ဆိုသူ ဖြစ်သည်။ 

ကိုအောင်ငြိမ်းဦးမှ ဆုလက်ခံအပြီး ကျေးဇူးတင်စကားပြောနေစဉ်

မုံရွာသား ကိုအောင်ငြိမ်းဦးသည် ငယ်စဉ်ကပင် မိခင်ဆုံးပါးသွားသဖြင့် မန္တလေးရှိ မိဘမဲ့ကျောင်းတကျောင်း သို့ ရောက်ရှိသွားခဲ့သည်။ 

ထို့နောက်ကျောင်းတွင် စည်းကမ်းမလိုက်နာဘဲ ထွက်ပြေးကာ ဘူတာများတွင် လှည့်ပတ်နေထိုင်ရင်း တနေ့တွင် ကံအကြောင်းမလှစွာ ရထားပေါ်မှ ပြုတ်ကျပြီး လက်နှစ်ဖက် ဆုံးရှုံးခဲ့ရသည်။ 

ထို့နောက် လက်နှစ်ဖက် မရှိတော့သည့်အတွက် စိတ်ဓာတ်ကျဆင်းခဲ့သော်လည်း ၂၀၀၇ ခုနှစ် တွင် ရေးကူးစသင်ကာ ပြည်တွင်း မသန်စွမ်းအားကစားပြိုင်ပွဲများသို့ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ယခု အခါ နိုင်ငံဂုဏ်ဆောင် ရွှေတံဆိပ်ဆုရှင် အားကစား သမားတဦး အဖြစ်သို့ ရောက်ရှိလာသည်။ 

ယခုနှစ်တွင် ကျင်းပခဲ့သည့် ၇ ကြိမ်မြောက် ပါရာဂိမ်းပြိုင်ပွဲတွင် ရွှေတံဆိပ်နှစ်ခု ရယူပေးခဲ့သူ ဖြစ်သည်။ 



ထက်နိုင်ဇော် ~ 








 

Viewing all articles
Browse latest Browse all 5236

Trending Articles