Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

လပွတ္တာသွားမယ်ဆို ကျောက်ကားတွေသတိထား

$
0
0
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့ကို သတင်းကိစ္စတခုနဲ့ သွားဖြစ်ခဲ့ပါတယ်။ ခါတိုင်းကတော့ ပုသိမ် - လပွတ္တာရှပ်ပြေးမော်တော်စီးပြီးတော့သွားလေ့ရှိပေမယ့် ဒီတခေါက်တော့ 
ရေလမ်းနဲ့ သွားလို့ အဆင်မပြေတာကြောင့် ဆိုင်ကယ်နဲ့ပဲ သွားဖြစ်ခဲ့ပါတယ်။ 


လပွတ္တာသွားဖို့အတွက် ပုသိမ်မြို့ကနေ မြောင်းမြ၊ မြောင်းမြမြို့ကနေ လပွတ္တာကို ခရီးဆက်ခဲ့ပါတယ်။ ပုသိမ်ကနေ မြောင်းမြအထိသွားတဲ့လမ်းမှာ ပြဿနာမရှိခဲ့ပေမယ့် မြောင်းမြကနေ လပွတ္တာမြို့ကို သွားတဲ့နေရာမှာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ကျောက်ကားတွေနဲ့ စပြီး တွေ့ကြုံရတာပါပဲ။ 

ကျောက်ကားဆိုတာက လပွတ္တာမြို့နဲ့ မြောင်းမြမြို့ကို ဆက်သွယ်ထားတဲ့ မော်တော်ကားလမ်းကို တာဝန်ရှိ သူတွေက ကျောက်ခင်းလမ်းကနေ ကတ္တရာလမ်းအဆင့်ကို တိုးမြှင့်တဲ့နေရာမှာ အသုံးပြုတဲ့ ကျောက်စရစ်ခဲ သယ်တဲ့ကားတွေပါပဲ။ 

မောင်းချက်ကတော့ အင်္ဂလန်က ဂျိမ်းစ်ဘွန်း မြန်မာပြည်လာပြီး ကျောက်ကားလာမောင်းနေသလား မှတ်ရတယ်။ လီဗာကို တဗျင်းဗျင်းနင်းပြီး ဖုန်ထူထူလမ်းပေါ်မှာ ဘယ်သူမှမရှိဘဲ သူတို့တစီးထဲမောင်းနေ သလို မျိုး ၀ါးလုံးထိုးကို မောင်းနေတာ တွေ့ခဲ့ရပါတယ်။ 

လပွတ္တာကို ပထမဆုံး ဆိုင်ကယ်နဲ့သွားဖူးတာဖြစ်တော့ အထာမသိသေးတဲ့ကျနော်တို့က ပုံမှန်ပဲ ကားလမ်းမပေါ်မှာ မောင်းနေရင်းကနေ ကျောက်ကားတစီးနဲ့ လမ်းကွေ့တခုမှာ ဆုံပါတယ်။ 

ကားကြီး ဖြစ်တဲ့အတွက် အချိန်တန်လို့ ဆိုင်ကယ်နဲ့နီးလာခဲ့ရင် အရှိန်လျှော့ပေးမှာပဲလို့ ထင်မှတ်ခဲ့တာ လုံးဝ မှားသွားခဲ့ပါတယ်။ 

ဆိုင်ကယ်နဲ့နီးလာလည်း သူတို့က ဆိုင်ကယ်ကို ရှိတယ်လို့တောင် သဘော မထားဘဲ အကွေ့ကိုအရှိန်နဲ့
ကွေ့ချပစ်လိုက်တာ သူတို့ကားအမြှီးက ခါရမ်းပြီး ဆိုင်ကယ်ဆီဝင်ချလာလို့ ကျနော်တို့ဆိုင်ကယ်ကို လမ်းဘေးကို ထိုးချခဲ့ရပါတယ်။ 

အဲဒီနောက်ပိုင်း ကျနော်တို့လည်း အထာသိသွားပါတယ်။ အသံကုန်ဟစ်ပြီး အရှိန်ပြင်းပြင်း မောင်းလာတဲ့ 
ကျောက် ကား လာပြီဆိုတာနဲ့ ဆိုင်ကယ်ကို ဆက်မမောင်းတော့ဘဲ လမ်းဘေးကို အသာလေး ချရပ်ပေး လိုက်ပါတယ်။ 

 ကျနော်တို့လိုပဲ ကားလမ်းပေါ်က ဆိုင်ကယ်သမား၊ စက်ဘီးသမားနဲ့ လမ်းဘေးက လမ်းလျှောက်နေသူပါ မကျန် ကျောက်ကားလာပြီဆိုတာနဲ့ လမ်းဘေးကို ဆင်းပေးကြတာ တွေ့ခဲ့ရပါတယ်။ 

