Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ပြည်မြို့လူသတ်မှု အမှုမှန်ပေါ်ဖို့ ပြည်တက္ကသိုလ်ကျောင်းသားတွေ လှုံဆော်

$
0
0


ဓာတ်ပုံ - ကောင်းမြတ်မင်း/ The Irrawaddy

ပြည် နဝဒေးတံတားအောက်က အကြမ်းဖက်လုယက်သတ်ဖြတ်မှု  ကျူးလွန်ခဲ့တဲ့ တရားခံတွေကို ၂ နှစ်ပြည့်သည့် တိုင်အောင် ဖေါ်ထုတ်မပေးနိုင်သေးတဲ့အတွက် ပြည်မြို့က တက္ကသိုလ်ကျောင်းသားတွေနဲ့ အရပ်သားတချို့ဟာ တရားခံတွေကို ဖေါ်ထုတ်ပေးဖို့ မြို့အနှံ့ စတစ်ကာတွေလိုက်ကပ်တဲ့ လှုပ်ရှားမှုကို ဧပြီလ ၂၃၊ ၂၄ နှစ်ရက် ပြုလုပ်ခဲ့ကြပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ် ဧပြီလ ၂၃ ရက်နေ့ ည ၉ နာရီခန့်က ပြည်နဝဒေးတံတားအောက်မှ ချိန်းတွေ့နေတဲ့ သမီးရည်းစားစုံတွဲကို အကြမ်းဖက်လုယက်တိုက်ခိုက်မှုပြုလုပ်ခဲတဲ့အတွက် စုံတွဲထဲက အသက် ၂၃ နှစ်အရွယ် ကိုဇော်မင်းဦးကတော့ အဲဒီနေရာမှာပဲ သေဆုံးကာ သူရဲ့ရည်းစား မအိဇင်မိုးကိုဟာလည်း သတ်ဖြတ်ခံရပေမယ့် သေဟန်ဆောင်ခဲ့တဲ့အတွက် အသက်ဘေးက လွတ်မြောက်ခဲ့တာပါ။



အသက်ဘေးက လွတ်မြောက်လာတဲ့ မအိဇင်မိုးကိုရဲ့ အော်ဟစ်အကူအညီတောင်းမှုကြောင့် ဆင်စုရပ်ကွက်က လူတွေ အနီးတတိုက်ကို လိုက်လံရှာဖွေ ဖမ်းဆီးပေးတဲ့အခါ ခလရ (၇၅)က အရပ်ဝတ်နဲ့ တပ်မတော်သားနှစ်ဦးကို တံတားအနီးမှာ ဖမ်းမိခဲ့ပါတယ်။ ဒါကို ရဲအရာရှိတဦးထံ လွှဲအပ်ပေးခဲ့ပေမယ့် မိနစ်ပိုင်းအတွင်းမှာ အဲဒီစစ်တပ်က အရာရှိတဦးက သူ့ရဲဘော်တွေကို လာခေါ်သွားခဲ့ပါတယ်။

အဲဒီလိုဖြစ်ပြီး ငါးလခန့်အကြာမှာတော့ သက်ဆိုင်ရာတပ်မတော်အရာရှိကြီးတွေနဲ့ ပဲခူးတိုင်း နယ်လုံဝန်ကြီး ဦးသက်ထွန်းတို့ဟာ ပြည်မြို့က ဒေသကွပ်ကဲရေးစစ်ဌာနချုပ်ရုံးခန်းကို ကိုဇော်မင်းဦးရဲ့ မိသားစုဝင်တွေကိုပဲ သီးသန့်ခေါ်ဖိတ်ပြီး ကိုဇော်မင်းဦးသေဆုံးမှုနဲ့ပတ်သက်လို့ အဲဒီအနီးမှာ အဖမ်းခံရတဲ့ တပ်မတော်သားတွေနဲ့ မသက်ဆိုင်ဘူးဟု ခေါ်ယူပြောဆိုခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းကစလို့ ၂၀၁၅ ခုနှစ် ဧပြီလ ၂၃ ရက်နေ့ (၂ နှစ်ပြည့်) ရောက်တဲ့အထိ တရားခံအစစ်အမှန်ကို ဖမ်းဆီးပေးနိုင်ခြင်း မရှိသေးပါဘူး။


