Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ရန်ကုန်မြို့နဲ့ မရှိမဖြစ် အိမ်ပွဲစား

$
0
0

    ရန်ကုန်မြို့ဟာ အနယ်နယ် အရပ်ရပ်မှာရှိတဲ့ ကျောင်းသား လူငယ်တွေကအစ လုပ်ငန်းရှင်တွေ စီးပွားရေးသမားတွေအဆုံး လာရောက် အခြေချရာမြို့ပါပဲ။ 

 

(ဓာတ်ပုံ - လောအယ်စိုး)
 

 ရန်ကုန်မှာ အိမ်ပိစိကွေးတွေရှိသလို ကြီးကြီးမားမားတွေကိုလည်း တွေ့ရမှာပါ။
အနေများတဲ့ပုံစံကတော့ နေရာတိုင်းမှာတွေ့လာရတဲ့ တိုက်ခန်းတွေမှာနေထိုင်ခြင်း ဖြစ်ပါတယ်။

တိုက်ခန်းငှားမယ်

ကဲ ... တိုက်ခန်းတခန်း ငှားမယ် ဆိုပါစို့။ တိုက်ခန်းပိုင်ရှင်နဲ့ ဘယ်လို တွေ့မလဲ။ တိုက်ခန်းကြည့်ချင်တယ်။ ဘယ်သူ့ကို ဆက်သွယ်မလဲ။

တိုက်ခန်းငှားမယ်ဆိုရင် အရပ်ပွဲစားတွေဆီမှာ၊ အကျိုးဆောင်တွေဆီမှာ စုံစမ်းရပါတယ်။
တိုက်ခန်းပိုင်ရှင်ဆိုတာက ငွေချေစာချုပ်ချုပ်ဖို့ သေချာပြီ ဆိုတော့မှ ပေါ်လာတဲ့ ဘုရင်ကြီး/ဘုရင်မကြီးပေါ့။
သူ့ဆီ ရောက်ဖို့ကတော့ ပွဲစားအထပ်ထပ်ကို ဖြတ်သန်းရမှာက အသေအချာပါပဲ။ အိမ်ငှားမည် ဆိုတဲ့ ဆိုင်းဘုတ်ကို အိမ်ခန်းပိုင်ရှင်တွေ မတပ်ကြတော့ပါဘူး။

အခုဆိုရင်    အရပ်ပွဲစားလုပ်တဲ့သူတွေ များလာတယ်၊ သက်လတ်ပိုင်းနဲ့၊ သက်ကြီးပိုင်း အမျိုးသမီးတွေက ဒီအလုပ်ကို လုပ်ကြတာများပါတယ်။
သူတို့မှာသီးခြား အလုပ်တွေ ရှိပါတယ်၊ ဥပမာ- အိမ်ဆိုင်ဖွင့်သူ၊ ဈေးရောင်းသူ စသဖြင့် စသဖြင့်။
ရပ်ကွက်တခုရဲ့လမ်းတိုင်းမှာ  အိမ်ပွဲစား အနည်းဆုံး ၂ ဦးလောက်တော့ ရှိတတ်တာ တွေ့ရမှာပါ။ 

    ဒီဘက်နှစ်တွေမှာ အိမ်ငှားတွေ ပိုများလာတယ်၊ ဒါကြောင့်အရပ်ထဲမှာရှိတဲ့သူတွေထဲ ရပ်ကွက်ထဲမှာ အနေကြာသူတွေက အပိုဝင်ငွေရတဲ့အလုပ်တခု အနေနဲ့လုပ်လာကြခြင်းပါပဲ။

အိမ်ပွဲစားတယောက်ရဲ့အသံကို နားထောင်ကြည့်ကြမယ် ..

    “အရပ်ပွဲစားလုပ်တာ ပေါ့ပေါ့တန်တန်လုပ်လို့ မရဘူး၊ ကတိတည်ရတယ်၊ ကိုယ့်ဆီလာတဲ့ အိမ်ငှားတွေကို နားလည်ရတယ်။ အခုနောက်ပိုင်း ပိုက်ဆံရဖို့ တခုပဲသိတဲ့ ပွဲစားလက်သစ်တွေကြောင့် ပွဲစားတွေနာမည်ပျက်တယ်” လို့ ကမာရွတ်မြို့နယ် မှာနေထိုင်သူ အိမ်ပွဲစား အန်တီအေးက ရှင်းပြပါတယ်။

