Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

လျှပ်တပြက် ကယားဒေသ

$
0
0
 

~


 ကယားပြည်နယ်က အင်မတန် လှပတဲ့ဒေသ ဖြစ်ပါတယ်။ အထင်ကရ သံလွင်မြစ်ကြီးကလည်း ဒီဒေသကို ဖြတ်သန်းစီးဆင်းနေတာပါ။ သာယာလှပတဲ့နေရာလည်းဖြစ်၊ နယ်ခြားဒေသလည်းဖြစ်တဲ့ ကယားပြည်နယ်ကို တချက်လောက် ငဲ့ကြည့်ကြရအောင်။


ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသ အမှတ် ၂ သတ္တုတွင်း စီမံကိန်းတွေ ရှိတဲ့နေရာကို ပြီးခဲ့တဲ့ ဇွန်လ ဆန်း ပိုင်းက ရောက်ခဲ့ပါတယ်။ အဲဒီ သတ္တုတွင်း စီမံကိန်းကို ချုပ်ကိုင်ထားသူကတော့  ဖားဆောင်း မြို့နယ်၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွဋ်တင်   ဖြစ်ပါတယ်။

 ဦးရဲထွဋ်တင်ဟာ ယခင် စစ်အစိုးရ လက်ထက်က စစ်တပ် အရာရှိ တယောက် ဖြစ်ပြီး ဦးပိုင်ကုမ္ပဏီမှာလည်း တာဝန် ထမ်းဆောင်ခဲ့ဖူးတယ်လို့ ဒေသခံတွေက နားလည်ထားပါတယ်။

မော်ချီးဒေသကို   မြန်မာနဲ့ ထိုင်းနိုင်ငံဘက်ကနေ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ သွားလို့ရပါတယ်။ ဒါပေမယ့် ကျနော်က ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့ကနေသွားတယ် ဆိုတော့ ၅ နာရီကြာ မယ့်စံမလဲ့ (ခေါ်) သော်လဲ့ထ ကျေးရွာကို အရင်သွားရပါတယ်။

သော်လဲ့ထ ကျေးရွာဟာ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင် ခရိုင် မယ့်စရီးယမ်းမြို့နယ်ပိုင်ဖြစ်ပြီး ထိုင်း - မြန်မာ နယ်စပ် သံလွင်မြစ် ကမ်းနားဘေးမှာ ရှိတာပါ။

အဲဒီကနေ တဆင့် ငှားခ အနည်းဆုံး ဘတ်ငွေ ၇,၀၀၀ ( မြန်မာငွေ ၂ သိန်း ) လောက်ပေးရတဲ့ စက်လှေကို စင်းလုံး ငှားပြီး သံလွင်မြစ် အတိုင်း ဖားဆောင်းမြို့နယ်ကို စီးသွားရပါတယ်။ စုပေါင်းလှေနဲ့လည်း သွားလို့ရပါတယ်။ အချိန်ကတော့ ၈ နာရီ နီးပါးလောက် စီးရပါလိမ့်မယ်။


လမ်းခရီး တလျှောက် သံလွင်မြစ်ကမ်း နှစ်ဖက်မှာရှိတဲ့ ကရင် အမျိုးသား အစည်းအရုံး (KNU)၊ ထိုင်း စစ်တပ်၊ မြန်မာ စစ်တပ်၊ မြန်မာ အစိုးရနဲ့ ငြိမ်းချမ်းရေး ယူထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ် တချို့ ဂိတ်တွေကို ရောက်တိုင်း စက်လှေသမားက သတင်းပို့တာ တွေ့ရပါတယ်။
 လှေမောင်းနေတဲ့လူကို မေးကြည့်တော့ ခရီးသည် ဘယ်နှစ်ယောက်၊ ဘယ်သွား မလဲဆိုတာ အကြောင်း ကြားရတာ လို့ ပြောပါတယ်။


လမ်းမှာ သံလွင်မြစ် တဘက် မြန်မာဘက် အခြမ်းမှာ စစ်ပြေး ဒုက္ခသည် စခန်းနဲ့ သဘာဝ ရှုခင်းအစုံကို မြင်တွေ့ရမှာပါ။

