Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ဒု သမ္မတ ဦးဥာဏ်ထွန်း ပုသိမ်မှာ ဘာပြောသွားလဲ

$
0
0
နိုင်ငံတော်ဒု သမ္မတ ဦးဥာဏ်ထွန်းဟာ ၂ ရက်တာ ခရီးစဉ်အဖြစ် ဧပြီလ ၆ ရက်နေ့နဲ့ ၇ ရက်နေ့တွေမှာ ဧရာဝတီတိုင်းဒေသကြီးကို ရောက်ရှိနေခဲ့ပါတယ်။ 

ကျန်းမာရေးအခြေအနေကြောင့် အနားယူသွားတဲ့ သီဟသူရ ဦးတင်အောင်မြင့်ဦးနေရာမှာ အစားထိုး ခန့်အပ်ခြင်းခံရတဲ့ ဒု သမ္မတ ဦးဥာဏ်ထွန်းဟာ ဧရာဝတီတိုင်းဒေသကြီးကို ပထမဆုံးအကြိမ်အဖြစ် လာရောက်ခြင်းဖြစ်ပါတယ်။ 

 ဓာတ်ပုံ- သမ္မတရုံး ၀က်ဆိုက်

 ဒုသမ္မတဟာ ဧပြီလ ၆ ရက်နေ့က တော့ ငွေဆောင်ကမ်းခြေမှာကျင်းပနေတဲ့ ဆီးဂိမ်းအကြို မြန်မာ အမျိုးသားတံခွန်စိုက်ရွက်လှေပြိုင်ပွဲကို သွားရောက်အားပေးခဲ့ပြီး မြောင်းမြမြို့က ဂုံလျှော်စက်ရုံကိုလည်း သွားရောက်စစ်ဆေးကြည့်ရှုခဲ့ပါတယ်။ 

နောက်နေ့ မနက်ပိုင်းမှာတော့ ပုသိမ်စက်မှုဇုန် စီမံကိန်းထဲက Delta Industrial Group (DIG) အထည်ချုပ် စက်ရုံမှာ ပုသိမ်နဲ့ ဟင်္သာတက စက်မှုဇုန်လုပ်ငန်းရှင်များနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒီလိုတွေ့ဆုံရာ မှာ ဒု သမ္မတ ဦးဥာဏ်ထွန်းက ၂၀၁၅ ခုနှစ်ရောက်ရင် မြန်မာနိုင်ငံမှာ အာဆီယံစီးပွားရေး လွတ်လပ်စွာ ကုန်သွယ်ခွင့်ကို စတင်အကောင်အထည်ဖော်မှာ ဖြစ်တာကြောင့် အဲဒီအတွက် ကြိုတင်ပြင်ဆင်ထားကြဖို့ တိုက်တွန်းပြော ဆိုသွားပါတယ်။ 

 “အာဆီယံနိုင်ငံတွေနဲ့ သဘောတူစာချုပ်အရ ၂၀၁၅ ခုနှစ်မှာ အာဆီယံဒေသတွင်း လွတ်လပ်စွာ ကုန် သွယ်မှုကို အကောင်အထည်ဖော်တဲ့အချိန်မှာ ဘာကုန်သွယ်မှုအတားအဆီးမှ မရှိတော့တဲ့အချိန်မှာ ဒီထက် ပိုပြီးကြီးမားတဲ့စိန်ခေါ်မှုတွေနဲ့ ကျနော်တို့လုပ်ငန်းတွေ ရင်ဆိုင်ရတော့မယ့်အနေအထား ဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။

ဆက်လက်ပြီး သူက “အဲဒီကျရင် ကျနော်တို့နိုင်ငံထဲကို သူတို့ပစ္စည်းတွေ ကြိုက်သလောက် လာရောင်း လိမ့်မယ်။ ကျနော်တို့ ပစ္စည်းတွေ သူတို့နိုင်ငံတွေကို သွားရောင်းဖို့မလုပ်နိုင်ခင်မှာ သူတို့ ပစ္စည်းတွေ ကျနော်တို့ ပြည်တွင်းဈေးကွက်တွေကို ၀င်ပြီးတော့လုယူသွားမှာကို ကျနော်တို့လက်သင့်ခံလို့ မရဘူး။ ဒါကြောင့် ဒီကနေ့ စက်မှုဇုန်တွေမှာရှိတဲ့ SME (အသေးစားနှင့်အလတ်စား စီးပွားရေး လုပ်ငန်းများ) တွေ ကို မြှင့်တင်ပေးဖို့လိုပါတယ်။ ဒါဟာ ကျနော်တို့အစိုးရရဲ့ ဒီကနေ့ခံယူချက်ပါ”လို့ ဒု သမ္မတက လုပ်ငန်းရှင်
တွေကို ပြောဆိုသွားပါတယ်။ 

ဒု သမ္မတနဲ့အဖွဲ့ဟာ လုပ်ငန်းရှင်တွေနဲ့ နံနက် ၉ နာရီကနေ စတင်တွေ့ဆုံခဲ့တာ နေ့လည် ၁၁ နာရီခွဲမှာ ပြီးဆုံးတဲ့နောက် ပုသိမ်မြို့ကနေ ပြန်လည်ထွက်ခွာသွားပါတယ်။ 


ဆလိုင်းသန့်ဇင် ~

Viewing all articles
Browse latest Browse all 5236

Trending Articles