ရတဲ့ပွဲခကို အချိုးကျခွဲဝေပြီးယူတဲ့ပွဲစားအချင်းချင်းတောင် တယောက်နဲ့တယောက် အပြိုင်အဆိုင်လုပ်ကြတာတွေ၊ ဂွင်ကျော်တာတွေလည်းရှိတယ်လို့ အန်တီအေးကပြောပါတယ်။

    “ ကျွန်တော်တို့မိသားစုသုံးယောက်နေဖို့ တိုက်ခန်းကို မေလလယ်လောက်မှာ ကတည်းက လှည်းတန်း ဘက်မှာ စရှာနေတာ၊ ပွဲစားတွေလည်း
တော်တော်စုံနေပါပြီ။ အခုနောက်ပိုင်း အိမ်ပွဲစားတွေ တော်တော် များလာတယ်။ အခန်းတခန်း သွားကြည့်ရင်တောင် ပွဲစားက အနည်းလေး လေးယောက်လောက်ရှိတယ်။
တိုက်ခန်း တခန်းကို ကိုင်ထားတဲ့ အိမ်ပွဲစားတွေက အများကြီးဖြစ်နေတယ်” လို့ တိုက်ခန်းတခန်း ငှားဖို့ လုံးပန်းနေတဲ့ ကိုထွန်းထွန်းနိုင်က ဆိုပါတယ်။  

 

(ဓာတ်ပုံ - Steve Tickner/ဧရာဝတီ)  
 

  ပွဲစားတွေအကြောင်းကို အကျိုးဆောင်တွေ သိမ်းထားတဲ့ ရန်ကုန်အိမ်ခြံမြေဈေးကွက်  http://blog.irrawaddy.org/2013/02/blog-post_21.htmlဆိုတဲ့ ခေါင်းစဉ်နဲ့ ဒီဘလော့မှာ ဖော်ပြခဲ့ပါတယ်။

ကြုံလို့ ငှားခတွေ ပြောရရင် ... လှည်းတန်းမှာ အရင်က တလ ရှစ်သောင်းတန် အိမ်ခန်းက အခုတော့ တသိန်းဖြစ်သွားပါပြီ။
တသိန်းတန်တဲ့အခန်းကလည်း တသိန်းသုံးသောင်း၊ တသိန်းငါးသောင်း ဖြစ်ကုန်ပါပြီ။
ရန်ကုန်မြို့ထဲမှာ ဆိုရင်တော့ တသိန်းခွဲတန်အခန်းက မရှိသလောက်ပါပဲ။ ရှိတယ် ဆိုရင်လည်း အဲဒီအခန်းက အထပ်မြင့်အခန်းတွေဖြစ်နေတတ်ပါတယ်။
အထပ်မြင့်ဆိုတော့ လေ၀င်လေထွက် ကောင်းတယ်၊ အားနည်းချက်ကတော့ ခြေညောင်းအောင် တက်ရတာပါပဲ။

အခန်းငှားခ မိုးထိုးလာတာကြောင့် ငှားခ ပိုသက်သာတဲ့ မြို့နယ်တွေဘက်ကို ပြောင်းရွှေ့ကြရတာမျိုးလည်း ရှိလာပါတယ်။

တလချင်းပေးရတဲ့ခေတ် ကုန်ပြီ

ဟိုတုန်းက တိုက်ခန်းငှားမယ်ဆိုရင် လခကို တလချင်း ပေးလိုက်ရုံပါပဲ။ အခုတော့ ခေတ်ပြောင်းသွားပါပြီ။ တလချင်းပေးတဲ့ခေတ် ကုန်ပါပြီ။

စာချုပ် ချုပ်ကတည်းက အနည်းဆုံး ၆ လစာ၊ ၁ နှစ်စာ ပေးကြရတာပါ။

၁ နှစ်ပြည့်လို့ စာချုပ် အသစ်ချုပ်ရင် အိမ်ငှားခက အရင်အတိုင်း ဖြစ်ရင်ဖြစ်မယ်၊ တက်ရင်လည်း တက်မယ်။ အဲ ... ပွဲခတော့ ပေးစရာ မလိုတော့ပါ။

မပေးမဖြစ် ပွဲခ

ပွဲခကို ဘယ်လိုသတ်မှတ်သလဲ ဆိုတော့ အခန်းငှားခရဲ့ တလစာ သတ်မှတ်ပါတယ်။

တလတသိန်းတန်အခန်း ဆိုရင် ပွဲစားကိုလည်း တသိန်း ပေးပေတော့။

 ၆ လအတွက်ပဲ စာချုပ်မယ်ဆိုရင်တော့ ငါးသောင်းပဲ ပေးရပါမယ်။ အဲ ... ၆ လ ပြည့်သွားလို့ အဲဒီအခန်းမှာပဲ ဆက်ငှားနေမယ် ဆိုရင် နောက်ထပ် ငါးသောင်း ပေးရပါမယ်။

