Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

မန္တလေးသည် ဝိုင်ဖိုင်မြို့တော်ဖြစ်သည်

$
0
0
~



အိုင်တီ ထွန်းကားတဲ့မြို့ဆိုတာ ခေတ်ပေါ်လူသားတို့အတွက် နေချင်စဖွယ်လို့ ဆိုရမယ်။
မန္တလေးဟာ နေချင်စဖွယ်ကောင်းတဲ့မြို့ကြီးပါပဲ။


   ဝိုင်ဖိုင် ဝန်ဆောင်မှုပေးတဲ့  လက်ဖက်ရည်ဆိုင်တဆိုင်ရဲ့မြင်ကွင်း (ဓာတ်ပုံ - မန်းသားလေး / ဧရာဝတီ)

မန္တလေးမြို့မှာ ကြိုးမဲ့အင်တာနက် လို့ ခေါ်တဲ့ ဝိုင်ဖိုင် သုံးနိုင်တဲ့နေရာ အများအပြားရှိတာ တွေ့ရပါလိမ့်မယ်။

မန္တလေးမှာ ထင်ရှားတဲ့ ဆိုင်နာမည်တချို့ကို ပြောရရင် ... မင်းသီဟ၊  ယူနီစန် အစရှိသဖြင့်။
ဒီလက်ဘက်ရည်ဆိုင်ကြီးတွေက မြို့အနှံ့ ဆိုင်ခွဲတွေ ဖွင့်ထားကြတာပါ။

ယခင်တပတ် အင်္ဂါနေ့က ရောက်ခဲ့တဲ့ဆိုင်က ၃၁ လမ်း နဲ့ ၇၁ လမ်းထောင့်က ယူနီစံ လက်ဘက်ရည်ဆိုင်ဖြစ်ပါတယ်။
ဒီဆိုင်ခွဲရဲ့ ထူးခြားချက်က ၂၄ နာရီဖွင့်ခြင်းပါ။
ဒီလို  ၂၄ နာရီဖွင့်တဲ့ လက်ဘက်ရည်ဆိုင်မျိုးက အင်တာနက် လာသုံးလိုသူများအတွက်ရော မသုံးသူများအတွက်ရော အချိန်ပြည့် တံခါးဖွင့်ထားတာပေါ့။

တခြားမြို့ကြီးတွေမှာ ဒီလိုအနေအထားမျိုး တွေ့ရဖွယ် မမြင်ပါ။
ရန်ကုန်က ထိုင်ရတာ အကုန်အကျများလွန်းတဲ့ ဒိုးနတ်ဆိုင်တွေမှာတောင်မှ ဒီလို ၀န်ဆောင်မှုမျိုး မပေးသေးပါဘူး။
ရန်ကုန်က အအေးခန်းကော်ဖီဆိုင်၊ အင်္ဂလိပ်မုန့်ဆိုင်တွေမှာ ဝိုင်ဖိုင် တပ်ပေးပြီဆိုရင်လည်း တနာရီ ဘယ်လောက် ဆိုပြီး ငွေကောက်ရင် ကောက်လိမ့်မယ် - အမေရိကန်တွေလည်း အဲသလို ကောက်ကြတာပဲမဟုတ်လား။

မန္တလေးမှာတော့ ဘာမှမဟုတ်ပါဘူးလို့ ထင်ရတဲ့ လက်ဘက်ရည်ဆိုင်တချို့မှာတောင် ဝိုင်ဖိုင် တပ်ထားကြတာမျိုး ကြုံရပါလိမ့်မယ်။

လက်ဘက်ရည်၊ ဘီယာ ဘာပဲသောက်သည်ဖြစ်စေ အင်တာနက်ကောင်းတဲ့ဆိုင်ကို ရွေးထိုင်ကြသူတွေ ရှိနေပါပြီ။

လက်ဘက်ရည်ဆိုင်မှာတော့ အနည်းဆုံး ပိုက်ဆံ ၃၀၀ ဝန်းကျင် ကုန်ပါမယ်။ လက်ဘက်ရည်တခွက် ၂ဝဝ၊ ၃ဝဝ ပေးရတယ်လေ။ အင်တာနက်က အခမဲ့။
ကိုယ့်တယ်လီဖုန်းက အင်တာနက်သုံးလို့ရတယ် ဆိုရင် ဘက်ထရီကုန်တဲ့အထိ အွန်လိုင်းတက်ပေတော့။