အီသုထ၊ စောထ၊ ထီးထာစု ဆိုတဲ့ ကရင် တိုင်းရင်းသားတွေ နေထိုင်ကြတဲ့ ကျေးရွာကလေးတွေပါပဲ။ ကျေးရွာတွေမှာ နေထိုင်နေ ကြတဲ့ တိုင်းရင်းသားတွေဟာ ယခင် န၀တ၊ နအဖ စစ်အစိုးရ လက်ထက်က စစ်ပြေး ဒုက္ခသည် အဖြစ်နဲ့ ထွက်ပြေး တိမ်းရှောင်လာသူတွေများပါတယ်။
ကရင် တိုင်းရင်းသား ကျေးရွာတွေကို မြင်ရပြီး မြစ်ရဲ့တဘက်တချက်မှာ  တောက်ပ ဖြူဖွေး နေတဲ့ သဲသောင်၊ စိမ်းလန်း စိုပြေနေတဲ့ သစ်တောနဲ့ တောင်တန်းကြီးတွေ၊ မဲနက်ပြီး ထိုးထိုး ထောင်ထောင်နဲ့ ထွက်နေတဲ့ ကျောက်တုံးကြီးတွေကိုလည်း တွေ့ရပါတယ်။

တခြားမြို့နဲ့ ကျေးရွာတွေကနေ သံလွင်မြစ် အတိုင်း စုန်ဆင်းလာတဲ့ စက်လှေကို တွေ့မြင်ရ သလို  ၁၀ ယောက်ကနေ ၁၅ ယောက်အထိ တင်လို့ရတဲ့ စက်လှေတွေကိုလည်း တွေ့ရပါတယ်။   နွားအကောင် ၄၀ လောက် တင်ထားတဲ့ စက်လှေကြီးကိုလည်း ရုတ်တရက်တွေ့လိုက်ပါသေးတယ်။

ဒါပေမယ့် စက်လှေရဲ့ အသံကို သံလွင်မြစ် အတိုင်း စုန်ဆင်းလာမယ် ဆိုရင်တော့ လှေစီးနေတဲ့ အချိန် မကြားရပါဘူး။ သံလွင်မြစ် အတက်ဆိုရင်တော့ စက်လှေသံကို စူးစူးဝါးဝါး ကြားရပါမယ်။



သံလွင်မြစ် အတိုင်း တက်သွားပြီး “၀ဲကြီး” အရောက်မှာတော့ ရေကာတာ တည်ဆောက်ရန် အလိုမရှိ ဆိုတဲ့ ဆိုင်းဘုတ်ကို ကမ်းနား တနေရာမှာ စိုက်ထူထားတာကို တွေ့ရပါတယ်။  တခြား ကျောက်ဆောင်တွေ အပေါ်မှာလည်း (No Dam) ဆည် အလိုမရှိ လို့ အဓိပ္ပါယ်ရတဲ့ မှတ်တိုင်ကိုလည်း တွေ့မြင်ရပါသေးတယ်။

ဒီနေရာမှာ ရှိတဲ့ “၀ဲ”တွေဟာ “၀ဲ” ကတော့ကြီးတွေ ဖြစ်လိုက်၊ မြစ်ဘေးနားမှာ ရှိတဲ့ ကျောက်ဆောင်ကြီးတွေကို ၀ုန်းခနဲ့ ပြေးတိုက် လိုက်နဲ့ စက်လှေသမားက တော်တော် ခက်ခက်ခဲခဲ မောင်းရတာ တွေ့ရပြီးတော့ ရေနွေးဆူပွက်သလို အပေါ်ကို မှုတ်ထုတ်တဲ့ “၀ဲ” ကြီးကိုလည်း တွေ့ရပါတယ်။

အဲဒီ “၀ဲ” နှစ်မျိုး စလုံးကို စက်လှေသမား၊ ခရီးသည်တွေ အဓိက သတိထားတဲ့ နေရာတခု ဖြစ်တယ်လို့ ဒီလမ်းကြောင်းပေါ်မှာ အဓိက လှေမောင်းနေတဲ့ သူတွေက ပြောပြပါတယ်။
ပြီးတော့ ဒီနေရာမှာ စက်လှေတွေ ခဏ ခဏ မှောက်ကြတယ် တဲ့။ ဒါပေမယ့် လှေစီးတဲ့ ခရီးသည်တွေဟာ သက်ကယ် အင်္ကျီ ၀တ်မထားကြပါဘူး။

