Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

မန္တလေးတိုင်း မ.ဘ.သ အဖွဲ့ရဲ့ ပထမဆုံး ကြေညာချက်

$
0
0

မန္တလေးမြို့က အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေး အဖွဲ့ အစည်းအဝေးအပြီး မနေ့က ထွက်ပေါ်လာတဲ့ ပထမဆုံး ကြေညာချက် တစောင်ဖြစ်ပါတယ်။ 


အထက်မြန်မာပြည် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (သာသန ဝံသပါလ) ကို မန္တလေးမြို့မှာ ဖွဲ့ စည်းဖွဲ့ စည်းခြင်း အခမ်းအနားကို ဇန်နဝါရီလ ၁၅ က မန္တလေးမြို့၊ မဟာအတုလဝေယန် (အတုမရှိ)  ကျောင်းတော်ကြီးမှာ ကျင်းပခဲ့စဉ် 


မန္တလေးတိုင်းဒေသကြီး သာသန၀ံသပါလ (ခေါ်) အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့၏ ကြေညာချက် အမှတ် (၁/ ၂၀၁၄) 

ရက်စွဲ။   ။၁၃၇၅-ခု ပြာသိုလပြည့်ကျော် ၂-ရက် (၁၇- ၁ - ၂၀၁၄) သောကြာနေ့

မန္တလေးတိုင်းဒေသကြီး အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့၏ အတုမရှိ သံဃာ့ညီလာခံကြီး၌ မန္တလေးမြို့ ထိန်လင်းပရိယတ္တိစာသင်တိုက် ပဓာနနာယက၊ တိပိဋကဓရ ရမ္မာဝတီဆရာတော် အရှင် ဣန္ဒပါလ ၏ ပြောကြားချက်နှင့် ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး အမျိုး ဘာသာ သာသနာစောင့် ရှောက်ရေးအဖွဲ့ အမိန့်ကြေညာချက် အမှတ် (၁) ကို အောက်ပါအတိုင်း ထုတ်ပြန်ကြေညာလိုက်သည်။ 

မန္တလေးမြို့ ထိန်လင်းပရိယတ္တိစာသင်တိုက် ပဓာနနာယက၊ တိပိဋကဓရ ရမ္မာဝတီဆရာတော် အရှင် ဣန္ဒပါလ သည် အတုမရှိ သံဃာ့ညီလာခံကြီး၌ မူဝါဒသဘောထားစာတမ်း မဖတ်ကြားမီ သီတဂူ ဆရာတော်ဘုရားကြီးနှင့် ပတ်သက်၍ လည်းကောင်း၊ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် ပတ်သက်၍လည်းကောင်း ပုဂ္ဂိုလ်ရေးရာ စကားများကို ပြောခဲ့ပါသည်။ 

ထိုဆရာတော်၏ ပုဂ္ဂိုလ်ရေးရာပြောကြားချက်များသည် အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့၏ မူဝါဒ၊ လမ်းစဉ်နှင့် ဆန့်ကျင်နေပါသည်။ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့သည် သာသနာ့ ဦးသျှောင် ဆရာတော်ကြီးများ၏ သြ၀ါဒကို ခံယူလျက် အမှီအခိုကင်းသော လွပ်လပ်သည့် အဖွဲ့အစည်းကြီး ဖြစ်ကြောင်း ထုတ်ပြန်ကြေညာပြီးဖြစ်ပါသည်။ 

 အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့၏ မူဝါဒမှာ- 

၁။ ပြည်ထောင်စုကြီး တစ်စုတစ်စည်းတည်း အမြဲတည်ရှိစေရေး၊ 
၂။ တိုင်းရင်းသားအကျိုးစီးပွားများ လုံးဝ မဆုံးရှုံးစေရေး၊ 
၃။ နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်ရေးပင် ဖြစ်ပါသည်။ 

ထိုမူဝါဒကို အကောင်အထည်ဖေါ်နိုင်ရန်အတွက် မန္တလေးတိုင်းဒေသကြီး အမျိုးဘာသာ သာသနာ စောင့်
ရှောက် ရေး အဖွဲ့က အတုမရှိသံဃာ့ ညီလာခံကြီးကို ကျင်းပခြင်းဖြစ်ပါသည်။ 

ထိုသံဃာ့ညီလာခံကြီး၌ ရဟန်းသံဃာပေါင်း (၃၀၀၀၀) သုံးသောင်းကျော် တက်ရောက်ခဲ့ပါသည်။ လူ ပရိသတ်လည်း (၂၀၀၀၀) နှစ်သောင်းဝန်းကျင် တက်ရောက်ခဲ့ပါသည်။ 

