Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

မကွေးတိုင်း ရွာသုံးရွာမှာ သန်းခေါင်စာရင်းဖိုး ပြန်ပေးမယ်

$
0
0
~

 

မကွေးတိုင်းထဲက  ရွာသုံးရွာမှာ သန်းခေါင်စာရင်းကောက် ဆရာမများအတွက် ဆိုပြီး ကောက်ယူထားမိတဲ့ငွေတွေကို ဒေသခံတွေဆီ ပြန်ပေးမယ်လို့ သိရပါတယ်။
  .
 

 


သန်းခေါင်စာရင်း ကောက်ယူရေး လှုံ့ဆော် ဆိုင်းဘုတ် တခု  (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
 
သရက်ခရိုင်၊ ကံမမြို့နယ်ထဲက သစ်မယ်ဇီး၊  ဒါန်းကိုင်း၊ ဒဂုံကွင်း ဆိုတဲ့ ရွာတွေမှာ ကောက်ယူခဲ့တာပါ။

သစ်မယ်ဇီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးထွန်းသိန်းက စနေနေ့မှာ ဧရာဝတီကို အခုလိုရှင်းပြပါတယ်။

"ဟုတ်ပါတယ်၊ ကျနော်တို့ငွေကောက်ခံတာ၊ မတ်လ ၃၀ ရက်နေ့က အစည်းအဝေးလုပ်ပြီး ဆရာမတွေအတွက် စားစရိတ်ရယ်၊ သောက်ရေ၊ ချိုးရေအတွက် အဆင်ပြေအောင် ကောက်တာပါ။
ကောက်ခံရတဲ့ငွေကိုလည်း ဆရာမတွေကို ပေးပါသေးတယ်။ သူတို့က လက်မခံရဲဘူးဆိုလို့ သက်ဆိုင်တဲ့ကျေးရွာတွေကို ကျနော် ၁၀ ရက်နေ့က ပြန်ပေးခိုင်းလိုက်ပါပြီ"

ငွေကြေးကိစ္စအတွက် အထက်က ညွှန်ကြားထားခြင်း မရှိဘူးလို့ ဆိုပါတယ်။

"မြို့နယ်ကလည်း မကောက်ခိုင်းပါဘူး။ လာကောက်တဲ့လူတွေအတွက် စရိတ်ကို နိုင်ငံတော်က ထောက်ပံ့ပေးထားတယ်ဆိုတာကိုလည်း သိပါတယ်။
ဒါပေမဲ့ ဆရာမတွေ ပိုက်ဆံရှိလို့ ဝယ်စားမယ်ဆိုရင်တောင် ထမင်းဆိုင်မရှိတဲ့အတွက် ကျနော်တို့က အခုလိုစီစဉ်ပေးရတာပါ"

ကောက်ခံထားတဲ့ငွေတွေကို   ရာအိမ်မှူးနဲ့ ဆယ်အိမ်မှူးတွေကို ဧပြီလ (၁၀)ရက်နေ့က ပြန်လည်ပေးထားသော်လည်း  ရွာသူရွာသားတွေလက်ထဲ ပြန်မရောက်သေးဘူးလို့ စုံစမ်းသိရှိရပါတယ်။

အခုလို  သန်းခေါင်စာရင်း ကောက်ယူမှုဟာ မြန်မာပြည်မှာ နှစ်ပေါင်း ၃၀ ကျော်အတွင်း ပထမဆုံး စာရင်းကောက်ယူခြင်းပါပဲ။  မတ်လ ၃၀ ရက်နေ့က စတင်တာ သင်္ကြန်မတိုင်ခင်မှာပဲ အဆုံးသတ်ဖို့ အာဏာပိုင်တို့က စီစဉ်ခဲ့ပါတယ်။

