Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ထောက်လှမ်းရေးသိမ်းတဲ့လယ် နဲ့ ငပုတောထွန်တုံးတိုက်ပွဲ

$
0
0

အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန (စစစ) သိမ်းဆည်းထားတဲ့ ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ကညင်ငူကျေးရွာက လယ်မြေတွေမှာ မူလပိုင်ရှင်လယ်သမားတွေက ဒီလ ၁ ရက်နေ့ကစပြီး ထွန်တုံးတိုက်ပွဲ ဆင်နွှဲပြီး ၀င်ရောက်ထွန်ယက်နေပါတယ်။


ဧရာဝတီတိုင်း ကန်ကြီးထောင့်မြို့နယ်က ထွန်တုံးတိုက်ပွဲဆင်နွှဲနေတဲ့မြင်ကွင်းတခု (ဓာတ်ပုံ -
ဆလိုင်းသန့်စင်/ဧရာဝတီ)

စသုံးလုံးဌာနက  ကန့်ကွက်တဲ့အတွက်  ကညင်ငူ  ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးသိန်းက လယ်သမားတွေဆီကို ဇွန် ၈၊  ၁၁ ရက်နေ့တွေမှာ စာပို့ပါတယ်။

ပို့တဲ့ စာထဲမှာ ... “အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာနနှင့် ကညင်ငူကျေးရွာသားများ အချင်းဖြစ်နေသည့် လယ်ယာမြေအား လယ်ယာမြေဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ပါ၍ ဌာနပိုင် ပုစွန်ကန် မြေနေရာအတွင်း ၀င်ရောက်လုပ်ကိုင်ခြင်းမပြုလုပ်ရန် တားမြစ်ပါသည်” လို့  ရေးသားထားပါတယ်။

လယ်သမားတွေကတော့ နောက်မဆုတ်ပါဘူး တဲ့။

“ကျမတို့ကတော့ တားမြစ်ပေမယ့် လယ်ယာမြေတွေကို ဆက်လက်ထွန်ယက်နေမှာပဲ။
ကျမတို့က ဒီလယ်ယာမြေတွေကို နှစ်ပေါင်းများစွာ လက်လွှတ်ခဲ့ရတာပါ။
ဒီလိုလက်လွတ် ဆုံးရှုံးခဲ့လို့ ကျမတို့ စီးပွားရေးတွေ ကြပ်တည်းခဲ့တယ်။ ကလေးတွေ ကျောင်းထုတ်ခဲ့ရပါတယ်။
ဒါကြောင့် ဒီနှစ်ကတော့ ကျမတို့ မဖြစ်မနေ ပြန်လည်လုပ်ကိုင်စားသောက်ဖို့ လိုအပ်နေပါတယ်” လို့ လယ်ဧက ၂၀ ကျော် အသိမ်းခံခဲ့ရသူ ကညင်ငူကျေးရွာမှ မလဲ့လဲ့က ဧရာဝတီကို ပြောပါတယ်။

တိုင်းဒေသကြီး စသုံးလုံးဌာနက ၂၀၀၁ ခုနှစ်မှာ ၀န်ထမ်းသက်သာချောင်ချိရေးအတွက်ဆိုပြီး ကညင်ငူကျေးရွာက လယ်သမား ၃ ဦး ပိုင်တဲ့ လယ်ဧက ၄၀ ကျော်ကို သိမ်းယူခဲ့တာ ဖြစ်တယ်လို့ လယ်သမားတွေက ပြောပါတယ်။

ဒီလယ်တွေဟာ လန - ၃၉ (စိုက်ပျိုး၍မရတော့သည့် လယ်ပျက်) ကျပြီးသား လယ်ယာမြေတွေဖြစ်ကြောင်း ထောက်လှမ်းရေးက ပြောပါတယ် တဲ့။

“ကညင်ငူကလယ်တွေကိစ္စနဲ့ စသုံးလုံးဌာနကို ကျနော်သွားတော့ ဦးစီးမှူးက ပြောတယ်။ အထက်က ညွှန်ကြားလို့ တားရတာဖြစ်ပါတယ်တဲ့။ ဒီလယ်တွေဟာ လန ၃၉ ကျပြီးသား ပုစွန်ကန်တွေ ဖြစ်ပါတယ်။ စသုံးလုံးဌာန ရံပုံငွေအတွက် လုပ်ကိုင်နေတာပါတဲ့။ လယ်သမားတွေလိုချင်ရင် တရားဝင်ပြန်လျှောက်ရင် ပြန်ပေးသွားမှာပါလို့ ပြောတယ်” လို့  လယ်သမားအရေးဆောင်ရွက်နေသူ ဦးထွန်းထွန်းဦးက ပြောပါတယ်။

