Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ထိုင်းက ကုန်စုံဆိုင်မှာ လေယာဉ်ပျံလက်မှတ် ဝယ်နိုင်ပြီ

$
0
0

ထိုင်းနိုင်ငံမှ 7-eleven ဆိုင်တနေရာ (photo - howtosurvivethailandtips.blogspot.com)

ထိုင်းက ၂၄ နာရီဖွင့်တဲ့ နာမည်ကျော် 7-Eleven ကုန်စုံဆိုင်တွေမှာ အရက်၊ ဘီယာ၊ အအေး၊ မုန့်ခြောက်နဲ့ တိုလီမုတ်စတွေကို ရောင်းရုံမက မိုဘိုင်းဖုန်း ငွေဖြည့်ကတ်၊ လစဉ် ရေခ မီးခတို့ကို ပေးချေငွေသွင်းလို့ ရတာကြာပါပြီ။ အခုတော့ လေယာဉ်ပျံလက်မှတ်ပါ ဝယ်လို့ရပါတော့မယ်။


စရိတ်နည်း လေကြောင်းလိုင်းတခုဖြစ်တဲ့ Thai Smile Airways က 7-Eleven ကိုပိုင်တဲ့ CP ကုမ္ပဏီကြီးရဲ့ လုပ်ငန်းခွဲတခုဖြစ်တဲ့ Counter Service ကုမ္ပဏီနဲ့ ပူးပေါင်းပြီးတော့ လေယာဉ်လက်မှတ် ကြိုတင်မှာယူတာတွေ၊ ငွေပေးချေတာတွေ အချိန်မရွေးပြုလုပ်နိုင်အောင် ဆောင်ရွက်ပေးတော့မှာ ဖြစ်တယ်လို့ ဘန်ကောက်ပို့စ်သတင်းစာက ရေးပါတယ်။

အသွားအပြန် လေယာဉ်လက်မှတ် ကြိုတင်မှာယူတာ ငွေချေတာတွေကို လုပ်နိုင်မယ်လို့ သိရပါတယ်။  ခရီးသည်တွေအနေနဲ့ ပထမဆုံး ThaiSmileAir.com ကနေတဆင့် ထိုင်ခုံနေရာမှာယူနိုင်ပါတယ်။ ပြီးရင် ဘားကုဒ်ကို ပရင့်ထုတ်ယူပြီး သွားရောက်မယ့် အချိန်မတိုင်မီ ဘယ် 7-Eleven ဆိုင်မှာမဆို ငွေပေးသွင်းလို့ ရပါတယ်။ ငွေပေးချေထားတဲ့ ဖြတ်ပိုင်းကို လေဆိပ်မှာ လေယာဉ်စီးတဲ့အခါ e-ticket အနေနဲ့ အသုံးပြုနိုင်ပါတယ်။

ဒါမှမဟုတ်ရင်လည်း 7-Eleven ဆိုင်တွေမှာ သွားပြီးတော့ ကြိုတင်မှာယူခြင်း၊ ငွေပေးချေခြင်းတွေ တိုက်ရိုက် ပြုလုပ်နိုင်ပါတယ်။

ပြီးခဲ့တဲ့ နှစ်အတွင်းမှာ ဘတ်ငွေ ၂ ဘီလီယံ ရရှိခဲ့တဲ့ Counter Service က အခုနှစ်အတွင်းမှာ ရောင်းအားကို ၁၀ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းကြား အထိတိုးတက်လာဖို့အတွက် အခုလိုလုပ်ဆောင်လာတာလည်း ဖြစ်ပါတယ်။

Thai Smile  လေကြောင်းလိုင်းကလည်း အခုနှစ်အတွင်းမှာ ခရီးသည် အရေအတွက် ၃.၈ သန်းအထိရရှိနိုင်ဖို့ မျှော်လင့်ထားပါတယ်တဲ့။ အခုနှစ် ဇန်န၀ါရီလကနေ ဧပြီလအတွင်းမှာ ခရီးသည် ၁.၂ သန်းကို သူတို့ ပို့ဆောင်ပေးခဲ့ပြီး ဖြစ်ပါတယ်။

Thai Smile Airway ဟာ Thai Airways International ရဲ့ လုပ်ငန်းခွဲတခုလည်းဖြစ်ပါတယ်

အခုအချိန်မှာတော့ ငွေပေးချေမှု ၀န်ဆောင်ပေးနေတဲ့ လုပ်ငန်းတွေထဲမှာ Counter Service က ထိပ်တန်းမှာရှိနေပါတယ်။ ထိုင်းနိုင်ငံတလွှားမှာ  7-Eleven ဆိုင်ခွဲတွေနဲ့ တခြားဆိုင်တွေကနေတဆင့် ဖွင့်လှစ်ထားတဲ့ လုပ်ငန်းခွဲပေါင်း ၁၀၀၀၀ ကျော်ရှိနေပါပြီ။

နိုင်ငံအတွင်းမှာ နောက်ထပ် အရောင်းဌာန အသစ် ၈၅၀ ဖွင့်ဖို့ရှိတယ်လို့ Counter Service ရဲ့ ဒုတိယ ဥက္ကဌ Veeradech Akkarapholphanich က ဧပြီလ ၂၀ ရက်နေ့မှာ ပြောခဲ့ပါတယ်။ အဲဒီထဲက ၆၀၀ လောက်ဟာ 7-Eleven ဆိုင်တွေမှာ ဖြစ်လိမ့်မယ်လို့လည်း သိရပါတယ်။

Thai Smile ရဲ့ အကြံပေးအဖွဲ့ခေါင်းဆောင် Chalongchai Hiranyalekha က Counter Service နဲ့ ပူးပေါင်းမှုကြောင့် တိုးတက်လာမယ့် ခရီးသည်အရေအတွက်နဲ့ ကိုက်ညီအောင် လေယာဉ် အသစ် ၆ စီး ထပ်တိုးပေးသွားမှာဖြစ်ပြီး အာဆီယံ ဒေသတွင်းမှာ ခရီးစဉ်အသစ်တွေလည်း တိုးချဲ့သွားမယ်လို့ ပြောပါတယ်။ Thai Smile လေကြောင်းလိုင်းဟာ Thai Airways International ရဲ့ လုပ်ငန်းခွဲတခု ဖြစ်ပါတယ်။


Viewing all articles
Browse latest Browse all 5236

Trending Articles