Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ဂျပန်ပြည်က ကိုရီးယားများ

$
0
0
 ~


ဧရာဝတီ အင်္ဂလိပ်ပိုင်းစာမျက်နှာက ဆောင်းပါးတပုဒ် တော်တော်လေး စိတ်ဝင်စားစရာပါ။
ဂျပန်မှာနေထိုင်တဲ့ ကိုရီးယားလူမျိုးများအကြောင်း ရေးထားတာပါ။

မြောက်ကိုရီးယားနဲ့သဟဇာတ မဖြစ်တဲ့ ဂျပန်အစိုးရက သူတို့ဆီမှာရှိတဲ့ ကိုရီးယားစာသင်ကျောင်းတွေကို ဘတ်ဂျက်ဖြတ်နေပုံနဲ့ ဆောင်းပါးကို အစချီထားပါတယ်။
 


ဂျပန်ကလာတဲ့ ကိုရီးယား တက္ကသိုလ်ကျောင်းသူကျောင်းသားများ။
သူတို့ကမြောက်ကိုရီးယားခေါင်းဆောင်ကြီးများဖြစ်တဲ့ ကင်အီဆွန်း၊ ကင်ဂျုံအီးတို့ရဲ့အထိမ်းအမှတ်နေရာတွေမှာ ဂါရဝလာပြုသူတွေဖြစ်ပါတယ် တဲ့။ ဒီပုံကို မြောက်ကိုရီးယားအစိုးရသတင်းဌာန
Korean Central News Agency က ထုတ်ပြန်တယ်လို့ ဆိုတယ် (Photo: Reuters)

ဒုတိယကမ္ဘာစစ်မတိုင်ခင်ကဆိုရင် ကိုရီယားကျွန်းဆွယ်ဟာ ဂျပန်ရဲ့ လက်အောက်ခံပါ။
ဒါကြောင့်လည်း ဂျပန်မှာ ကိုရီးယားအများအပြား ရောက်နေတာဖြစ်ပါတယ်။

ဆောင်းပါးထဲမှာပါတဲ့ Hwang ဆိုတဲ့ ကလေးမက ကျောင်းပျော်။
အတန်းဖော်တွေနဲ့ ကိုရီးယားလို ပြောနိုင်တယ်၊ ကိုရီးယားယဉ်ကျေးမှု သင်ယူနိုင်တယ်ပေါ့လေ။
ကျောင်းမှာမို့ ဒီလို နေထိုင်နိုင်တာလို့ ဆိုတယ်။ ဒါပေါ့၊ သူရောက်နေတာ ဂျပန်ပြည်ဆိုတော့ ကိုရီးယားရနံ့ရဖို့ ကိုရီးယားတွေစုဝေးတဲ့နေရာကို သွားရမှာပဲ။

နိုင်ငံတခုမှာ လူနည်းစုဖြစ်ရတဲ့ထုံးစံအတိုင်း  ခွဲခြားကန့်သတ် ဆက်ဆံတာမျိုးတွေကို
Hwang တို့လည်း ကြုံရတယ်၊ ကိုရီးယားကျောင်းတွေဟာ အစွန်းရောက်တွေရဲ့ ပစ်မှတ်ထားစရာ ဖြစ်လာတယ်လို့ ဆိုတယ်။ ဒါကြောင့် ကျောင်းယူနီဖောင်းတွေကို ကိုရီးယားရိုးရာဝတ်စုံနဲ့တူအောင်ချုပ်မဝတ်တော့တာ နှစ်အတော်ကြာပါပြီ၊ ဒါမှ စော်ကားမော်ကားလုပ်တာတွေ၊ ခြိမ်းခြောက်တာတွေကနေ ရှောင်နိုင်မယ် ဆိုပါစို့။
 

Japan Turns Up Pressure on Pro-Pyongyang Schools
http://www.irrawaddy.org/archives/42790


ရှိတဲ့ ကိုရီးယားကျောင်းတွေက တက္ကသိုလ် ၁ ခု၊ အထက်တန်းကျောင်း ၁ဝ ကျောင်း၊ ပြီးတော့ ... တခြားကျောင်း ၇၃ ကျောင်း ဖြစ်ပါတယ်။ ကျောင်းရဲ့ ဝင်ငွေက ကျောင်းလခ၊ ကိုရီးယားအသိုင်းအဝိုင်းရဲ့ ထည့်ဝင်မှုကနေ ရတယ်၊ မြောက်ကိုရီးယားအစိုးရဆီကလည်း ရတယ်လို့ ဆိုတယ်။
သို့သော်လည်း မြောက်ကိုရီးယားကိုယ်တိုင်က ဘဝပျက်နေတာပါ။ ဘဝသိပ်မပျက်ခင် ၁၉၇ဝ ကာလတွေတုန်းကတော့ ဒေါ်လာသန်း ၃ဝ လောက် နှစ်စဉ်ထောက်တယ်လို့ ဆိုတယ်။ ခုတော့ ၂ သန်းလောက်ပဲ ထောက်နိုင်တော့တာပါ။ 
 

