Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ကျပ်သိန်း ၁၅ဝဝ ထီပေါက်သူကို ကျပ် ၂ သိန်းခွဲပဲ မှားလျော်မိတဲ့အဖြစ်

$
0
0
၃၀၂ ကြိမ်မြောက် အောင်ဘာလေကျပ်သိန်း ၁၅၀၀ ထီပေါက်သူကို ထီတွတ်ဝင်တယ်ဆိုပြီး ကျပ် ၂ သိန်း ၅ သောင်းပဲ မှားလျော်မိတဲ့ဖြစ်ရပ်တခု ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့မှာဖြစ်ပွားခဲ့ပါတယ်။ 

 ပုသိမ်မြို့က ကံထူးရှင် ကိုထိန်လင်းအောင်တို့ ဇနီးမောင်နှံ၊ ဓာတ်ပုံ- ဆလိုင်းသန့်စင်/ဧရာဝတီ


ပုသိမ်မြို့ ကင်မလင်းကျွန်းရပ်ကွက်၊ ကန်သာယာ ၃ လမ်းမှာနေတဲ့ ကိုထိန်လင်းအောင်ဟာ မင်္ဂလာမဆောင် မီ ၁ ရက်အလို ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ထီမင်္ဂလာစုံတွဲ ၅ စောင်တွဲ ထိုးခဲ့ပါတယ်။ မင်္ဂလာဦးအကြိုတိုးဖြစ်ခဲ့တဲ့ ထီပေါ့။ 

သူထိုးတဲ့ထီဆိုင်က မိုးယံရွှေလမင်းနဲ့ မြတ်ဆုကုဋေထီဆိုင်ပါ။ တမင်ရည်ရွယ်ပြီး ဆိုင်မှာသွားထိုးခဲ့တာတော့ မဟုတ်ပါဘူး။ မြို့ထဲကနေအိမ်အပြန် လမ်းမှာထီလည်ရောင်းတဲ့ မိုးယံဆိုင်က ထီကားမှာ ထိုးဖြစ်ခဲ့တာကို ကိုထိန်လင်းအောင်က ပြောပါတယ်။ 

ဒီလိုနဲ့ မတ်လ ၁ ရက်နေ့မှာတော့ သူထိုးထားတဲ့ထီ ၅ စောင်က ထိပ်စီး ၂ လုံးတူတယ်ဆိုပြီး ပုသိမ်မြို့ မိုးယံ
ရွှေလမင်းထီဆိုင်က ငွေကျပ် ၂ သိန်း ၅ သောင်းလာလျော်ခဲ့ပါတယ်။ 

“ဒီလ ၁ ရက်နေ့က ကျနော့်ကို ပိုက်ဆံလာလျော်တယ်။ မင်းထီတွတ်ဝင်လို့ လာလျော်တာ လို့ပြောတော့ ကျနော်က ဘယ်လောက်လဲမေးတော့ ၂ သိန်းခွဲလို့ ပြောတယ်။ အဲဒါနဲ့ သူတို့ ပိုက်ဆံထုတ်ပေးတယ်။ 
မောင်လေး ပိုက်ဆံပြည့်မပြည့် စစ်ကြည့်ပါဦးဆိုတာနဲ့ ကျနော်ကလည်း ပိုက်ဆံစစ်ကြည့်တယ်။ ပြီးတော့ ကျနော့် အမျိုးသမီးဆီက ထီလက်မှတ်တောင်းပြီး နံပါတ်တောင် စစ်မကြည့်ဘဲနဲ့ သူတို့ကို ပေးထားလိုက်တယ်” 

၃၀၂ ကြိမ်မြောက် အောင်ဘာလေ ထီဖွင့်ပွဲက ကျပ်သိန်း ၁၅၀၀ ဆု ပေါက်တဲ့ထီနံပါတ်

“အဲ့ဒီလို ငွေလျော်ရင်းနဲ့ ကျနော်လည်း လျှောက်မေးတာပေါ့။ ကျနော်က ထိပ်စီး ၂ လုံးတူတော့ ၅ သောင်းဆိုရင် ၃ လုံးတူတာ၊ ၄ လုံးတူတာရော မရှိဘူးလားဆိုတော့ ရှိတယ်တဲ့။ အဲဒါဆို ထီပေါက်စဉ်လေး ခဏပေးပါဆိုပြီး ကျနော့်ထီလက်မှတ်ဂဏန်းနဲ့ ၃ လုံး ၄ လုံး တူတာများရှိမလား လျှောက်တိုက်ကြည့် တာပေါ့။ တိုက်ရင်းနဲ့ သိန်း ၁၅၀၀ ဆုနဲ့ အကုန်လုံးသွားတူနေတယ်။ အဲဒါနဲ့ ကျနော်က သိန်း ၁၅၀၀ ဆုပေါက်တာ မဟုတ်ဘူးလား၊ ဒီမှာ ဂဏန်းတွေ အကုန်တူနေတယ်ဆိုပြီး ပြောတော့ သူတို့ကလည်း ထီလက်မှတ်ပြစမ်းဆိုပြီး ပြန်တိုက်ကြည့်တော့ ဟာ ဟုတ်တာပဲဆိုပြီး ထခုန်ကြတယ်”လို့ ကျပ်သိန်း ၁၅၀၀ ထီပေါက်ခဲ့သူ ကိုထိန်လင်းအောင်က ပြောပါတယ်။ 