ထိုသံဃာ့ညီလာခံကြီး၌ သီတဂူ ဆရာတော်ကြီးသည် သံဃာတော်များအနေဖြင့် မလိုလားသူများက မည် သို့ပင် နှောက်ယှက်နှောက်ယှက် သည်းခံရမည်ဖြစ်ကြောင်းကိုလည်းကောင်း၊ ကြီးကုန်ကြီး ကုန်သော သူတို့ ကို ငယ်ကုန်ငယ်ကုန် သောသူတို့က လေးစားရမည် ဖြစ်ကြောင်းကိုလည်းကောင်း၊ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်း ပညာသင်ကြားရေးလုပ်ငန်း များသည်လည်း အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး အလုပ်များပင်ဖြစ်ကြောင်းကိုလည်းကောင်း ခန္တီ၊ မေတ္တာ၊ ဂါရ၀၊ ပရဟိတတို့နှင့် ပတ်သက်၍ မိန့်ကြားတော်မူခဲ့ပါသည်။ 

ဆရာတော်ကြီး၏ သြ၀ါဒမိန့်ခွန်း၌ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်၊ အမျိုးသား ဒီမိုကရေစီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့နှင့်ပတ်သက်၍ ပုဂ္ဂိုလ်ရေးရာ စကားများ မပါဝင်သကဲ့သို့ သီးခြားမိန့်ကြားသော အလွတ်သဘောသြ၀ါဒ၌လည်း မည်သူ့ကို ထောက်ခံသည်၊ မည်သူ့ကို ကန့်ကွက်သည်ဟူ၍ အရိပ်အမြွက်မျှ မပါဝင်ခဲ့ပါ။ 

သီတဂူဆရာတော်ကြီးသည် အချင်းချင်း စိတ်ဝမ်းကွဲပြားမည့် အလုပ်မျိုးကို ရှောင်ကြဉ်ပြီး နိုင်ငံသားအားလုံး အကျိုး ရှိမည့် အလုပ်မျိုးကိုသာ တက်ညီလက်ညီ ပြုလုပ် ဆောင်ရွက်ကြဖို့ မိန့်ကြားတော်မူခဲ့ပါသည်။ 

မည်သည့်ပုဂ္ဂိုလ် မည်သည့် အဖွဲ့အစည်းကိုမျှ သာစေနာစေဟူသော စိတ်ထားမျိုး မရှိ သကဲ့သို့ လူမျိုးရေး၊ ဘာသာရေးတို့နှင့်ပတ်သက်၍လည်း ကျဉ်းမြောင်းသည့် အမြင် မရှိပါ။ 

ထိုသို့ဖြစ်ပါလျက် တိပိဋကဓရ ရမ္မာဝတီ ဆရာတော် အရှင်ဣန္ဒပါလက အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့၏ မူဝါဒလမ်းစဉ်မှ သွေဖည်၍ ပုဂ္ဂိုလ်ရေးရာစကားများကို သူ့သဘောနှင့်သူ ပြောကြားခဲ့ပါသည်။ 

ထိုပြောကြားချက်များ သည် သီတဂူဆရာတော်ဘုရားကြီး၏ မူဝါဒ၊ လမ်းစဉ် မဟုတ်သကဲ့သို့ အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့၏ မူဝါဒ၊ လမ်းစဉ်လည်း မဟုတ်ပါကြောင်း မန္တလေးတိုင်း ဒေသကြီး အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့က အတိအလင်း ထုတ်ပြန်ကြေညာလိုက်သည်။ 

အရှင်ဣန္ဒာစက္ကာဘိဝံသ 
ဦးဆောင်ဆရာတော် 
အတုမရှိသံဃာ့ညီလာခံကျင်းပရေးကော်မတီ 
နိရုတ္တိ နယူပဒေသကျောင်း မစိုးရိမ်တိုက်၊

မဟာအောင်မြေမြို့နယ် မန္တလေးမြို့။(09.91024795)

သီတဂူ အရှင်ဒေဝိန္ဒာဘိဝံသ 
ဗဟိုဦးဆောင်ဆရာတော်
အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် စစ်ကိုင်းတောင်ရိုး စစ်ကိုင်းမြို့။ (09.8616226)


 ဦးဝိရသူရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ  ကူးယူဖော်ပြသည်။







ဧရာဝတီ Facebook
 / ဧရာဝတီ Twitter

Viewing all articles
Browse latest Browse all 5236

Trending Articles