(မြောက်ကိုရီယား မြို့တော် ပြုံယမ်း နဲ့ ဂျပန်ရဲ့ အနေအထားကို မြေပုံမှာ အခုလို တွေ့ရပါမယ်။)
 

အထက်တန်းကျောင်းပြီးတော့မယ် ဆိုရင် ကျောင်းအစီအစဉ်နဲ့မြောက်ကိုရီးယားသွားကြပါတယ်။ ဒါဟာ သူတို့အတွက် မြောက်ကိုရီးယားကို ပထမဆုံးအကြိမ် ခြေချခြင်းပါပဲ။ သူတို့ဟာ
ဂျပန်ရောက် ကိုရီးယားတွေထဲက မျိုးဆက်လေးငါးဆက်မြောက်တွေပါ။

သူတို့ထဲမှာ ဂျပန်နိုင်ငံသားခံယူထားသူတွေ ပါမယ်၊ တောင်ကိုရီးယားပတ်စ်ပို့ ကိုင်ထားသူတွေ ရှိမယ်။ ဘာပတ်စ်ပို့မှ ကိုင်မထားသူလည်း ရှိပါတယ် တဲ့။
ဘာကြောင့်များလဲ။
သူတို့မိသားစုတွေဟာ ကိုရီးယား တောင်မြောက် မကွဲခင်ကတည်းက ဂျပန်ရောက်နေကြလို့ပါပဲ။
ဒါဆို သူတို့ ဘိုးဘေးဘီဘင်ရဲ့ဇာစ်မြစ်ဟာ မြောက်ဘက်ကလည်း ဖြစ်နိုင်သလို တောင်ဘက်ကလည်း ဖြစ်နိုင်ပါတယ်။

ကွဲခါစမှာတော့ မြောက်က ဂျပန်မှာရှိတဲ့ကျောင်းတွေကို ထောက်ပံ့ရာမှာလည်း သွက်လက်၊  စီးပွားရေးဖွံ့ဖြိုးမယ့်အလားအလာလည်းရှိ၊ ဆိုရှယ်လစ်လောကနိဗာန်ကိုလည်း အောင်မြင်စွာ ထူထောင်နိုင်ဟန်ရှိတာကြောင့် ကိုရီးယားအများအပြားက မြောက်ကို အချစ်ပိုခဲ့ကြတယ်လို့ ဆောင်းပါးက ဆိုတယ်။
မိုက်လုံးကြီးတဲ့ မြောက်ကိုရီးယားအစိုးရအဆက်ဆက်ကြောင့် နိုင်ငံချွတ်ခြုံကျပေမယ့် သူတို့ လွယ်လွယ်နဲ့ အချစ်မပြယ်ခဲ့ကြဘူး။
တောင်နဲ့ မဟာမိတ်ပြုတာ ၄ ကျောင်းပဲရှိတယ်ဆိုတော့ အခြေအနေကို ခန့်မှန်းနိုင်ပြီပေါ့။
အဲဒီ ၄ ကျောင်းကို ဂျပန်အစိုးရက အကူအညီ မဖြတ်ပါဘူး တဲ့။

ကျောင်းတွေက မြောက်နဲ့ ပိုရင်းနှီးပေမယ့်လည်း ပြဋ္ဌာန်းစာအုပ်တွေကိုတော့ ကိုယ်တိုင် စီစဉ်တယ်လို့ ဆိုတယ်။ မြောက်ကကျောင်းတွေအတိုင်း မသင်ဘူး တဲ့။ (သင်လို့ ဘယ်ဖြစ်မလဲ၊ မြောက်ရဲ့ သင်ရိုးညွှန်းတမ်းက တပ်မတော်သည်သာအမိ တပ်မတော်သည်သာအဖ ဆိုတဲ့ စတိုင်မျိုးဆို ဂွမ်းပြီ)

