Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ဘာဆက်လုပ်ကြမှာလဲ

$
0
0
~



သြဂုတ်လ ၁၄ ရက်နေ့ မနက်က ရုံးအလာ အိမ်လှေကား အဆင်းမှာ ခြေချော်ကျတာကြောင့် ကျနော် ခြေချင်းဝတ် အထက်နားမှာ အက်သွားလို့ ကျောက်ပတ်တီးစည်းပြီး အိမ်မှာ တစ်လ နားလိုက်ရပါတယ်။  



လူက နားနေပေမယ့် စိတ်ကတော့ ပုံမှန် ပြေးလွှားလှုပ်ရှားနေဆဲပါပဲ။ မနားခင်က သတင်းကြီးနေတဲ့မြန်မာဗီဒီယိုကားနှစ်ကားကို နားနေတော့မှပဲ အေးအေးဆေးဆေး ကြည့်ဖြစ်ပါတယ်။ အဲဒီ အချိန်မှာ ရုပ်ရှင်လောကသားတွေဘက်မှာလည်း အရင်လို ဆင်ဆာပြန်လုပ်တော့မယ် ဆိုတဲ့ ဂယက်တွေက ပွက်လောညံနေပါပြီ။

မြန်မာပရိသတ်များက လက်မခံနိုင်တဲ့ ဒီဗီဒီယိုဇာတ်ကား နှစ်ကားမှာ ပါဝင်တဲ့ ဇာတ်ဝင်ခန်းက မောင်နဲ့နှမ၊ သားနဲ့အမိ ကြည့်လို့မရလောက်တဲ့ အခန်းတွေ ဖြစ်နေပါတယ်။ ကြည့်နေရင်းနဲ့ ဒီအခန်းတွေ ဖြုတ်ကြည့်လိုက်တော့လည်း ဗီဒီယိုဇာတ်လမ်းမှာ ဘာမှ ထိခိုက်သွားတာ  မရှိဘူးလို့ ခံစားမိပါတယ်။ ဒါကြောင့် ဇာတ်လမ်း ဖန်တီးသူများကို အံ့သြမိပါတယ်။

အားနေတာဆိုတော့ တီဗွီချန်နယ် ပေါင်းစုံကို ကြည့်ဖြစ်ပါတယ်။ မြ၀တီ Movie လိုင်းက ထုတ်လွှင့်သွားတဲ့ အဖေ့အရိပ် ဆိုတဲ့ ဗီဒီယိုကား ဆိုရင် တော်တော်ဆိုးပါတယ်။ ဒါက ကားဟောင်း ဖြစ်ပါလိမ့်မယ်။ ဒါကြောင့်လည်း မြ၀တီက ထုတ်လွှင့်တာပါ။ အဖေ့အရိပ်မှာ အိမ်ဖော်ဖြစ်တဲ့ မိန်းကလေးကို သူဋ္ဌေးသားက ထုံးစံအတိုင်း မူးလာပြီး လူကြီးတွေ မရှိခိုက်မှာ သားမယားအဖြစ် ပြုကျင့်တဲ့ အခန်းပါ။ ကလေးမက လုံးဝ သဘောတူဟန် မပြပါဘူး။ ဟင့် အင်း ကြောက်တယ်၊ မေမေကြီး ဆူလိမ့်မယ် ဆိုတဲ့ စကားကိုသာ ကြိမ်ဖန်များစွာ ပြောရင်း သူဋ္ဌေးသားရဲ့ အောက်ကို ရောက်သွားရှာတယ်။ သူဋ္ဌေးသားက အပေါ်ကနေ ကြိုးစားနေတာကို ဆယ်စက္ကန့်လောက်အထိ ပြထားပါတယ်။

မြန်မာကား တော်တော် များများမှာ ဒီလို အခန်းမျိုးကို တခြား တင်စားချက်နဲ့သာ ပြကြပါလျက် ပွင့်လင်းလာတဲ့ အခြေအနေကို အသုံးချပြီး ဒီလိုအခန်းမျိုး ထည့်လာပုံ ရပါတယ်။ အိမ်ဖော် မိန်းကလေး အဖြစ် သရုပ်ဆောင်သူက မို့မို့မြင့်အောင် ဖြစ်ပြီး သူဋ္ဌေးသားက နေမျိုးအောင်ပါ။ သက်ပြင်းသာ ရှိုက်လိုက်မိပါသည်။ မြန်မာပြည် တပြည်လုံး ဖြန့်ပြီးတဲ့အပြင် မြ၀တီ ရုပ်မြင်သံကြားကတောင် ပြနေပြီပဲ။ ကျနော်တို့ ပြောတော့ကော ဘာထူးတော့မှာလဲ။

