Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ထူးအိမ်သင်ရဲ့ အိမ်၊ ကျနော့်ရဲ့ အိမ်

$
0
0
ထူးအိမ်သင် သီချင်းတွေကို ဝေဖန်တဲ့ စာတပုဒ်မှာ “ကြင်နာ၊ ရက်စက်၊ ရီဝေ၊ အိပ်မက်” ဆိုတဲ့ စကားလုံး
တွေ ထပ်နေတယ်လို့ ဝေဖန်တာ ဖတ်ဖူးတယ်၊ ဟုတ်မယ်လို့ ထင်ပါတယ်။

ဓာတ်ပုံ- မင်းထင် ကိုကိုကြီး


ကိုယ့်အမြင်ကတော့ ထူးအိမ်သင် သီချင်းတွေမှာ “အိမ် လွမ်းစိတ်” တွေ လွှမ်းမိုးနေတယ်၊ 

ထူးအိမ်သင်ဆိုရင် ကိုယ့်စိတ်ထဲ ကျောပိုးအိတ်တလုံးနဲ့ အိမ်ကနေ လေလွင့် ထွက်ခွာသွားတတ်တဲ့၊ သို့မဟုတ် အရှုံးတွေ ပွေ့ပိုက်ရင် တနေ့မှာ အိမ်ကို ပြန်လာတတ်တဲ့ လွမ်းတတ်တဲ့ သားဆိုးတယောက်လို့ပဲ စွဲလမ်းနေခဲ့တယ်၊ နှစ်သက်နေခဲ့တယ်။

ဒီလိုနဲ့ အိမ် ဆိုတာ “ပြန်စရာနေရာ” တခုပဲလို့ ထင်ခဲ့တယ်၊ အမြဲတမ်းနေရင် အိမ်ဆိုတာ ငြီးငွေ့စရာကြီး၊ တခါတလေ ပြန်လာ ခိုလှုံမှပဲ အိမ်ဆိုတာ ပီပီပြင်ပြင် “လှ” တယ်လို့ ထင်ခဲ့တယ်။ 

ဒီလိုနဲ့ အလယ်တန်းတက်စနှစ်လောက်မှာ ထင်ပါရဲ့။ အစောဆုံး စွဲလမ်းခဲ့ရတဲ့ ထူးအိမ်သင်ရဲ့ အိမ် ကတော့ အမေ့အိမ်ပေါ့၊ 

“ ရထားဥသြ သံလေးများကြားရင် အိမ်ပြန်ချင်တဲ့ စိတ်ကလေး တားမရဘူး” 

တကယ်တော့ အဲ့ဒီအချိန်တုန်းက ကိုယ်က အမေ့အိမ်မှာ အပူအပင်မရှိဘဲ ခိုလှုံနေတဲ့အချိန်။ ဒါပေမယ့် သီချင်းထဲက မြို့ပြမှာ ကျင်လည်ရုန်းကန်ရင်း၊ လောကဓံဒဏ်ချက်တွေကြောင့်  စိတ်ဓာတ်တွေ ပြိုကွဲ၊ ကျောပိုးအိတ်တလုံးနဲ့ အိမ်ပြန်လာတဲ့ သားတယောက်ဟာ ကိုယ်တိုင် ဖြစ်သလိုမျိုး ခံစားခဲ့ရဖူးတယ်၊ 


ဒီလိုနဲ့ အထက်တန်းကျောင်းသားဘ၀။ ရှေ့ဆုံးတန်းမှာ ထိုင်တတ်တဲ့ မကြာခဏ ဖျားလို့ ကျောင်းပျက်တဲ့ ဖြူရော်ရော် ကောင်မလေးတယောက်ကို ငေးမောတတ်လာတယ်၊ သူ အဆင့် (၁) မရလို့ ငိုတဲ့ အခါ စိတ်ထိခိုက်တတ်လာတယ်၊ အတန်းထဲမှာ စာပြိုင်ဖက် ဆိုပေမယ့် အမြဲတမ်း အလျှော့ပေးချင်နေတဲ့ “သူကလေး” ကို နွေရာသီ ကျောင်းပိတ်ရက်တွေမှာ လွမ်းသလိုလို ရှိလာတယ်၊ ဒီလိုနဲ့ ထူးအိမ်သင်ရဲ့ နောက်သီချင်းတပုဒ်ကို ဆိုမိပြန်တယ်၊

… စိတ်မှာကိုယ်စီတွေး အချစ်တွေရှင်သန်ရေး ထာဝစဉ်အမြဲ ဘဝရဲ့အသိုက်အမြုံရယ် ရင်မှာဆောက်တဲ့ အိမ်လေး မနက်ဖြန် အိပ်မက်များ မျှဝေကာခံစား ရင်ဆိုင်ရင်း ဘဝရဲ့အမောတွေ ချွေးသိပ်နားခိုရာ အလုံခြုံဆုံး ရင်မှာ အမျှော်လင့်ဆုံး ပိုင်ဆိုင်ခွင့် တစ်နေ့တော့ရမယ်နော် ရင်ထဲကအိမ်လေး ဘဝကို တည်ဆောက်ရင်း တို့တွေ အတူဖန်ဆင်း လုံခြုံနွေးထွေးဆဲညနဲ့ တို့နှစ်ယောက်ရဲ့အိမ်ရာ ...


နောက်တော့ တက္ကသိုလ်ကျောင်းသားဘ၀။ သစ်ပုပ်ပင်၊ စွယ်တော်နဲ့ အင်းလျားကို အဝေးကပဲ လွမ်းခဲ့ရတယ်။ သာရေခေတ္တရာဆိုတဲ့ ပုံပြင်ဆန်တဲ့ မြို့အစွန်က လက်ခုပ်ပင်အိုကြီးက တကယ့်ကို လွမ်းစရာကြီးပါဗျာ၊၊ ဂျပ်ဆင် မရှိပေမယ့် “လရိပ်” လေးရဲ့ အဆောင်ရှေ့မှာ အသဲကွဲသီချင်းတွေ ဆိုတတ်နေပြီ၊၊ 

… ကိုယ်တို့နှစ်ဦးရဲ့ ချစ်အိမ်လေး၊ ပျော်စရာတွေ သုံးလေးရက်နဲ့ အသက်မဲ့သွား၊ နံရံထက်က သူ့လက်ရေး တချိန်မှာ ပြန်လာမယ်လို့ ပြောခဲ့သလား၊… သစ်စိမ်းချိုး ချိုးပြီလား …

တို့နှစ်ယောက်ရဲ့ အိမ် https://soundcloud.com/myathtet-1/xepiz8ilsobx

အားလုံးကို သိုကာသီကာ လွမ်းရပါတယ်။


  

ညီစောလွင် ~



.

Viewing all articles
Browse latest Browse all 5236

Trending Articles