Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ရန်ကုန်မှာလည်း အင်းလေးအစားအစာ ရပါပြီ

$
0
0
 ~




နိုင်ငံခြားသားဧည့်သည်တွေ မြန်မာနိုင်ငံကို အလည်အပတ်ရောက်လာကြလို့ ဒေသအစားအစာလေးတွေ မြည်းစမ်းကြည့်လိုတယ်ဆိုရင်ဖြင့် ညွှန်းဆိုစရာ အစားအစာကို ရွေးချယ်ပေးဖို့ အနည်းငယ် အခက်အခဲတွေ့နိုင်ပါတယ်။


 မြန်မာ့တိုင်းရင်းသားရိုးရာအစားအစာတွေထဲမှာ နာမည်ရပြီး လူကြိုက်များတဲ့ အစားအစာတွေရှိပေမယ့် အနံ့အရသာက အစ၊ ပြင်ဆင်ချက်ပြုတ်ပုံအလယ်၊ တည်ခင်းဧည့်ပုံအဆုံး နိုင်ငံခြားသားတွေရဲ့ ခံတွင်းနဲ့ မနောမှာ အစပ်အဟပ်တည့် စေဖို့တော့ မလွယ်ကူလှဘူးလို့ ဆိုရပါလိမ့်မယ်။

အဲဒီလို ရိုးရာအစားအစာတွေထဲကမှ စိတ်ဝင်စားဖွယ် ရွေးချယ်စရာ အစားအစာလေးတွေများတဲ့ အင်းလေးရိုးရာ အစားအစာတွေကို ရောင်းချတဲ့ “အမှတ်တရ” အင်းလေးအစားအစာဆိုင်နဲ့ ဒီတပတ်မှာ မိတ်ဆက်ပေးလိုပါတယ်။

ဆိုင်နေရာကတော့ လမ်းမတော်မြို့နယ်ထဲမှာရှိပြီး၊ ဗဟိုအမျိုးသမီးဆေးရုံကြီးအနီး၊ ဗဟိုလမ်းပေါ်မှာဖြစ်ပါတယ်။
“အမှတ်တရ” ဆိုတဲ့နာမည်နဲ့ အင်းလေးရိုးရာအစားအစာတွေကို ပထမဆုံး စတင်ဖွင့်လှစ်ရောင်းချခဲ့တာကတော့ ၁၉၉၈ခုနှစ်က မြို့မကျောင်းလမ်းထဲကဆိုင်ဖြစ်ပြီး အဲဒီနေရာမှာ ၂၀၀၂ခုနှစ်အထိဖွင့်လှစ်ခဲ့ကာ အခြားဆိုင်ခွဲတွေအပါအဝင် ဆိုင်ခွဲပေါင်း ၄ဆိုင် ဖွင့်လှစ်ခဲ့ပေမယ့် အခုအခါမှာတော့ အထက်ပါလိပ်စာမှာရှိတဲ့ ဆိုင်တဆိုင်သာ ဖွင့်လှစ်ရောင်းချ နေတယ်လို့ ဆိုင်ရှင်ဖြစ်သူ ဦးတေဇအောင်က ဆိုပါတယ်။

သူကတောင်ကြီးဇာတိဖြစ်ပြီး ဇနီးသည်က ညောင်ရွှေဇာတိဖြစ်တာမို့ စားသောက်ဆိုင်လုပ်ငန်းကို စတင်ဖို့စဉ်စားတဲ့အခါမှာ အဲဒီအချိန်အခါက ရန်ကုန်စားသောက်ဆိုင်တွေမှာ ဘယ်သူမှဖွင့်လှစ်ရောင်းချခြင်းမရှိသေးတဲ့ ဇနီးဖြစ်သူရဲ့ဇာတိ အစားအစာဖြစ်တဲ့ အင်းလေးရိုးရာအစားအစာတွေကို အထူးပြုရောင်းချဖို့ ရွေးချယ်ခဲ့ကြတာဖြစ်တယ်လို့ ဦးတေဇအောင်က ပြောပြပါတယ်။

 

