Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

အားလုံး စိတ်လှုပ်ရှားခဲ့ရတဲ့ မြန်မာ-ထိုင်း ဘောလုံးပွဲ

$
0
0
ရန်ကုန်မြို့ သုဝဏ္ဍအားကစားကွင်း မှာ နေ့လည် ၂နာရီကျော်လောက်ကတည်းက ကားတွေပိတ်ဆို့နေတာ ကို တွေ့ရပါတယ်၊ မြန်မာ နဲ့ထိုင်း ဘောလုံးပြိုင်ပွဲ ကျင်းပမယ့်နေ့ဖြစ်တာကြောင့် ပရိသတ်သောင်းချီဟာ ပွဲချိန် မစတင်ခင် ကတည်းက အားကစားကွင်း အနီး လမ်းမတလျှောက်နဲ့ ကွင်းထဲမှာ ပြည့်လျှံနေတာပါ။ 

မြန်မာ- ထိုင်း ဘောလုံးပွဲ လာအားပေးတဲ့ မြန်မာပရိသတ်တချို့ ၊ ဓာတ်ပုံ- စိုင်းဇော် /ဧရာဝတီ

လက်ရည်တူ အသင်းတွေဖြစ်တဲ့ မြန်မာနဲ့ ထိုင်းအသင်းတို့ ယှဉ်ပြိုင်ကြမှာဖြစ်တာကြောင့် ဘောလုံး ဝါသနာရှင် ပရိသတ် တွေဟာ မြန်မာနဲ့ ထိုင်းအသင်းပွဲစဉ် လက်မှတ်ရရှိရေးအတွက်လည်း ပြိုင်ပွဲမတိုင်ခင် လက်မှတ်ရောင်းချတဲ့ ဒီဇင်ဘာ ၁၃ ရက် နဲ့ ၁၄ ရက် နေ့မှာ လက်မှတ်ရောင်းချရာနေရာမှာ တိုးဝှေ့ပြီး အိမ်ရှင်မြန်မာအသင်းကို အားပေးဖို့ကြိုးစားခဲ့ကြတယ်။ 

သုဝဏ္ဏကွင်း သွားရာ ဝေဇယန္တာလမ်းမကြီးတလျှောက်ကိုတော့ ကားအသွားအလာပိတ်ဆို့ထားပြီး လမ်းဘေးဈေးသည် တွေနဲ့ ပရိသတ်ဝင်ထွက်ဖို့ကိုပဲ သက်ဆိုင်ရာက ဆောင်ရွက်နေတာတွေ့ရပါတယ်။ 

ဝေဇယန္တာလမ်းမကြီးပေါ်မှာတော့ အစားအသောက်ရောင်းချတဲ့ဆိုင်တွေ၊ မြန်မာအသင်း အကျီ၊ အလံနဲ့ စတစ်ကာတွေ ရောင်းချနေသလို လက်မှတ်မှောင်ခိုတွေကလည်း အများအပြားရှိနေပါတယ်။ 

မြန်မာ၊ ထိုင်းပွဲ လက်မှတ်ဝယ်ယူလို့ မရခဲ့တဲ့ ဘောလုံးပရိသတ်တွေကတော့ လက်မှတ်မှောင်ခိုတွေဆီမှာ လက်မှတ်တစောင်ကို ၁၅၀၀၀ ကျပ် ကနေ ၂၈၀၀၀ ကျပ်အထိ ပေးပြီး ဝယ်ယူနေကြပါတယ်။ 

“ပွဲကြည့်ချင်လွန်းလို့ လက်မှတ်လာတိုးပေမဲ့ လုံးဝမရဘူး၊ မှောင်ခိုရောင်းတဲ့သူတွေဆီကပဲ ဝယ်လိုက်ရ တယ်၊ တစောင်ကို ၁၈၀၀၀ ပေးဝယ်ခဲ့ရတယ်”လို့ မြန်မာ-ထိုင်းပွဲ လာအားပေးသူတဦးက ပြောပါတယ်။ 

သုဝဏ္ဍအားကစားကွင်းထဲအဝင်ဂိတ်မှာတော့ ရဲလုံခြုံရေးအများအပြားစောင့်ကျပ်နေပြီး ကွင်းထဲဝင်ကြမယ့် သူတိုင်း လက်မှတ်ပြပြီးမှသာ ဝင်ခွင့်ပေးပါတယ်၊ မြန်မာ-ကမ္ဗောဒီးယားပွဲ နဲ့ မြန်မာ-တီမောပွဲစဉ်တွေတုန်း ကတော့ ရဲလုံခြုံရေးတွေ အနေနဲ့ ကွင်းအဝင်ဂိတ်မှာ လက်မှတ်စစ်ဆေးတာမရှိဘဲ ဘောလုံးပွဲရုံထဲဝင်မှသာ လက်မှတ်ပြရတာပါ။ 