ဘယ်လောက်အတွက်ပဲ စာချုပ်ချုပ်သည်ဖြစ်စေ တနှစ်စာယူတဲ့ပွဲစားတွေ များလာပါပြီ။  အငှားသမားတွေကတော့ခံပြီးရင်း ခံနေရတာပါပဲ။ 
 

 ရွှေလက်ကောက်ပွဲစား နဲ့ ထီးဖြူ ဖိနပ်ပါး ပွဲစား
 ဒီနှစ်မှာ ရန်ကုန်ကို နယ်ကနေပြောင်းရွှေ့မှုတွေ ပိုများလာသလိုပါပဲ။ အလုပ်အကိုင်အခွင့်အလမ်းနဲ့ စီးပွားရေးလုပ်ငန်းများအတွက်၊ ပညာခေတ်မှာ
ပညာကိုငွေပေးပြီးယူဖို့ သင်တန်းတက်ရောက်ရန်အတွက်၊ ဆေးကုသရန်အတွက်၊ စာမေးပွဲဖြေရန်အတွက် စသဖြင့် စသဖြင့် များပြားလွန်းတဲ့ လူ့ဘ၀ကိစ္စရပ်တွေကိုလုပ်ဆောင်ဖို့ ရန်ကုန်မှာ ရွေးချယ်စရာ များစွာ ရှိနေပါတယ်။

ဒါပေမယ့် ရွှေရန်ကုန်မှာနေဖို့ကတော့ ရွှေပွဲစားတွေကြောင့် ရွေးရခက်နေဆဲပါလို့ ဆိုသူက ဆိုပါလိမ့်မယ်။
ပွဲစားတွေက အလုပ်ဖြစ်ရေးအတွက် သူတို့ကိုင်ထားသမျှအခန်းတွေကို နေချင်စဖွယ် ဘယ်လောက်ကောင်းတယ်၊ ဘယ်လောက် တန်တယ် စသဖြင့် စသဖြင့် ညွှန်းကြ ဆွယ်ကြတာပါ။ 

 

(ဓာတ်ပုံ - ရွက်စိမ်း/ဧရာဝတီ) 
 

 ဆိုခဲ့သလိုပဲ .... အခန်းတခန်းကို ချိတ်ထားတဲ့ ပွဲစားက တယောက်မက ရှိနေတတ်တာပါ။
အခန်းငှားစာချုပ် ချုပ်ပြီ ဆိုရင် ရလာတဲ့ပွဲခကို အဲဒီပွဲစားတွေ ခွဲယူပါပြီ။

ပွဲစားတွေက အရင်းမစိုက်ဘဲ လေနဲ့ လုပ်စားတယ်လို့ ပြောနိုင်တာပေါ့။ ဒါဆိုရင် ပွဲစားတွေဟာ အဆင်ပြေတဲ့သူတွေများလား။

ရန်ကုန်က အမျိုးသမီးတယောက်ရဲ့ အသံနဲ့ပဲ ဒီစာစုကို အဆုံးသတ်ပါရစေ ...

"အဆင်ပြေတဲ့သူလည်း ပြေတယ်။ မပြေတဲ့သူလည်း မပြေဘူး။
အလုပ်ဖြစ်တဲ့ပွဲစား ဆိုရင် ရွှေလက်ကောက်တွေ တံတောင်ဆစ်အထိ ရောက်နေပြီ။
အလုပ်မဖြစ်တဲ့ပွဲစားတွေကတော့  ထီးဖြူ ဖိနပ်ပါးဆိုတာမျိုးလို သွားလိုက်ရတဲ့လမ်း၊ ဆက်လိုက်ရတဲ့ဖုန်း၊ ပြောလိုက်ရတဲ့စကား၊ တလနေလို့မှ တခန်းနှစ်ခန်းလောက်ပဲ အလုပ်ဖြစ်တာလည်း ရှိတာပါပဲ"


(အိမ်ပွဲစားတွေအကြောင်းကို ဧရာဝတီ ဘလော်ဂါတွေ ဖြစ်တဲ့ စည်သူလင်း နဲ့ ရွက်စိမ်း ပူးပေါင်း ရေးသားပါတယ်)


.

Viewing all articles
Browse latest Browse all 5236

Trending Articles