  • ဓာတ်ပုံများ - ဂျေပိုင် / ဧရာဝတီ

ခုလက်ရှိ အင်းလေးရိုးရာအစာအစာတွေထဲမှာ နာမည်ရပြီး လူကြိုက်များနေတာကတော့ ငါးထမင်းနယ်၊ ဝက်သားချဉ်၊ ငှက်ပျောဖူးဟင်းထုပ်နဲ့ ကြက်သွန်မြိတ်ဟင်းထုပ်တွေဖြစ်ပါတယ်တဲ့။
နာမည်ကြားတာနဲ့ စိတ်မဝင်စားဘဲမနေနိုင်တဲ့ အင်းလေး ငါးရှဥ့်ဆန်လှော်ဆေးခါးဟင်းရည် နဲ့ ငါးဒုက္ခဟင်းကိုလည်း ချန်ထားလို့ မဖြစ်ပါဘူး။
ရှမ်းအစားအစာတွေ ထဲကတော့ ရှမ်းခေါက်ဆွဲ၊ ပဲပုတ်ထမင်းသုပ်၊ ပဲပုတ်ထမင်းကြော်နဲ့ ခေါပုတ်ကြော်တို့က နာမည်ရပါတယ်။

  

ခေါပုတ်ကြော်

နိုင်ငံခြားသားတွေထဲကမှ ဂျပန်လူမျိုးတွေလာပြီး စားသောက်ကြတာများပြီး သူတို့က ငါးထမင်းနယ်နဲ့ ရှမ်းခေါက်ဆွဲကို အကြိုက်များသလို ဒေသခံဖောက်သည်တွေထဲကတော့ ငါးထမင်းနယ်၊ ဝက်သားချဉ်၊ ဟင်းထုပ်နဲ့ ငါးဒုက္ခတို့ကို အကြိုက်တွေ့ကြတယ်လို့လည်း သိရပါတယ်။

အင်းလေးငါးဒုက္ခဟင်းကို ပြုလုပ်ပုံက ငါးဖိန်းကို အကောင်လိုက် ရင်ခွဲပြီး ကြက်သွန်မြိတ်၊ ငါးဥ၊ ချင်း၊ ကြက်သွန်ဖြူတို့ကို အဆာသွပ်လို့ ငါးကို နှီးနဲ့တုပ်ကာ ဆီပူပူမှာကြော်ပြီးမှ ခုနကအဆာတွေကိုပဲ
ခရမ်းချဉ်သီးလေးနဲ့ ဆီသတ်ထားတဲ့အနှစ်ကို ငါးကြော်အပေါ်ကနေ topping အနေနဲ့ ဖြန့်ခင်းလို့ အလှဆင်တည်ခင်းတာဖြစ်ပါတယ်။
အခုအခါမှာတော့ ပြောင်းလဲလာတဲ့ သဘာဝဝန်းကျင် အနေအထားတွေအရ အင်းလေးကန်ထဲမှာတောင် ငါးဖိန်းတွေ မျိုးသုဉ်းသလောက် ရှိနေပြီမို့ ငါးဖိန်းအစား ဇလားဘီယားငါးနဲ့သာ ရရှိပါတယ်တဲ့။

 ငါးရှဥ့်ဆန်လှော်ဆေးခါးဟင်းကတော့ အောက်ပြည်မှာ ခရမ်းကစော့သီးလို့ခေါ်ပြီး အင်းလေးဒေသအခေါ်အရ ကစော့ခါးသီးလို့အမည်ရတဲ့ အသီးလေးတွေနဲ့ ဆန်လှော်မှုန့်၊ ခရမ်းသီးတို့ကို ငါးရှဥ့်အသားလွှာထည့်ပြီး ဆေးခါးမှုန့်ဖြူးလို့ အရည်သောက်အဖြစ် ပူပူနွေးနွေးသောက်သုံးရတာမို့ အရသာတမျိုးထူးပါတယ်။

 


ငါးထမင်းနယ်ကိုတော့ အင်းလေးဒေသမှာ ပြုလုပ်သလို ငါးအသားနဲ့ထမင်းကို ထမင်းသုပ်ပုံစံမျိုး တခါတည်း ရောနယ်သုပ်ထားတာမဟုတ်ဘဲ ထမင်းနယ်ကို အပြားလေးတွေပြုလုပ်ပြီးမှ နွှင်ထားတဲ့ ငါးရံ့အသားနဲ့ ဆီချက်တို့ကို အပေါ်ကဖြူးလို့ ဖက်ရွက်စိမ်းစိမ်းကလေးပေါ်မှာ အလှဆင်ထားပြီး ဂျူးမြစ်ကလေးကိုက်လို့ စားသောက်ရတာမို့ အမြင်တမျိုးဆန်းသစ်စေပါတယ်။