 တရားမျှတမှုအတွက် တရားခံဖေါ်ထုတ်ပေးရေး၊ သေဆုံးသူရဲ့မိသားစုဝင်တွေနဲ့ သေဘေးက လွတ်မြောက်ခဲ့သော်လည်း စိတ်ဒဏ်ရာရရှိခဲ့သူ မအိဇင်မိုးကို တို့အတွက် ကုစားခွင့်ရရှိရေးနဲ့ ပြည်သူလူထုဘဝ လုံခြုံစိတ်ချမှုရရှိရေးတွေအတွက် အခုလို စတစ်ကာကမ်ပိန်းပြုလုပ်ရခြင်းဖြစ်တယ်လို့ ပြည်နည်းပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂက ကိုသန့်စင်ထွန်းက ဧရာဝတီကိုပြောပါတယ်။

“ငါနဲ့မဆိုင်ဘူး ငါ့မိသားစုအသတ်ခံရတာမဟုတ်ဘူးဆိုပြီး တရားခံကိုဖေါ်ထုတ်မပေးနိုင်တာမသိသလိုလုပ်ပြီး မနေနိုင်လို့ ကျနော်တို့တတ်နိုင်တဲ့ဘက်က အမှန်တရားပေါ်ပေါက်ရေးအတွက် လှုပ်ရှားတာဖြစ်သလို၊ လူမြင်သူမြင်နေရာတွေရော အွန်လိုင်း facebook  ပေါ်တွေမှာပါ ကျနော်တို့ ဒီအဖြစ်အပျက်ကို မမေ့သေးဘူး၊ ဒီလိုအဖြစ်အပျက်တွေ ပြည်မြို့မှာ ဖြစ်ခဲ့ဘူးတယ်၊ ကျောင်းသားစုံတွဲတွေအတွက်ပါ ဆင်ခြင်သင်ခန်းစားယူနိုင်ဖို့ ကျနော်တို့ လှုပ်ရှားတာပါ။” လို့ ကိုသန့်စင်ထွန်းကပြောပါတယ်။


အဲဒီစတစ်ကာမှာပါတဲ့ စာသားတွေကတော့ “ နဝဒေးတံတားအောက် အကြမ်းဖက်လုယက် သတ်ဖြတ်မှု (၂) နှစ်ပြည့် အထိမ်းအမှတ် လူထုလှုပ်ရှားမှု၊ အမှန်တရား ပေါ်ပေါက်ပြီး တရားမျှတမှု၊ ကုစားခွင့်၊ လုံခြုံစိတ်ချခွင့် ရရှိရေး ဦးလည်မသုန် ကြိုးပမ်းကြပါစို့။ ” ဆိုတာလည်းပါသလို၊ “ စစ်တပ်အသားစီးယူထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ မပြင်သမျှ၊ ပြည်သူလူထုကို အမှန်တကယ် ကိုယ်စားပြုတဲ့ လူထုအစိုးရမပေါ်သမျှ၊ တရားဥပဒေ စိုးမိုးမှုကင်းမဲ့ပြီး တရားမျှတမှု ရှာဖွေခွင့်၊ ကုစားခွင့်နဲ့ လုံခြုံစိတ်ချခွင့်တွေ လက်လွတ်ဆုံးရှုံးနေဦးမှာပဲ” ဆိုတဲ့ စာသားတွေ ပါဝင်ပါတယ်။

ဒီစာတမ်းတွေကို ပြည်မြို့မှာရှိတဲ့ တက္ကသိုလ်ကျောင်းအနီးတဝိုက်၊ ဆေးရုံ၊ စားသောက်ဆိုင်၊ လက်ဘက်ရည်ဆိုင်နဲ့ လမ်းဘေး လူစည်ကားရာနေရာတွေမှာ လိုက်လံကပ်ခဲ့တာဖြစ်ပါတယ်။


ကောင်းမြတ်မင်း


Viewing all articles
Browse latest Browse all 5236

Trending Articles