Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ဧရာဝတီတိုင်းအသုံးစရိတ် ၄၈ ဘီလီယံ လိုငွေပြ

$
0
0




ဧရာဝတီတိုင်းဒေသကြီးရဲ့ ၂၀၁၃ - ၂၀၁၄ ဘဏ္ဍာရေးနှစ် အသုံးစရိတ်အတွက် လျာထားတဲ့အထဲက ကျပ်ငွေ ၄၈ ဘီလီယံ (ကျပ်သန်းပေါင်း ၄၈,၁၇၅.၈ သန်း) လိုငွေပြနေတယ်လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီး ဦးဝင်းကိုကိုက မတ်လနောက်ဆုံးပတ်ထဲမှာ ကျင်းပခဲ့တဲ့ တိုင်းလွှတ်တော်အစည်းအဝေးမှာ တင်ပြသွားပါတယ်။

လာမယ့်ဘဏ္ဍာရေးနှစ် တနှစ်လုံးမှာ ဧရာဝတီတိုင်းဒေသကြီးအစိုးရရှာဖွေနိုင်တဲ့ငွေက ကျပ်ငွေ ၅၁ ဘီလီယံဖြစ်ပြီးတော့ သုံးဖို့လျာထားတဲ့ငွေကတော့ ၉၉ ဘီလီယံဖြစ်ပါတယ်။ ဒါကြောင့် ၄၈ ဘီလီလံကျပ် လိုငွေပြနေတာပါ။

ဘာကြောင့် ဒီလောက် လိုငွေပြနေရတာပါလိမ့်။

အကြောင်းရင်းကတော့ လာမယ့်ဘဏ္ဍာရေးနှစ်မှာ လမ်းတံတားတွေကို တိုးချဲ့ဆောက်လုပ်ဖို့နဲ့ ပြုပြင်ထိမ်းသိမ်းဖို့အတွက် ကျပ်ငွေ ၃၉ ဘီလီယံ အသုံးပြုသွားဖို့ လျာထားတဲ့အတွက်ကြောင့်ဖြစ်ပါတယ်လို့ ၀န်ကြီး ဦးဝင်းကိုကိုက လွှတ်တော်မှာ ရှင်းပြသွားပါတယ်။

“ဆောက်လုပ်ရေးအတွက် ခုလိုငွေသုံးရတာဟာ တိုင်းဒေသကြီးရဲ့လိုအပ်ချက်ဖြစ်ပေမယ့်လို့ တနိုင်ငံလုံးရဲ့ လမ်းတံတား ကွန်ရက်တွေကောင်းမွန်စေရေးအတွက်ကို ပြည်ထောင်စု အစိုးရမှာလည်း တာဝန်ရှိတဲ့ အတွက်ကြောင့်မို့လို့ ကျနော်တို့ရဲ့လိုငွေကို ဖြည့်ဆည်းပေးခြင်းလို့ လေ့လာသုံးသပ် ထားပါတယ်”လို့ ၀န်ကြီးက ပြောပါတယ်။

မြို့တချို့မှာ ဖြစ်ခဲ့တဲ့ ဆူပူအကြမ်းဖက်မှုတွေ ကူးစက်လာမှာစိုးလို့ ၂ ရက်ပဲကျင်းပခဲ့တဲ့ လွှတ်တော်အစည်းအဝေး ဒုတိယနေ့မှာ ၂၀၁၃ - ၂၀၁၄ ခုနှစ် ဧရာဝတီတိုင်းဒေသကြီး၏ ဘဏ္ဍာရေးရသုံးဆိုင်ရာ ဥပဒေကြမ်းကို အတည်ပြုပြဌာန်းခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၂ - ၂၀၁၃ ခုနှစ် ဘဏ္ဍာရေးနှစ်မှာလည်း ဧရာဝတီတိုင်းဒေသကြီးရဲ့ အသုံးစရိတ်မှာ ကျပ်ငွေ ၄၀ ဘီလီယံ (ကျပ်သန်းပေါင်း ၄၀,၈၀၈. ၅၄၁) လိုငွေပြခဲ့ပါသေးတယ်။

ယမန်နှစ်က အစိုးရအဖွဲ့ရဲ့ တနှစ်တာသုံးငွေက ကျပ် ၈၇ ဘီလီယံကျော်ရှိပြီးတော့ တိုင်းအစိုးရအဖွဲ့ ရှာဖွေနိုင်တဲ့ဘဏ္ဍာငွေက ၄၇ ဘီလီယံပဲရှိတဲ့အတွက် ၄၀ ဘီလီယံ လိုငွေပြခဲ့တာပါ။

ဘဏ္ဍာရေးဝန်ကြီးကတော့ လမ်းတံတားတွေအတွက် ငွေမသုံးဘူးဆိုရင် ကိုယ့်တိုင်းဒေသကြီးကရတဲ့ အခွန်ငွေနဲ့ လိုငွေမပြဘဲ လုံလောက်အောင် သုံးစွဲနိုင်ပါတယ်လို့ ပြောပါတယ်။

“ကျနော်တို့ဟာ လမ်းတံတားတွေရဲ့ ဖွံ့ဖြိုးမှုကို မျက်ကွယ်ပြုထားပြီးတော့ ကိုယ့်တိုင်းဒေသရဲ့ ၀င်ငွေနဲ့ပဲ စီမံမယ်ဆိုရင်လည်း စီမံလို့ရတဲ့အနေအထား ရှိပါတယ်”လို့ ဦးဝင်းကိုကိုက ပြောပါတယ်။

အဲတော့ လာမယ့်ဘဏ္ဍာရေးနှစ်မှာ လမ်းတွေ၊ တံတားတွေအတွက် ကျပ်ငွေ ၃၉ ဘီလီလံတောင် သုံးမယ်ဆိုတော့ ဧရာဝတီတိုင်းဒေသကြီးထဲက လမ်းဟောင်း၊ တံတားဟောင်းတွေ သစ်လွင်တောက်ပလာမလား၊ လမ်းသစ်၊ တံတားသစ်တွေ ဖြစ်ထွန်း ပေါ်ပေါက်လာမလားဆိုတာတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။
 
  ဧရာဝတီ Facebook/ဧရာဝတီ Twitter

Viewing all articles
Browse latest Browse all 5236

Trending Articles