အဲဒီအစားအစာတွေနဲ့အတူ တောင်ကြီးဒေသစာ ကောက်ညှင်းငချိတ်နဲ့ လုပ်ထားတဲ့ ခေါပုတ်ကြော်ပူပူ ရွရွကလေးကို နှမ်းထောင်းလေးဖြူးပြီး လဲချားဒေသထွက် ပဲပုတ်မွှေးမွှေးဆိမ့်ဆိမ့်လေးနဲ့ သုပ်ထားတဲ့ ပဲပုတ်ထမင်းသုပ်ကလေးနဲ့ တွဲဖက်စားရတာကလည်း အင်မတန် လိုက်ဖက်ညီလှပါတယ်။

  
 
အစားအသောက်တွေရဲ့ ဈေးနှုန်းက ၁၀၀၀ကျပ်ကနေ ၄၀၀၀ကျပ်အတွင်းသာ ရှိတာမို့ ဈေးနှုန်းချိုသာတယ်လို့ ပြောနိုင်ပါတယ်။
ဆိုင်ရဲ့ အပြင်အဆင်ကလည်း နှီးတောင်းကလေးတွေနဲ့ ဝိုင်အရက်စည်ကလေးတွေကို မျက်နှာကျက်နဲ့ နံရံတွေပေါ်မှာ ချိတ်ဆွဲအလှဆင်ပြီး ဒေသရနံ့တွေ အတတ်နိုင်ဆုံးရရှိအောင် အားထုတ်ထားပုံရပါတယ်။
ဒါပေမယ့် လမ်းမကြီးရဲ့နံဘေးမှာ ဟင်းလင်းဖွင့်တည်ရှိတဲ့ ဆိုင်အနေအထားကြောင့် ဖြတ်သွားဖြတ်လာကားတွေရဲ့ ဆူညံသံနဲ့ အိတ်ဇောမီးခိုးနံ့တို့ကိုတော့ ရံဖန်ရံခါ ခံစားရနိုင်ပါတယ်။
မှန်အလုံပိတ် အဲကွန်းတပ်ဆိုင်ခန်းတခုသာဆိုရင်ဖြင့် နားအေးပါးအေး စားသောက်လိုသူ ပြည်တွင်းဧည့်သည်တွေနဲ့ နိုင်ငံခြားသား ဖောက်သည်တွေအတွက် ပိုပြီး အဆင်ပြေစေမယ်လို့ ထင်မြင်မိပါတယ်။

အမှတ်တရဆိုင်က ရောင်းချနေတဲ့ အစားအသောက်တွေအတွက် ကုန်ကြမ်းအများစုကို တောင်ကြီးကနေပဲ လှမ်းပြီးမှာယူ သုံးစွဲတယ်လို့လည်း ဦးတေဇအောင်ကဆိုပါတယ်။
အမှတ်တရဆိုင်ကနေ အထက်ပါ အင်းလေးနဲ့ တောင်ကြီး ဒေသအစားအစာတွေကို ရရှိနိုင်သလို လက်ဖက်ခြောက်၊ ပဲပုတ်၊ ငရုပ်သီးမှုန့်၊ ဆီတို့ဟူးနဲ့ ဝိုင်လို ဒေသထွက်ကုန်တချို့ ကိုလည်း ရောင်းချပေးထားတာတွေ့ရပါတယ်။
အင်းလေးနဲ့ တောင်ကြီးရဲ့ အငွေ့အသက်တွေကို ပိုပြီးပြည့်စုံသွားချင် သူတွေအတွက် ကမ္ဘောဇဝိုင်ပုလင်းတွေကိုလည်း ရောင်းချပေးနေတာမို့ အဲဒီလို ဒေသစာတွေကို မြည်းစမ်းကြည့်ချင်လို တယ်ဆိုရင်ဖြင့် “အမှတ်တရ” အင်းလေးအစားအစာနဲ့ ရှမ်းခေါက်ဆွဲဆိုင်ကို ဒီစာမျက်နှာကနေ ညွှန်းဆိုပေးလိုက်ရပါတယ်။




.

Viewing all articles
Browse latest Browse all 5236

Trending Articles