သံလွင်မြစ် အတိုင်း စက်လှေစီးလာပြီး  ခဲမဖြူကို ရောက်တော့မယ် ဆိုရင် ခပ်လှမ်းလှမ်း ကနေ မြင်တွေ့ရမှာကတော့ ဆောက်လက်စ သံလွင်မြစ်ကူး တံတား တစင်းပါ။ 

အဲဒီ တံတားကို ဖားဆောင်းမြို့နယ်ကနေ ထိုင်း နယ်စပ် အထိ ခရီးသွားလာရေး အတွက် ဖောက်လုပ် နေတာ ဖြစ်ပြီး မြန်မာ အစိုးရက တာဝန်ယူ ဆောက်လုပ်ပေးနေတာ ဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီတံတားကြောင့် ဒေသခံ ပြည်သူတွေ ထိုင်း - မြန်မာ နယ်စပ်အထိ လွယ်လွယ်ကူကူ သွားလာနိုင်ပါမယ်။ ထိုင်းဘက်ကလာတဲ့ ကုန် ပစ္စည်းမျိုးစုံ ဆိုင်တွေမှာ တင်ရောင်းနေတာကို တွေ့မြင်နေရပါပြီ။

လမ်းပန်း ဆက်သွယ်ရေးအရ ဆိုရင် ဖားဆောင်းမြို့နဲ့ ခဲမဖြူကျေးရွာဟာ အရမ်းကို ကွာခြားပါတယ်။ ဖားဆောင်းမြို့ အ၀င်ကနေ လွိုင်ကော်မြို့အထိ ကတ္တရာလမ်းတွေ ဖြစ်ပြီး ခဲမဖြူကျေးရွာမှာတော့ ကျောက်တုံးကြီးတွေ ထိုးထိုး ထောင် ထောင်နဲ့ လမ်းကြမ်း ပါတယ်။

ခဲမဖြူ ကျေးရွာကနေ သတ္တုတွင်း စီမံကိန်းတွေရှိတဲ့ မော်ချီးဒေသကို သွားမယ်ဆိုရင်ပဲ လိုခါးလိုရွာကို ရောက်တဲ့အထိ လမ်းကြမ်း ပါပဲ။
 


ခဲမဖြူကျေးရွာနဲ့ မော်ချီဒေသခံတွေကတော့ ဒီလမ်းဟာ အရင် အင်္ဂလိပ် ကိုလိုနီအစိုးရ လက်ထက်တုန်းက ဖောက်လုပ်ထားတဲ့ လမ်းအဟောင်း ကိုပဲ ဒီကနေ့ အထိ အသုံးပြုနေရတာ ဖြစ်တယ်လို့ ပြောပြကြပါတယ်။

“အရင်ကထက် စာရင် အခုတော်တော်လေး လမ်းတွေ ကောင်းလာပါပြီ။ အရင်ကဆိုရင် ဒီထက်မက ပိုဆိုးတယ်၊ လမ်း အလယ်မှာ ကျောက်တုံးကြီးတွေကို ရှောင်ပြီးတော့ သွားရတယ်”လို့ ခဲမဖြူကျေးရွာ ဒေသခံ ကြယ်ဖြူတပ်ဖွဲ့ဝင် အသက် ၅၀ အရွယ် အမျိုးသား တယောက်က ပြောပါတယ်။

ယခုလမ်းဟောင်းတွေကိုလည်း ပြုပြင်ဖို့ အတွက် အစိုးရနဲ့ ငြိမ်းချမ်းရေး ယူထားပြီး အဲဒီဒေသမှာ လှုပ်ရှားနေတဲ့ ကရင်နီ အမျိုးသား သွေးစည်း ညီညွတ်ရေး (KNSO ) ခေါ် ကြယ်ဖြူအဖွဲ့က တင်ပြထားပါတယ်။

ဒါပေမယ့် အစိုးရက အခုထက်ထိ အကောင် အထည် ဖော်ဆောင်တာ မတွေ့သေးဘူးလို့ သူက ဆက်ပြောပါတယ်။