ဒါပေမယ့် မြန်မာ-ထိုင်းပွဲမှာတော့ ယခင်နေ့တွေတုန်းကနဲ့မတူဘဲ အခြား ဝင်ပေါက်ဂိတ်တွေအားလုံးကို ရဲလုံခြုံရေး ချထားပြီး ပိတ်ဆို့ထားတာတွေ့ရသလို ဝေဇယန္တာလမ်းမပေါ်မှာရှိတဲ့ ဝင်ပေါက်တပေါက်ကနေပဲ ပရိသတ်တွေကို ဝင်ခွင့်ပြုပါတယ်။ 

ရဲလုံခြုံရေးတွေက ဘောလုံးပွဲရုံထဲဝင်မယ့် ဂိတ်တွေတိုင်းမှာ အပြည့်ချထားသလို လုံခြုံရေးအထူးတင်းကြပ် တာကို တွေ့ရပါတယ်။ ဂိတ်ဝင်ပေါက်တခုစီတိုင်းမှာ ပရိသတ်တွေအပေါ် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရဲ့ စည်းကမ်းရှိရှိအားပေးဖို့ မေတ္တာရပ်ခံစာ ရွက်တွေ ကို တဦးချင်းစီ လိုက်ဝေပေးနေပါတယ်။

ပရိသတ်ဦးရေ ၃ သောင်းခွဲ နီးပါး လာရောက်အားပေးကြတာကြောင့် ဘောလုံးကွင်းတကွင်းလုံး နီးပါး ပြည့်လျှံ
နေပါတယ်။ 

မြန်မာနဲ့ ထိုင်းပွဲမစတင်ခင် ပထမပွဲဖြစ်တဲ့ တီမော နဲ့ အင်ဒိုနီးရှားပွဲစဉ်မှာကတည်းက မြန်မာဘောလုံး ပရိသတ်တွေ အားလုံးနီးပါးကွင်းထဲမှာ နေရာယူနေကြပါပြီ။ 

တချို့ပရိသတ်တွေကမြန်မာနိုင်ငံအလံကြီးတွေကိုင်ဆောင်လာသလို တချို့ကလည်း ဗုံ၊ လင်းကွင်းစတဲ့ ပစ္စည်းတွေ ယူဆောင်လာပါတယ်၊ ဂိတ်နံပတ် ၇ မှာတော့ ဗုံတချို့ သယ်ဆောင်လာတဲ့ မြန်မာပရိသတ်နဲ့ ရဲလုံခြုံရေးနဲ့ အငြင်းပွားခဲ့ပါသေးတယ်။ 

ဗုံသယ်ဆောင်လာတဲ့ ပရိသတ်ကတော့ ဗုံသိမ်းသွားတဲ့ ရဲလုံခြုံရေးကို မှတ်ပုံတင်ကတ်ပြားနဲ့ နေရပ်လိပ်စာ အပြည့်အစုံပေးထားမယ်ဆိုတဲ့အကြောင်းပြောပြီး သူတို့အားပေးဖို့ ယူလာတဲ့ ဗုံကို ကွင်းထဲအထိ သယ်ခွင့်
ပေးဖို့ ပြောနေတာကို တွေ့ခဲ့ရပါတယ်။ 

ဂိတ်တွေထဲမှာတော့ လူနာတင်ယာဉ်၊ မီးသတ်ယာဉ်၊ ရဲအစောင့်ခွေးနဲ့ အချုပ်ကားတချို့ရပ်ထားပါသေး တယ်။ ယခင်နေ့တွေက ဘောလုံးကွင်းအနီးမှာ ခရီးသည်တင်ယာဉ်တွေကို ဝင်ခွင့်ပြုထားပေမယ့် ဒီနေ့မှာတော့ လုံးဝဖြတ်သန်းခွင့် မပြုခဲ့ပါဘူး။ 

အနုပညာရှင်တွေဖြစ်တဲ့ အေးဝတ်ရည်သောင်းနဲ့ အဆိုတော် အားတီ ကိုလည်း ရိုးရိုးတန်းဘက်မှာ အားပေးနေတာ တွေ့ရပါတယ်။ 