အင်တာနက်ကဖေး သွားထိုင်ရင် တနာရီ သုံးလေးငါးရာ ပေးရမှာပါ။

မေးခွန်းတခု ပေါ်လာတာကတော့ မန္တလေးက လက်ဘက်ရည်ဆိုင်တွေမှာ ဘာကြောင့် ဝိုင်ဖိုင် တပ်လာကြသလဲ ဆိုတာပါပဲ။ လွန်ခဲ့တဲ့ ၂ နှစ်ခန့်က ဝိုင်ဖိုင်တပ်တဲ့လက်ဘက်ရည်တဆိုင်ကို လူတွေ အုံပြီးသွားကြရာကနေ တခြားဆိုင်တွေလည်း အလားတူ ဝန်ဆောင်မှု ပေးလာကြတယ်ဖြစ်မယ်လို့ ထင်ပါတယ်။ အခုခေတ်က စမတ်ဖုန်းလည်း အသုံးများကြတယ်မဟုတ်လား။ စမတ်ဖုန်းနဲ့ ၀ိုင်ဖိုင် ပေါင်းလိုက်ရင် ကမ္ဘာကြီးနဲ့ ပိုမို ထိတွေ့လို့ကောင်းပြီလေ။
မန္တလေးသားတွေက တခြားနယ်သားတွေထက် လက်ဘက်ရည် ပိုကြိုက်ကြ လက်ဘက်ရည်ဆိုင် ပိုထိုင်ကြတယ်လို့ မန္တလေးသားဖြစ်နေသူတဦးက ခန့်မှန်းပါတယ်။  ဒီဒီဝန်ဆောင်မှုကြောင့် လက်ဘက်ရည်တင်မက ဝိုင်ဖိုင်ကိုပါ စွဲလန်းသူတွေ ဟန်ကျနေပါပြီ။

ထင်ရှားတဲ့ တွတ်ပီဝက်သားတုတ်ထိုးဆိုင်မှာလည်း ဝိုင်ဖိုင်နဲ့ပါပဲ။ ဒီအကြောင်းကို အကြီးဆုံး ဝက်သားတုတ်ထိုးဆိုင် မန္တလေးမှာ ရှိသည်  ဆိုပြီး ဒီဘလော့မှာ ရေးထားပါတယ်၊ မဖတ်ရသေးဘူး ဆိုရင်
http://blog.irrawaddy.org/2013/12/blog-post_2841.htmlမှာ ပြန်ဖတ်နိုင်ပါတယ်။ မန္တလေးသားတဦးက  သူ့မှာ စမတ်ဖုန်း ရှိတဲ့အတွက် ဝိုင်ဖိုင်ရတဲ့နေရာကို ရွေးထိုင်ပါတယ်လို့ ဆိုပါတယ်။ သူက လက်ဘက်ရည်ဆိုင်ရောက်ရင် password တောင်း၊ ဘာသတင်းထူးသလဲ၊ ငါ့ဆီ ဘယ်သူ အီးမေးပို့သလဲ၊ ဖေ့စ်ဘုတ် နဲ့ ကမ္ဘာကြီးမှာ ဘာတွေ ဖြစ်နေသလဲ ဆိုတာတွေ စနည်းနာသူပါ။

ယခင်တပတ် အင်္ဂါနေ့  နေ့ခင်းဘက်   ယူနီစန်ဆိုင်ခွဲတခုမှာ ကျနော် သွားထိုင်တော့ ဆိုင်အောက်ထပ်မှာ စမတ်ဖုန်းထုတ်ပွတ်ကြည့်နေသူတချို့ကို တွေ့ရပါတယ်။
ဆိုင်အပေါ်ထပ် ထောင့်တနေရာမှာတော့ လူငယ်တယောက်က လက်ပ်တော့ကို စားပွဲပေါ်တင်သုံးနေပါတယ်။ အင်တာနက်လိုင်းစီးနေဟန်ပါပဲ။

မန္တလေးမြို့ပေါ်အနှံ့အပြားတွေ့နေရတဲ့ လက်ဘက်ရည်ဆိုင်တွေထဲမှာ အများအပြားက ဝိုင်ဖိုင် ရတယ်၊ ကိုရီးယားစာ ဂျပန်စာတို့လို တခြားသော အစားအစာရောင်းတဲ့ဆိုင်တွေမှာလည်း အခမဲ့ သုံးနိုင်တယ် ဆိုတော့ မန္တလေးက … ဝိုင်ဖိုင်မြို့တော် ဖြစ်မှန်းမသိဖြစ်လာပါပြီ။

ဒါကြောင့် မန္တလေးသား မန္တလေးသူတွေက အင်တာနက်နဲ့ ပိုမို ထိတွေ့ခွင့်ရသူလို့ ဆိုရမှာဖြစ်ပါတယ်။
အိုင်တီ ထွန်းကားတဲ့မြို့ဆိုတာ ခေတ်ပေါ်လူသားတို့အတွက် နေချင်စဖွယ်လို့ ဆိုရမယ်။
အင်တာနက်နဲ့အဆက်ပြတ်လို့မရသူများအတွက်တော့ မန္တလေးဟာ နေချင်စဖွယ်ကောင်းတဲ့မြို့ကြီးဖြစ်နေပါတော့တယ်။



.


Viewing all articles
Browse latest Browse all 5236

Trending Articles