ပုသိမ်မြို့က ကံထူးရှင်ဇနီးမောင်နှံနဲ့ မိသားစုများ

ကိုထိန်လင်းအောင်တို့ဇနီးမောင်နှံဟာ ၃၀၂ ကြိမ်မြောက် အောင်ဘာလေ သိန်းထီဖွင့်ပွဲရဲ့ တဆုတည်းသော ကျပ်သိန်း ၁၅၀၀ ဆုကို (တ ၆၅၆၉၉၈) ဂဏန်းနဲ့ ဆွတ်ခူးခဲ့တာ ဖြစ်ပါတယ်။ 

ဒါပေမယ့် ပုသိမ်မြို့ခံတွေကတော့ ကျပ်သိန်း ၁၅၀၀ ထီဆုကြီး တည့်တည့်ကြီးပေါက်တာကို ထီရောင်းတဲ့ ကိုယ်စားလှယ်တွေက မသိခဲ့ဘဲ ကျပ် ၂ သိန်း ၅ သောင်းပဲ အရင်ဆုံး မှားလျော်မိတဲ့အဖြစ်ကို အံ့သြနေကြပါ တယ်။ 

 “ကျမတို့ဆို ထီတိုက်ရင် ကျပ်သိန်း ၁၅၀၀ ဂဏန်းကိုပဲ အရင်တိုက်ပါတယ်။ ဒီဆုက အများဆုံးကိုး။ သိန်း ၁၅၀၀ မပေါက်မှ သိန်း ၁၀၀၀၊ ၅၀၀၊ ၃၀၀၊ ၂၀၀ ဒီလိုပဲ အစဉ်လိုက်လျှောက်တိုက်တာပေါ့။ ဆုကြီးတွေ မပေါက်တော့ဘူးဆိုမှ ၁ သိန်းဆုတွေဘာတွေ လျှောက်တိုက်တာလေ။ ထီကိုယ်စားလှယ်ဆို ပိုဆိုးတာပေါ့။ ထီဖွင့်တာနဲ့ ကိုယ့်ဆီက ဘယ်လိုဆုကြီးတွေဝင်သလဲ။ ဘယ်နှစ်ဦးပေါက်သလဲ စိစစ်ရတာလေ။ ကျမတို့ မိတ်ဆွေတွေထီရောင်းနေတော့ သိတာပေါ့။ အခုက သိန်း ၁၅၀၀ တည့်တည့်ပေါက်တာကို တွတ်ဝင်တယ်ဆိုပြီး မှားလျော်တာတော့ တခါမှ မကြားဖူးတဲ့ ကိစ္စပဲ”လို့ ပုသိမ်မြို့ ကင်မလင်းကျွန်းရပ်ကွက်က စားသောက်ဆိုင် ပိုင်ရှင်တဦးက မှတ်ချက်ပေးပါတယ်။ 

သိန်း ၁၅၀၀ ပေါက်မှန်း သိသွားတဲ့အချိန်မှာ ပုသိမ်မြို့က မိုးယံထီဆိုင်က ကံထူးရှင်ကို မြို့ထဲမှာ လှည့်လည်
ကြေညာ တာတွေလုပ်ခဲ့ကြောင်း သိရပါတယ်။ နောက်ပြီးတော့ ကံထူးရှင် ကိုထိန်လင်းအောင်တို့ ဇနီးမောင်နှံ ဆီက သိန်း ၁၅၀၀ တန် ထီလက်မှတ်ကို ကျပ်သိန်း ၄၀ ကနေ ၁၂၀ အထိ ငွေပိုပေးပြီး လာဝယ်တဲ့လူတွေ လည်း ပေါ်ပေါက်လာခဲ့ပါတယ်။ 

ကံထူးရှင်မိသားစုကတော့ တသက်မှာတကြိမ်ကံထူးခဲ့တဲ့ သိန်း ၁၅၀၀ ဆုကြီးကို ငွေပိုပေးလည်း မရောင်းနိုင် ဘူးလို့ပြောပါတယ်။ 

မင်္ဂလာဆောင်မှာဝေဖို့ ပန်းကမ်းတဲ့ကဒ်တွေ သွားလုပ်ပြီးအပြန် လမ်းကြုံလို့ ထိုးလာတဲ့ထီလက်မှတ်က မင်္ဂလာဆောင်ပြီး ၉ ရက်အကြာမှာ သိန်း ၁၅၀၀ ထပေါက်ပြီး သန်းကြွယ် ဇနီးမောင်နှံ ချက်ခြင်း လက်ငင်း 
ဖြစ်သွားခဲ့တဲ့သတင်းကို ကြားသိတဲ့ ပုသိမ်မြို့ခံတွေကတော့ ၀မ်းသာပီတိ ဖြစ်နေကြပါတယ်။ 


ဆလိုင်းသန့်စင် ~


 






Viewing all articles
Browse latest Browse all 5236

Trending Articles