ကျောက်ကားမောင်းသူတွေကလည်း ကားလမ်းပေါ်မှာ အနိုင်ကျင့်ဗိုလ်ကျပြီးရလာတဲ့ ဒီလို အထူးအခွင့် အရေး အပေါ်မှာ ကျေနပ်နေပုံရပါတယ်။ ပျော်ပျော်ရွှင်ရွင်ပဲ အရှိန်ပြင်းပြင်း မောင်းနေကြတာပါပဲ။ 

လပွတ္တာမြို့ရောက်တော့ ကြုံတွေ့ခဲ့ရတဲ့ကျောက်ကားတွေအကြောင်း မြို့ခံတွေကိုပြောပြတော့ 
“ခင်ဗျားတို့က အခုမှခံရတာ။ ကျုပ်တို့က အဲဒီဒုက္ခကို ခံနေရတာ ကြာနေပြီ”လို့ မချိတင်ကဲ ပြောကြပါတယ်။ 

ကျောက်ကားတိုက်လို့ လူတွေသေကြသလို ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်း အများအပြား ရှိခဲ့တယ်လို့ လပွတ္တာမြို့ခံတွေက ပြောပြပါတယ်။ 

"ပြီးခဲ့တဲ့ဖေဖော်ဝါရီလထဲမှာပဲ လမ်းဘေးမှာ ဆိုင်ကယ်ရပ်ပြီး ဖုန်းပြောနေတာကို ကျောက်ကားက အရှိန်မလျှော့ဘဲကွေ့လိုက်ပြီး အမြှီးနဲ့ရိုက်ချလိုက်တာ ၁ ယောက်က နေရာမှာတင် ပွဲချင်းပြီးသေသွား တယ်။ နောက်တယောက်က ဆေးရုံအရောက်မှာ သေတယ်။ တယောက်က အခုထိ ဆေးရုံတက် ကုနေရတုန်းပဲ။ ကျနော်တို့မှာ အဲဒီလမ်းကို ဆိုင်ကယ်နဲ့သွားရင် ဘုရားတနေရတယ်။ ဟိုတလောက လည်း ကျောင်းဆင်းချိန်ကို အရှိန်မလျှော့ဘဲမောင်းလို့ ကျောင်းသားမိဘတွေနဲ့ စကားများကြသေးတယ်”လို့ လပွတ္တာမြို့ခံ လူငယ်တဦးက ပြောပါတယ်။ 

သူတို့ဘာကြောင့်အခုလောက် အလျင်စလိုအမြန်မောင်းနေကြသလဲလို့ စုံစမ်းကြည့်ပါတယ်။ လပွတ္တာမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးထိန်လင်းက အခုလို ပြောပါတယ်... 

“အဲဒီကျောက်ကားတွေက ဆောက်လုပ်ရေးကလည်းပါသလို အပြင်က ပုဂ္ဂလိကကားတွေလည်း ပါတယ်ဗျ။ သူတို့ကို ကျောက်တခေါက်တိုက်ပေးရင် ဘယ်လောက်ဆိုပြီး နှုန်းထားသတ်မှတ် ပေးထားတော့ တွက်ခြေ ကိုက်ဖို့အတွက် အခေါက်ရေများအောင် ဆွဲတော့တာပေါ့။ အဲဒီမှာ မလိုလားအပ်တဲ့ ဘေးဒုက္ခတွေ ဖြစ်လာ တာပေါ့” 

လပွတ္တာမြို့က အပြန်လမ်းမှာလည်း ၀ရုန်းသုန်းကားမောင်းနေတဲ့ကျောက်ကားတွေကြောင့် လမ်းသွား လမ်းလာ ခရီးသည်တွေ အခက်အခဲဒုက္ခတွေ ကြုံတွေ့နေရတာကို မြင်ခဲ့ရပါတယ်။ 

သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ မြောင်းမြနဲ့ လပွတ္တာတ၀ိုက်မှာ ဟိုးလေးတကျော်ကျော် ဖြစ်နေတဲ့ အများပြည်သူတွေ အထိတ်တလန့်နဲ့ ခရီးသွားနေရတဲ့ ကျောက်ကားကိစ္စကို ပြေလည်အောင် ဖြေရှင်းပေးဖို့ လိုအပ်နေပြီဖြစ်ကြောင်း ရေးသားတင်ပြ လိုက်ရပါတယ်။ 


ဆလိုင်းသန့်စင် ~


 









Viewing all articles
Browse latest Browse all 5236

Trending Articles