မော်ချီဒေသခံ အသက် ၂၅ နှစ် အရွယ် လူငယ် တယောက်ကလည်း အခုလမ်းဟောင်းတွေကို လာမယ့်နှစ်တွေမှာ လမ်းအသစ် ပြန်လည် ဖောက်လုပ်ဖို့ အစိုးရက ပြောနေတာ ကြားတယ်လို့ သူက ပြောပါတယ်။

“လမ်းဟောင်းတွေကို အစိုးရက မပြင်ဘူး၊ ဒေသခံတွေ ကိုယ်ထူ ကိုယ်ထ ပြင်မယ်ဆိုတော့လည်း ပေးမပြင်ဘူး” 

အစိုးရက လမ်းတွေကို ပေးမပြင်ရတဲ့ အကြောင်းကို သူ့အနေနဲ့ မသိပါဘူး။ ဒါပေမယ့် ပြည်သူတွေ ပြင်လိုက်ရင် သူတို့ သိက္ခာ ကျမှာစိုးလို့ ပေးမပြင်တာ ဖြစ်မှာပေါ့လို့ အဲဒီ လူငယ်က ရယ်ပြီးတော့ ပြောပါတယ်။



ခဲတွေကို ဂူအထဲကနေ အပြင်ကို ပြန်ထုတ်လာသူနှစ်ဦး

အမှတ် ၃ ခဲတွင်းရဲ့ ဂူအဝ
လိုခါးလိုရွာကို ခရီးဆက်ရင် လမ်းတလျှောက် ယခင် အင်္ဂလိပ်ခေတ်က နေထိုင်ခဲ့တဲ့ အဆောက်အဦး၊ ကားအဟောင်း တွေ၊ ဒီအတိုင်း လမ်းဘေးမှာ ထိုးရပ်ထားတာကိုလည်း တွေ့ခဲ့ရပြီး ခရစ်ယာန် ဘာသာရေး ကျောင်းတွေကိုလည်း တွေ့ရပါတယ်။

မော်ချီဒေသ၊ လိုခါးလိုရွာမှာ နေထိုင်တဲ့ စောနို့နိုက “ဒီမှာရှိတဲ့ ရွာတွေကတော့ အရင်ကနဲ့ အခု ဘာမှ မကွာဘူး၊ အရင် ကလည်း ဒီအတိုင်းပဲ အခုလဲ ဒီအတိုင်းပဲ၊ သေနတ်သံတွေ ငြိမ်သွားတာ တခုပဲရှိတယ်”လို့ ပြောပါတယ်။

ဒီဒေသမှာ ကြယ်ဖြူ အဖွဲ့၊ အစိုးရတပ်မတော်၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ ( KNPP ) အဖွဲ့တွေ လှုပ်ရှားနေကြတဲ့ နေရာတွေ ဖြစ်ခဲ့လို့ပါပဲ။ ဒါပေမယ့် သေနတ်သံတွေဟာ တဖြည်းဖြည်းနဲ့ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ကြယ်ဖြူအဖွဲ့တွေ ၀င်လာကတည်းကလို့ ဆိုပါတယ်။

ကြယ်ဖြူ အဖွဲ့ကတော့ KNPP အဖွဲ့အစည်းကနေ ၂၀၀၂ ခုနှစ်က ခွဲထွက်ခဲ့ပြီး ယခင် စစ်အစိုးရ လက်ထက်မှာ အပစ် အခတ် ရပ်စဲရေး ပြုလုပ်ခဲ့တဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။

အဲဒီအဖွဲ့အစည်းတွေကို ပြည်သူ့တွေကလည်း မတရားမှန်း သိကြပေမယ့် ပေးကမ်းရတာပါပဲ။

မော်ချီးဒေသမှာ နေ ထိုင်ကြတဲ့ လူတွေ အိမ်ထောင်စု ၃၀၀ခန့် ရှိပြီး လူဦးရေ ခန့်မှန်ခြေ ၇၀၀၀ ခန့် ရှိတယ်လို့ သိရပါတယ်။
အဲဒီဒေသမှာ နေထိုင်တဲ့ လူတွေက အဓိက သတ္တုတွင်း ခဲလုပ်ငန်းတွေ အပြင် ဖာလာနဲ့ ရောဘာပင်တွေ စိုက်ပျိုးကြပါတယ်။

