Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

SAY အနုပညာ ပန်းချီပြပွဲ

$
0
0
ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့၊ သုဝဏ္ဏဘုမ္မိ ပန်းချီပြခန်းမှာ မြန်မာနိုင်ငံက နာမည်ကြီး ပန်းချီဆရာ ၃ ဦး ရဲ့ ပန်းချီပြပွဲ ကျင်းပနေတာ မနက်ဖြန် ဇွန်လ ၂၉ ရက်နေ့က နောက်ဆုံးနေ့ ဖြစ်ပါတယ်။ 

  
သူတို့ အနုပညာ၊ သူတို့ ခံစားမှု၊ အနုပညာ ပုံရိပ်တွေဟာ ဘယ်လို ရှိတယ်ဆိုတာ ဧရာဝတီ ( ရုပ်/ သံ ကဏ္ဍ) က တင်ဆက်ထားပါတယ်။ 




SAY
Art Exhibition

မော်ဒန် ပန်းချီ ဆရာများ ဖြစ်တဲ့ စံမင်း၊ အောင်မြင့် နဲ့ ရဲမြင့်


ပန်းချီ စံမင်း

ပန်းချီ စံမင်းဟာ မော်ဒန်ပန်းချီကို စိုက်လိုက်မတ်တတ် ရေးဆွဲသူတဦးဖြစ်ပြီး သူ့ရဲ့ကိုယ်ပိုင်ဟန်ကို ခိုင်ခိုင်မာမာ တည်ဆောက် နိုင် ခဲ့သူ ဖြစ်ပါတယ်။ ၁၉၇၀ ကနေ ၁၉၈၀ ကြားကာလ ရန်ကုန်တက္ကသိုလ် ပန်းချီ လှုပ်ရှားမှုမှာ အဓိက ပါဝင်ခဲ့သူ တဦး ဖြစ်ပါတယ်။ သူဟာ နိုင်ငံတကာ ပန်းချီဝါဒတွေ ဖြစ်တဲ့ ဆာရီယာယ်၊ နီယိုအိပ်စ်ပရက်ရှင် ဆန်ဆန်တွေနဲ့ ပန်းချီရေးဆွဲသူ တဦးဖြစ်ပြီး မြန်မာ မော်ဒန် ပန်းချီဆရာတွေ ဖြစ်တဲ့ ဦးခင်မောင်(ဘဏ်)၊ ပန်းချီ အောင်စိုး၊ ပေါ်ဦးသက်၊ ခင်မောင်ရင် စတဲ့ မော်ဒန် လှုပ်ရှားမှုကြားထဲမှာ ဖြစ်ပေါ်လာသူပါ။ ပန်းချီ ဦးဘလုံလေး ဆီကလည်း ပန်းချီပညာကို သင်ယူခဲ့ပါတယ်။ ကံ့ကော်ရွာ ပန်းချီ အုပ်စုကို စတင် ဖွဲ့စည်းခဲ့ သူလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံအပါအ၀င် နိုင်ငံတကာ ပြပွဲပေါင်း ၁၀၀ ကျော်ပြသခဲ့ပြီးပါပြီ။ သူ့ရဲ့သေနတ် ပုံစံ ရေးဆွဲတဲ့ ပန်းချီကားတွေဟာ မြန်မာ မော်ဒန် ပန်းချီ လောကမှာ ထင်ရှားလှပါတယ်။