သို့သော်လည်း ထောက်လှမ်းရေးက သိမ်းလိုက်တဲ့   ၂၀၀၁ ခုနှစ်က စတင်ပြီး အဲဒီနေရာမှာ ပုစွန်မွေးမြူခြင်း လုံးဝမရှိဘူးလို့ ဆိုပါတယ်။
ကညင်ငူကျေးရွာမှ တခြားတောင်သူတဦးကို တနှစ် သီးစားခ ကျပ် ၁၂ သိန်းနှုန်းနဲ့ လယ်စိုက်ခွင့်ပေးထားတာ ၁၂  နှစ်ခန့် ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း ဒေသခံလယ်သမားများက ပြောပါတယ်။

“လယ်သိမ်းတုန်းက ကျနော်တို့ပြေစာတွေပြပေမယ့် မရပါဘူး။ လယ်ယာမြေဟာ နိုင်ငံတော်ပိုင်ဖြစ်တယ်။ 
သူတို့ဟာလည်း နိုင်ငံတော် အဖွဲ့အစည်းဖြစ်တဲ့အတွက် ၀န်ထမ်း သက်သာချောင်ချိရေးအတွက် ခင်ဗျားတို့လယ်ယာမြေတွေကို သိမ်းပါတယ်ဆိုပြီး သိမ်းသွားခဲ့တာတွေပါ။
ဆက်လုပ်ချင်ရင် တနှစ်ကို သီးစားခ သိန်း ၂၀ ပေးရမယ်ပြောတယ်။ ကျနော်တို့ကမပေးနိုင်ပါဘူး။ အဲဒါနဲ့ တခြားလူတယောက်ကို ၂၀၁၂ ခုနှစ်အထိ သီးစားချထားခဲ့တာပါ”လို့ လယ်သိမ်းခံခဲ့ရတဲ့ လယ်သမား ဦးစန်းဝင်းက ပြောပါတယ်။

ဧရာဝတီတိုင်းဒေသကြီးမှာ အဖွဲ့အစည်းမျိုးစုံက အကြောင်းအမျိုးမျိုးပြ သိမ်းဆည်းထားတဲ့မြေ အများအပြား ရှိနေတာပါ။
လယ်မြေဧက အရေအတွက် တသိန်းကျော်ရှိနေပြီ လို့ လယ်ယာမြေနဲ့အခြားမြေများ စုံစမ်းစစ်ဆေးရေး ကော်မရှင်က ထုတ်ဖော်ပြောဆိုထားပါတယ်။

မိုးရာသီစိုက်ပျိုးချိန်ရောက်သည့်တိုင် လယ်ယာမြေပြဿနာတွေက ရှင်းလင်းခြင်း မရှိတဲ့အတွက် ဧရာဝတီတိုင်းအနှံ့အပြားက လယ်သိမ်းခံထားရတဲ့ လယ်သမားတွေဟာ သူတို့လယ်မြေတွေမှာ ထွန်တုံးတိုက်ပွဲဆင်နွှဲနေကြပါတယ်။
ရည်ရွယ်ချက်ကတော့ ကိုယ့်လယ်မြေ ကိုယ်ပြန်ရဖို့ဖြစ်ပါတယ်။
 
ဆလိုင်း သန့်စင်



.


Viewing all articles
Browse latest Browse all 5236

Trending Articles


တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်၌ ဘိန်းဖြူ ၃၅ဂရမ် ဖမ်းဆည်းရမိ


တောင်ပြုန်းပွဲကြိုအဖြစ် မန္တလေးတွင် တရက်ထဲသာကျင်းပသည့် အိုးပုတ်ပွဲတော် စည်ကား


သီတဂူဆရာတော်ကြီး၏ မွေးနေ့ ပို့စ် ဖိတ်ခေါ်


ခြေလျင်နှင့်ခြေမြန်တပ်ရင်းများကွာခြားပုံ


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


မနောမယအိမ်ခြံမြေရောင်းနည်း


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


TTA Oreo Gapp Installer


ဂျူးပင် စိုက်ပျိုးနည်း


“ဂုဏ်ယူမိပါတယ်” ကျနော်သိတဲ့ ကိုနေဝင်း (သို့) ဒေါက်တာနေဝင်း။