“ဒီနေရာ တ၀ိုက်မှာ လုပ်တဲ့ လူတိုင်း ပေးရတယ်၊ မပေးရင် လုပ်ကိုင်လို့ မရဘူး၊ ဖာလာ စိုက်တာတောင်မှ ပေးရတယ်၊ ထွက်တဲ့ နှုန်းအပေါ်မှာ မူတည်ပြီးတော့ ပေးရတယ်”လို့ စောနို့နိုက ပြောပါတယ်။

 “ဖာလာဆိုရင် ပိုဆိုးတာပေါ့။ KNPP ကလည်း တောင်းတယ်၊ ကြယ်ဖြူလည်း တောင်းတယ်၊ သစ်တော ဦးစီး ဌာနကလည်း တောင်းတာပဲ၊ အမှန်ဆိုရင် ဒါတွေက သဘာဝ ပေါက်တဲ့ အပင်တွေမှ မဟုတ်တာ၊ ကိုယ်တိုင် အကုန်ကျခံပြီး ပင်ပင် ပန်းပန်း စိုက်ထားတာ၊ ဒါပေမယ့် အကုန်လုံးပေးရတယ်” 

ဒီအပြင် မော်ချီးဒေသမှာ အများစုက ခဲလုပ်ငန်းကို အဓိက လုပ်ကိုင်နေကြပြီး ခဲကျင်း အမှတ် ၁ ကနေ အမှတ် ၅ အထိ ခဲလုပ် ကွက်ကြီး ၅ ခုနဲ့ ကျင်းငယ်ကလေးတွေ ရာနဲ့ချီ ရှိပါတယ်။

ခဲလုပ်ငန်းတွေကို အဓိက ချုပ်ကိုင်ထားတာကတော့  ဦးရဲထွဋ်တင်ရဲ့ ရဲထွန်း ကျော် ကုမ္ပဏီ နဲ့ ကြယ်ဖြူ အဖွဲ့အစည်း တွေပါပဲ။ မော်ချီးဒေသကနေ ထွက်ရှိတဲ့ ခဲတွေကို ရဲထွန်းကျော် ကုမ္ပဏီနဲ့ လွိုင်ကော်မြို့ ပေါ်မှာ ပြန်ရောင်းကြပါတယ် တဲ့။

မော်ချီးဒေသဟာ ယခင်က ရွာပုန်းရွာရှောင် ပြည်တွင်း ဒုက္ခသည်တွေ အများဆုံးနေထိုင်ရာ ဒေသတခုပါ။

အဲဒီဒေသတ၀ိုက်မှာ ရွာ ၉ ရွာ ရှိပါတယ်၊ အောက်ရွာ၊ လိုခါးလို၊ ၁၃ ကုန်း၊ ဘူးလော်ပယ်၊ ဇီးပင်ကွေ့နဲ့ ၁၆ ကုန်း စတဲ့ ရွာ တွေပဲ ဖြစ်ပါတယ်။

အစိုးရသစ် တရပ် ပေါ်ပေါက်လာတဲ့နောက်ပိုင်း အနယ်နယ် အရပ်ရပ်က လူတွေ ခဲလုပ်ငန်းတွေမှာ နေ့စား အဖြစ် လာရောက် လုပ်ကိုင်လာကြပါတော့တယ်။ လွိုင်ကော်မြို့ကတချို့နဲ့ မန္တလေးတိုင်း၊ ကျောက်ပန်းတောင်း၊ မကွေးတိုင်း နတ်မောက် စတဲ့ မြို့နယ်ကနေ လာရောက် လုပ် ကိုင် နေကြတာပါ။ 

တချို့ကလည်း ခဲတွင်းတွေမှာ တနေ့ လုပ်အားခ မြန်မာ ကျပ်ငွေ ၅,၀၀၀ ကနေ ၇,၀၀၀ အထိရကြပါတယ်။ မိသားစုအလိုက် ခဲတွေ လိုက်ကောက်နေတဲ့ လူတွေ ရှိသလို ခဲလက်ကျန်တွေ ကိုယ်ဘာသာကိုယ် တပိုင်တနိုင် လုပ်တဲ့ သူတွေလည်း တွေ့ရပါတယ်။