ပန်းချီ အောင်မြင့်

ပန်းချီ အောင်မြင့်ဟာလည်းပဲ စိတ္တဇ ပန်းချီရေးဟန်(Abstract)လို့ ခေါ်တဲ့ မော်ဒန် ပန်းချီ အယူအဆကို နှစ်ပေါင်းများစွာ စွဲကိုင်ရေး ဆွဲလာခဲ့သူ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ အင်ပရက်ရှင်၊ ကျူဗစ်ဇင် စတဲ့ အယူအဆတွေနဲ့လည်း ပန်းချီရေးလာသူပါ။ သူက မော်ဒန် ပန်းချီဆရာ ခင်မောင်ရင်ကို အားကျ သင်ယူခဲ့ပြီး ခင်မောင်ရင်ရဲ့ ပန်းချီအနုပညာ လွှမ်းမိုးမှုရှိခဲ့တယ်လို့ ဆိုပါတယ်။ ၁၉၇၀ ၀န်းကျင်လောက်ကစပြီး မော်ဒန် ပန်းချီ လှုပ်ရှားမှုမှာ တောက်လျှောက်ပါဝင်ခဲ့ပါတယ်။ နောက်ပိုင်း သူ့ရဲ့ မြန်မာ့ ရိုးရာ ဆန်ဆန် ကောက်ကြောင်း တွေနဲ့ ပေါင်းစပ်ထားတဲ့ အမေနဲ့ကလေး Mother and Child ပန်းချီ ကားတွေဟာ နာမည်ကြီးခဲ့ပါတယ်။ ၂၀၀၂ ခုနှစ် အာဆီယံ ပန်းချီပြိုင်ပွဲမှာ သူ့ရဲ့ Homage to Mothers ပန်းချီကား ဆုရရှိခဲ့ပါတယ်။ သူဟာ အင်စတော်လေးရှင်း၊ ပါဖောင်းမင့် အနုပညာတွေကိုလည်း ဖန်တီးလုပ်ဆောင်သူ ဖြစ်ပါတယ်။ ဘယ်ဝါဒ၊ ဘယ်အနုပညာ ပုံစံကိုမှ အသေဆုပ်ကိုင် ထားသူ မဟုတ် ဘူး လို့လည်း ဆိုပါတယ်။ ပန်းချီအောင်မြင့်ဟာ ပြည်တွင်း နိုင်ငံတကာ ပြပွဲပေါင်းများစွာကိုလည်း အခုအချိန်အထိ ပြသနေရဆဲ ဖြစ်ပါတယ်။

ပန်းချီ ရဲမြင့်(M.P.P ရဲမြင့်)

သူ့ရဲ့ “ဗန်းဂိုး ပုဂံသို့ အလည်လာခြင်း”ဆိုတဲ့ ပန်းချီကားတွေဟာ နာမည်ကြီးခဲ့ပါတယ်။ အဲဒီ ပန်းချီကားတွေကို ကမ္ဘာကျော် ဒတ်ခ်ျ ပန်းချီ ဆရာ ပို့စ် အင်ပရက်ရှင်းနစ် ဗင်းဆင့် ဗန်ဂိုး ရဲ့ ပန်းချီ ရေးဟန် စုတ်ချက်ရေးဟန်တွေနဲ့ ပေါင်းစပ်ရေးဆွဲ တာလို့ဆိုပါတယ်။ သူဟာ ၁၉၇၀ ၀န်းကျင်က မန္တလေး ပန်းချီ ကျောင်းကို တက်ရောက်ခဲ့ဖူးပြီး ပေါ်ဦးသက်၊ ၀င်းဖေ၊ ပန်းချီအောင်စိုး စတဲ့ မော်ဒန် ပန်းချီဆရာတွေ ဆီကနေ သင်ဆရာ မြင်ဆရာတွေအနေနဲ့ ပန်းချီ အနုပညာကို လေ့လာခဲ့သူဖြစ်ပါတယ်။ 
မြန်မာနိုင်ငံ နဲ့ ထိုင်း၊ ဂျပန်၊ စင်္ကာပူ၊ ဂျာမနီ၊ မလေးရှား၊ ဗီယက်နမ် စတဲ့ ပြည်တွင်းပြည်ပ ပြပွဲပေါင်း များစွာလည်း ပြသခဲ့သူ ဖြစ်ပါတယ်။

 

Viewing all articles
Browse latest Browse all 5236

Trending Articles