Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ဒေါ်လှရီ ဆိုက်ကားနင်းနေသည်၊ ခေါင်းတလားတခုလည်း ပါသည်

$
0
0



 




ရန်ကုန်မြို့ ရေဝေးသုဿာန်တွင် လိုအပ်သော ခေါင်းတလားများကို ဆိုက်ကားနင်းပြီး ပို့ဆောင်ပေးနေသူတစ်ဦးမှာ အမျိုးသမီးတစ်ဦးဖြစ်နေသည်။
သူ၏အမည်မှာ ဒေါ်လှရီ (ခေါ်) ဒေါ်ယုန်လေးဖြစ်သည်။



အသက် ၃၂ နှစ် အရွယ်ကတည်းက ဆိုက်ကားနင်းခြင်းဖြင့် မိသားစုကို ရှာဖွေကျွေးမွေးခဲ့ကြောင်း ဒေါ်လှရီက မိုးမခကို ပြောပြသည်။
ယခု ဒေါ်လှရီအသက် ၅၅ နှစ်ပြည့်ပြီးဖြစ်သည်ဟု ဆိုသည်။

"ဒေါ်ကြီး အိမ်ထောင်သည် မဆုံးခင်ကတည်းက ဆိုက်ကားနင်းတာပါ။ အိမ်ထောင်သည် ဆုံးပါးသွားတော့လည်း ဒေါ်ကြီး တစ်ယောက်တည်း သားသမီး ၆ ယောက်ကို ဆိုက်ကားနင်းရင်း ရှာဖွေ ကျွေးမွေးခဲ့ရတာပါ"ဟု ဆိုက်ကားနင်းသည့်သက်တမ်း ၂၃ နှစ် ရှိပြီဖြစ်သော ဒေါ်လှရီက ရှင်းပြသည်။

လူသားတို့၏နောက်ဆုံးခရီးတွင် မဖြစ်မနေ ပါဝင်တတ်သည့် ခေါင်းတလားများကို ဆိုက်ကားဖြင့်သယ်ယူပို့ဆောင်ပေးသည့် အလုပ်ကို လုပ်ကိုင်ခြင်းကြောင့် ဒေါ်လှရီကို သူ၏ ဆွေမျိုးတို့က ပစ်ပယ်ထားသည်ဟု ဆိုသည်။

သို့သော်လည်း ဒေါ်လှရီက မြောက်ဥက္ကလာပမြို့နယ် ရေဝေးသုဿာန်သို့ အခေါင်းသယ်ပို့ပေးခြင်းကို ဆက်လက် လုပ်ကိုင်ခဲ့သည်။

လက်ရှိအလုပ်မတိုင်ခင်က ဒေါ်လှရီသည် လမ်းတကာလျှောက်ပြီး ဘူးခွံကောက်ကာ ဆိုင်သွင်းရောင်းချသည့်နည်းဖြင့်လည်း အသက်မွေးခဲ့ဖူးသည်ဟု သိရသည်။

ထိုအလုပ်ထက် ယခု လုပ်ကိုင်သည့် ဆိုက်ကားနင်းခြင်းအလုပ်က ၀င်ငွေပိုကောင်းနေသည်။ ဒေါ်လှရီ၏ လက်ရှိဝင်ငွေမှာ တစ်နေ့လျှင် ငါးထောင်ကျော် ခြောက်ထောက်ဝန်းကျင် ရှိသည်ဟု ဆိုသည်။

"အခုလို ဆိုက်ကားနင်းရတာကို ဒေါ်ကြီးအနေနဲ့ အားငယ်ခြင်း၊ စိတ်ဓာတ်ကျခြင်းဆိုတာ မရှိပါဘူး။ ဘယ်တုန်းကမှလည်း မရှက်ကြောက်ခဲ့ပါဘူး"ဟု ဒေါ်လှရီက ပြောပြသည်။

နေပူမိုးရွာမရှောင် လမ်းပေါ်တွင် သွားလာရသော၊ အားအင်စိုက်ထုတ်မှု များပြားသော ဆိုက်ကားနင်းခြင်းအလုပ်ကို လုပ်ကိုင်ကြသူတို့မှာ အမျိုးသားများသာဖြစ်သည်။
ရန်ကုန်မြို့၏ နာမည်ကျော် ရေဝေးသုဿာန်တည်ရှိရာ   မြောက်ဥက္ကလာပမြို့နယ်တွင်လည်း ဆိုက်ကားဖြင့် ခရီးသည်ပို့ဆောင်ပေးသူ၊ ကုန်စည် ပစ္စည်းမျိုးစုံ သယ်ယူပြီး ဝန်ဆောင်မှု ပေးနေသူတို့မှာ  အမျိုးသားများသာဖြစ်သည်၊ ထိုအရပ် ထိုဒေသတွင် ထိုအမျိုးသားတို့နှင့် ရင်ဘောင်တန်းပြီး ဆိုက်ကားနင်းနေသူ အမျိုးသမီးတစ်ဦးကို တွေ့လျှင် အံ့အားသင့်မိကြမည်ဖြစ်သည်။

မိုးမခတွင် သူ့အကြောင်း တစေ့တစောင်းဖတ်ရှုပြီးသူတို့ကမူ ဆိုက်ကားနင်းနေသည့် ထိုအမျိုးသမီးမှာ ဒေါ်လှရီဖြစ်ကြောင်း သိရှိကြမည်ဖြစ်သည်။
  • မေငြိမ်းချမ်း

(မေငြိမ်းချမ်းသည် ယခင်လက မြောက်ဥက္ကလာပမြို့နယ်တွင် ပြုလုပ်သော အခြေခံစာနယ်ဇင်းသင်တန်းတစ်ခုသို့ တက်ရောက်ခဲ့သည့် သင်တန်းသူတစ်ဦး၏ ကလောင်အမည်ဖြစ်သည်)  
 
 မိုးမခမီဒီယာ http://moemaka.comကနေ ခွင့်ပြုချက်နဲ့ ကူးယူ ဖော်ပြပါတယ်။ 
 



 ဒေါ်လှရီ





Viewing all articles
Browse latest Browse all 5236

Trending Articles