ကြည့်နေကျ အိမ်မက်ဆုံရာ ကဏ္ဍမှာ လွှင့်ထုတ်တဲ့ ကော်ဖီမစ် ကြော်ငြာတစ်ခုကို ကြည့်လိုက်ရပါတယ်။ မင်းသား၊ မင်းသမီး ချစ်ခန်းပြပြီးတော့ မင်းသားက ရေငုပ်နေရာကနေ ဘွားခနဲ ပေါ်လာပါတယ်။ နောက်တစ်ကဒ်ကျတော့ မင်းသားက အပေါ်ပိုင်း ဗလာကျင်း၊ အောက်က ရေကူးထားတဲ့ ဘောင်းဘီနဲ့ ရေကူးကန် ပေါင်ပေါ်မှာ ပက်လက်လှန် နေတာကို အမျိုးသမီး သရုပ်ဆောင်က ကားရားခွ လိုက်တာကို နှစ်စက္ကန့်လောက် မြင်လိုက်ရပါတယ်။ ရိုက်ကူးတဲ့ ဒါရိုက်တာက ငှက်ရုပ်ကလေးသာ ထိုးတော့ စင်ရော်မောင်မောင်ပေါ့။ သရုပ်ဆောင်တွေက နိုင်းနိုင်းနဲ့ ချမ်းချမ်းပါ။ ကော်ဖီမစ် ကြော်ငြာမှာ အမျိုးသမီးက အမျိုးသား အပေါ် ခွမပြရင်လည်း ဘာမှ မဖြစ်လောက်ပါဘူး။ “ကော်ဖီ” နဲ့ “ခွ”တာလည်း ဘာမှ မဆိုင်ပါဘူး။ သြော် . . . လွတ်လပ် ပွင့်လင်းလာပြီပဲ။ လုပ်ချင်ရာ လုပ်ပြလို့ ရနေကြပြီလား။

မြင်လိုက်ရပါသေးတယ်။ ဘာကြော်ငြာလည်းတော့ အသေအချာ မမှတ်မိ။ သူက လွှင့်တဲ့အကြိမ်လည်း နည်းပါတယ်။ သရုပ်ဆောင်ကိုတော့ မှတ်မိနေတယ်။ စိုင်းစိုင်းခမ်းလှိုင်ပါ။ ထုံးစံအတိုင်း ကြော်ငြာသီချင်းတွေ ဆိုကြရင်း ထိုင်နေတဲ့ စိုင်းစိုင်းရဲ့ ပေါင်ပေါ်ကို အမျိုးသမီး သရုပ်ဆောင်က အားပါးတရ ထိုင်ချလိုက်ပြီး သရုပ်ဆောင်သွားခြင်းပါ။ ပေါင်ပေါ်ထိုင်တာလောက်တော့ ဘာမှမဖြစ်ပါဘူးကွာလို့ ပြောကြမယ် ဆိုရင်တော့ ကျနော်မျိုးလည်း မလျှောက်ထား တတ်တော့ပါ။

ဒါတွေ တွေ့ရ မြင်ရတော့ ဆင်ဆာက ဘာမှ မပြောကြတော့ဘူးလားလို့ တီးခေါက်ကြည့်တော့ ဗီဒီယိုများမှာ အကြံပြုချက်သာပေးပြီး လုပ်ခြင်း မလုပ်ခြင်းက သက်ဆိုင်ရာ ဒါရိုက်တာများ၊ ထုတ်လုပ်သူများ တာဝန်သာ ဖြစ်တယ်လို့ ကြားရပါတယ်။ ဆရာသမားများ နှာစေးသွားကြပြီပေါ့။

နိုင်ငံခြားကားတွေမှာ မိသားစု ကြည့်နေရင်း မသင့်လျော်တဲ့အခန်းတွေပါလာရင် ကျော်ပစ်လိုက်လို့ ရပါတယ်။ “ကျော်သူ ပါတယ်” ဆိုရင် နားလည်ကြပါတယ်။ မြန်မာကားများမှာရော နောက်ဆိုရင် “ကျော်သူ ပါတယ်” လို့ ပြောကြရတော့မလား။ (ကျော်သူက ဘယ်ကားမှ မပါတော့ ပါဘူးဗျာ။ သူ့ဘာသာသူ လူမှုရေး လုပ်ငန်းတွေသာ လုပ်နေတာပါ။)

ဇာတ်လမ်းအရ လိုအပ်တယ်ဆိုရင် အရင်မြန်မာဒါရိုက်တာများက တင်စားချက် ပြလိုက်ရုံနဲ့ ပရိသတ်ကို နားလည်စေခဲ့ပါတယ်။ ဥပမာ ပန်းအိုး ကျကွဲသွားတာမျိုး၊ ပန်းကလေး တစ်ပွင့်ကို ခြေနဲ့ တက်နင်းသွားတာမျိုးတွေပါ။ အခုတော့ လုပ်မနေစမ်းပါနဲ့ကွာ။ ဒဲ့ (တဲ့တိုး) ပြတာက ပိုပြီး ထိရောက်တယ်လို့ ခံယူနေကြပြီ ထင်ပါတယ်။ နောက်တစ်ဆင့် တက်လာပြီ ဆိုရင်တော့ မြန်မာ့ယဉ်ကျေးမှု ဆိုတာလည်း ကွယ်ပျောက်သွားတော့မှာပါပဲ။

ဒီတော့ ဘာဆက်လုပ်ကြမှာလဲ လို့သာ မေးလိုက်ချင်ပါတော့တယ်။

ဝင်းငြိမ်း
အလင်းတန်းဂျာနယ် စာမျက်နှာ (၃)
၁၄ အောက်တိုဘာ ၂၀၁၃


(
အလင်းတန်းဂျာနယ်ရဲ့ ခွင့်ပြုချက်နဲ့ ဧရာဝတီဘလော့ ပရိသတ်အတွက်  ကူးယူ ဖော်ပြပါတယ်)



.


Viewing all articles
Browse latest Browse all 5236

Trending Articles