အထက်ဖော်ပြပါ ကျေးလက်ဒေသ သုံးခုမှာတော့ သန်းခေါင်စာရင်းကြေး ဆိုတာကို  အိမ်ထောင်တိုင်း ပေးရတာဖြစ်ပြီး၊ ရွာတရွာနဲ့တရွာ ကောက်တဲ့ငွေကြေးနှုန်းထား မတူညီကြောင်း ဒဂုံကွင်းရွာမှ ရွာမိ၊ ရွာဖတဦးဖြစ်တဲ့ ဦးကျော်ဝင်းက ဧရာဝတီကို အခုလိုပြောပါတယ်ပြောပါတယ်။

"တအိမ်ကို (၂၀၀)ထည့်ခိုင်းတယ်။ လာပြောတဲ့ နေကဆိုရင် အုပ်စုအုပ်ချုပ်ရေးမှူးစာရေးက ခင်ဗျားတို့ ကြက်ဥတလုံးတောင် တရာ့ငါးဆယ်(၁၅၀) ဖြစ်နေတာ... တဲ့။ ကျနော်တို့လည်း ထည့်လိုက်ရတာပေါ့"

ဒါန်းကိုင်းရွာမှ ကိုယ်တိုင်ငွေလိုက်လံကောက်ခံပေးရတဲ့ ရာအိမ်မှူး ကိုဝင်းနိုင်ကလည်း အခုလိုပြောပါတယ်။

 "ကျနော်က ပြဿနာတတ်မယ်နော် မကောက်တာကောင်းမယ်လို့ ပြောတာကို အုပ်စု အုပ်ချုပ်ရေးမှူးက လက်မခံဘူး။ အတင်း ကောက်ခိုင်းတယ်။
ဒါန်းကိုင်းရွာကတော့ နှစ်သောင်းခွဲပြည့်အောင်ပေးရမယ် ပြောတယ်။ လောလောဆယ် တသောင်းပဲ ကောက်ပေးနိုင်သေးတယ်။ ဒါန်းကိုင်း ဆိုရင် အိမ်ခြေ (၉၀)ရှိလို့ တအိမ်ကို (၄၀၀) ထည့်ခိုင်းတယ်"

သစ်မယ်ဇီးကျေးရွာမှ ငွေထည့်ဝင်ရသူ ကိုစိုးဝင်းကလည်း အခုလိုပြောပါသေးတယ်။

"သစ်မယ်ဇီးဆိုရင် အိမ်ခြေ (၁၃၀) ရှိလို့၊ တအိမ်ကို (၂၀၀)ထည့်ရတယ်။
ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေက တဆင့်ကောက်တာပါ။ ကျနော်တို့ရွာကဆိုရင် အလှည့်ကျ ထမင်းချိုင့်တောင်ပို့ရသေးတယ်။ မနက် နှစ်ချိုင့် ည နှစ်ချိုင့်။
သူတို့ပိုက်ဆံကောက်တဲ့ခေါင်းစဉ်က သန်းခေါင်စာရင်းလာကောက်တဲ့ ဆရာမတွေအတွက် စားစရိတ်နဲ့ ရေဖိုးဆိုပြီးကောက်တာပါ"

ဒီဒေသအတွင်း သန်းခေါင်စာရင်းကောက်ယူဖို့ တာဝန်ကျတဲ့ သူဆရာမ(၃)ဦးက တခြားတနယ်ကဖြစ်ပြီး သစ်မယ်ဇီးကျေးရွာပဲ ညအိပ်တည်းခိုနေထိုင်ရကြောင်း၊ လုပ်ငန်းကာလ အလှည့်ကျ ထမင်းချိုင့်ကို ဒေသခံတို့က တာဝန်ယူပေးရကြောင်းလည်း အုပ်စုအုပ်ချုပ်ရေးမှူးက ပြောပါတယ်။

သစ်မယ်ဇီးကျေးရွာမှ  ကိုစိုးဝင်းကတော့ ... "အဲဒီငွေလည်း ထည့်ရသေးတယ်။ တရက်ကို ထမင်း(၄)ချိုင့်လည်း ပို့ရသေးတယ်။ အဲဒါကိုမကျေနပ်တာ"လို့ ပြောပါတယ်။

ကောင်းမြတ်မင်း
 


.


Viewing all articles
Browse latest Browse all 5236

Trending Articles