ထူးခြားတာ တခုက ကျောင်းစာသင်ခန်းတွေမှာမြောက်ခေါင်းဆောင်ကြီးတွေရဲ့ ဓာတ်ပုံတွေ ချိတ်ခဲ့ဖူးတယ်၊ အဲဒါတွေ ဖြုတ်လိုက်တာ ဆယ်နှစ်ကျော်ပါပြီ ဆိုတာပါပဲ။
 ဘာကြောင့်ဖြုတ်သလဲ ဆိုတော့ ...
၁။ ကလေးတွေ လူငယ်တွေကို ဒီဓာတ်ပုံတွေကြည့်ခိုင်းတာ (ချိတ်ပြတာ) မသင့်တော်ဘူး
၂။ မိဘတွေကလည်း မြောက်ခေါင်းဆောင်တွေကို မထောက်ခံဘူး
ဒါကြောင့်ပါ။

ဂျပန်အစိုးရ လန့်နေတဲ့အချက်တခု ရှိတယ်၊ အဲဒါကတော့ ဒီကျောင်းတွေက ဂျပန်ရောက်ကိုရီးယားနွယ်ဖွားများအသင်းကြီးနဲ့ ဆက်ဆံရေးရှိနေတဲ့အချက်ပါ။ အသင်းကြီးက မြောက်ကို အပြတ်အသတ်ထောက်ခံ၊ ကူညီပါတယ်။

ကျောင်းတွေအကြောင်း ဆက်ပြောရရင် ...
ဂျပန်အစိုးရက သူ့နိုင်ငံထဲက ကိုရီးယားကျောင်းတွေကို ဂျပန်ကျောင်းအဖြစ် ပြောင်းစေချင်ပါတယ်။
ဂျပန်မှာနေထိုင်ကြတယ်ဆိုရင် ဂျပန်ဖြစ်ရမယ်ဆိုတဲ့သဘောပါ။

ကိုရီးယားကျောင်းတွေအပေါ် လက်ကောက်ကျတာနဲ့ပတ်သက်ပြီး ကုလ လူ့အခွင့်အရေး ကော်မရှင်က မေးခွန်းထုတ်သလို နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကလည်း လူနည်းစုတိုင်းရင်းသားတွေရဲ့ ပညာသင်ကြားရေးကို ကန့်သတ်တာပဲ စသဖြင့်  ဝေဖန်ပါတယ်။

ဂျပန်အစိုးရဖိအားမပေးဘူး ဆိုရင်တောင်မှ ကျောင်းတွေကလည်း ရုန်းကန်နေရတာပါပဲ။ ကျောင်းလာအပ်တာ တနှစ်ထက်တနှစ် ပိုနည်းနည်းလာကြတယ်၊ ဘာကြောင့်လဲဆို ...
- မြောက်အစိုးရနဲ့ ဂျပန်အစိုးရ ဆက်ဆံရေးမကောင်း၊
- ဂျပန်ကျောင်းတွေမှာပညာသင်ပါမှ အလုပ်အကိုင်ကောင်းကောင်းရတာမို့ပါ။

ဂျပန်မှာ ကိုရီးယားအရေအတွက် ငါးသိန်းကျော်ရှိမယ်လို့ ဆိုတယ်။ အဲဒီထဲက အနည်းငယ်ကပဲ သူတို့ကလေးတွေကို ကိုရီးယားကျောင်းပို့ကြတာပါ။

ဆောင်းပါးကို  မိခင်တယောက်ရဲ့  အသံနဲ့ အဆုံးသတ်ပါတယ်။

“ကိုရီးယားဖြစ်ရတာနဲ့ပဲ သိမ်ငယ်မနေပါဘူး။ ကျမရဲ့ကလေးများကိုလည်း သိမ်ငယ်စိတ် မထားစေချင်ဘူး။ သူတို့ကို ကိုရီးယားသူငယ်ချင်းတွေ ရှိစေချင်တယ်။ ကိုယ့်ရဲ့ဇာစ်မြစ် ဘာလဲဆိုတာ သိစေချင်တယ်။ 
These schools areဲ about our identity, not about politics - ဒီကျောင်းတွေဖွင့်ထားတာ နိုင်ငံရေးအတွက် မဟုတ်ပါဘူး။ ဒီကျောင်းတွေဟာ ကျမတို့ရဲ့ သင်္ကေတပါ

ဖတ်သင့်တဲ့ ဆောင်းပါးတပုဒ်ပါပဲ။

 စားစရာကောင်းကောင်း စားရရင် မိတ်ဆွေများကိုလည်း စားစေချင်သလိုမျိုး ဖတ်လို့ကောင်းတာ တွေ့ရင် မိတ်ဆွေများကိုလည်း ဖတ်စေချင်လို့ အကျဉ်းချုပ် ပြန်ရေးပြတာဖြစ်ပါတယ်။

မူရင်းကို ဖတ်လိုသူများ 
http://www.irrawaddy.org/archives/42790မှာ ဖတ်နိုင်ပါတယ်။


 

 



.

Viewing all articles
Browse latest Browse all 5236

Trending Articles