 တပိုင်တနိုင် ခဲကောက်နေသူများမိုလိုအမျိုးသမီးများ သတ္တုတွင်း စောင့်ကြည့်လေ့လာရေး ကွန်ယက်အဖွဲ့ ၂၀၁၂ ခုနှစ်အတွင်း ထုတ်ပြန်ထားတဲ့ အစီ အရင်ခံစာအရ ၁၈၃၀ ပြည့်နှစ်မှာ အင်္ဂလိပ်အစိုးရက ကရင်နီ ကြယ်ဖိုးကြီးနယ် စော်ဘွားကေးဖိုးဒူနဲ့ သဘော တူညီမှုရယူ ပြီးတော့ ခဲလုပ်ငန်းကို စတင် တူးဖော်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီအချိန်ကနေ န၀တ၊ နအဖ လက်ထက်ကတည်းက ရွာသူရွာသားတွေ လုပ်ကိုင်လာကြပြီး လက်ရှိ အစိုးရ လက်ထက်မှာတော့ တခြား စီးပွားရေး လုပ်ငန်းရှင်ကြီးတွေက ခဲလုပ်ငန်းကို ကွင်းဆင်းလေ့လာမှုတွေ ရှိလာပါတယ်။

စီးပွားရေး လုပ်ငန်းရှင်တွေက ယခု လို လေ့လာမှုတွေ ရှိလာတဲ့အတွက် တပိုင်တနိုင်လုပ်ကိုင်နေတဲ့ ရွာသားတွေက ဘယ်လို တုံ့ပြန်ကြပါသလဲ။

လုပ်ငန်းရှင်ကြီးတွေမ၀င်လာနိုင်အောင် ကန့်ကွက်မှုတွေတော့ လုပ်သွားရမှာပဲ လို့ သူတို့က ပြောဆိုကြပါတယ်။ တခြားအရပ်က ဒေသခံတွေလိုပါပဲ - ဒီအရပ်မှာလည်း ဒေသခံတွေ လုပ်နိုင်သမျှကတော့ သူတို့ပြောသလို ကန့်ကွက်ခြင်းပါပဲ။ 

လုပ်ငန်းရှင်ကြီးတွေကတော့ သူတို့ဘက်ကရင်ဆိုင်ရမယ့်အခက်အခဲတွေ ဘယ်လို ကျော်လွှားရမယ် ဆိုတာကို သိနေပါလိမ့်မယ်။

 ကယားပြည်နယ်က အင်မတန် လှပတဲ့ဒေသ ဖြစ်ပါတယ်။ ဆိုခဲ့သလိုပဲ အထင်ကရ သံလွင်မြစ်ကြီးကလည်း ဒီဒေသကို ဖြတ်သန်းစီးဆင်းနေတာပါ။ နယ်ခြားဒေသလည်းဖြစ်၊ သာယာလှပတဲ့နေရာလည်းဖြစ်တဲ့ ကယားပြည်နယ်ထဲမှာ နေထိုင်သူတွေရဲ့ဘ၀က လှပနေပြီလို့ပြောဖို့ အတော်လေး စောနေပါသေးတယ်။ သူတို့ဟာ ကိုယ့်မြေပေါ်မှာ   ငြိမ်းချမ်းရေးကို အမှန်တကယ် လိုအပ်နေသူ၊  ကိုယ့်အိမ်ကိုယ့်ယာ မပြန်နိုင်သေးသူ၊ အင်အားကြီးလုပ်ငန်းရှင်တို့ကို ရင်ဆိုင်နေရသူတွေပဲ ဖြစ်ပါတော့တယ်။
 

 သန်းထိုက်ဦး


.


Viewing all articles
Browse latest Browse all 5236

Trending Articles


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”


မတ်ပဲမျိုးများ၏ အရည်အချင်းလက္ခဏာများ


မကွေးတိုင်းအတွင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေခွင့်တင်သူ ယခုနှစ်တွင် (၆,၀၀၀)ကျော်...


ဟံသာဝတီ နှင့် ရွှေဘို အားပြိုင်သော စစ်ပွဲများ


သာယာဝတီမင်း၏ နောက်ကွယ်မှ ရာဇ၀င်သမိုင်းဆိုးများ


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


အရှက်ကြီးသော မိဖုရားနှင့် ကျီစားသန်သော ဘုရင်


ဆားပုလင်းနှင်းမောင်၏ နိဂုံး