ညနေ ၆ နာရီ ၄၅ မိနစ်မှာ မြန်မာနဲ့ ထိုင်း ဘောလုံးပွဲစတင်ပါတယ်၊ ပွဲစတင်ကတည်းက မြန်မာအသင်းက ထိုင်းအသင်းကို တိုက်စစ်အသွင်နဲ့ ကစားခဲ့ပါတယ်။ 

တိုက်စစ်မှူးကျော်ကိုကိုနဲ့ အလယ်တန်းကစား သမား ကျောနံပတ် ၁၁ ဒေးဗစ်ထျန်းတို့ က ပြိုင်ဘက် အသင်း က နောက်တန်းကစားသမားတွေကို ဖိအားပေးကစားခဲ့တာတွေ့ရပေမယ့် မြန်မာအသင်း
ခေါင်းဆောင် ကျော်ဇေယျာဝင်းကတော့ မြန်မာပရိသတ်တွေ မျှော်မှန်းခဲ့သလောက်ခြေစွမ်းမပြနိုင်ခဲ့ တာကြောင့် ပရိသတ်အများစု စိတ်ပျက်ခဲ့ပါတယ်။ 

ထိုင်းအသင်း ပွဲအစမှာ တော်တော် သတိထားကန်ရတဲ့ အနေအထားပါ။ ပြိုင်ဖက်အသင်းနဲ့သာမက ပရိသတ်တကွင်းလုံးကိုပါ ယှဉ်ပြိုင်နေရတာကို သူတို့ ကောင်းကောင်းသိပုံပါ။ 

ကစားချိန် ၃၄ မိနစ်မှာတော့ ထိုင်းအသင်းရဲ့ ပယ်နယ်တီဧရိယာ အပြင်မှာ ပစ်ဒဏ်ဘောရလို့ အသင်း
ခေါင်းဆောင်ကျော်ဇေယျာဝင်း ကန်တင်ပေးတဲ့ အလွတ်တင်ဘောလုံးကနေ မြန်မာအသင်းအတွက် ဦးဆောင်ဂိုး တဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ 

မြန်မာအသင်း ဦးဆောင်ဂိုးရရှိသွားတဲ့အချိန်မှာ ပရိသတ်ရဲ့အားပေးသံက ယခင်အချိန်ကထက် ပိုပြီးတော့ ကျယ်လောင် လာသလို “မြန်မာ၊ မြန်မာ၊ We Are Myanmar”ဆိုတဲ့ သံချပ်ကို ဆက်တိုက်ရွတ်ဆိုပြီး မြန်မာအသင်း ကို အင်တိုက်အားတိုက် အားပေးခဲ့ကြပါတယ်။ 

့မြန်မာဘောလုံးအသင်းက ထိုင်းအသင်းကို အကောင်းဆုံးခြေစွမ်းနဲ့ကစားဖို့ဆိုပြီး မနက်ပိုင်းက ရွှေတိဂုံ
စေတီတော် ကြီးမှာ အောင်မြေသွားနင်းခဲ့ကြတယ်လို့လည်း သိရပါတယ်။ 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာတော့ မြန်မာအသင်းက ရွှေတိဂုံစေတီတော်ကို သွားရောက်ဖူးမြော်ခဲ့တဲ့ ပုံတင်ထားပါတယ်။ 

တောင်ပံကစားသမား ကြည်လင်းကတော့ ပထမပိုင်းပွဲ ကစားချိန် မပြီးခင်မှာကတည်းက ဒဏ်ရာရရှိသွား တာကြောင့် ပွဲက ထွက်သွားပါတယ်။ 

ထိုင်းအသင်းရဲ့ ပရိသတ်တွေကလည်း အထူးတန်းပရိတ်သတ်စင်မြင့်ပေါ်ကနေ ထိုင်းအလံကိုလွှင့်ထူပြီး သူတို့ရဲ့ အသင်းကို အားပေးနေကြပါတယ်။ 

မြန်မာ နဲ့ ထိုင်းပွဲ မကျင်းပခင် နေ့တွေကတည်းက ထိုင်း အသင်းကို လှောင်ပြောင်ချင်တဲ့ ရည်ရွယ်ချက်နဲ့ အလောင်းမင်း တရားကြီး ဦးအောင်ဇေယျရဲ့ ရုပ်ပုံကို ကွင်းထဲယူလာမယ်ဆိုတဲ့ အသံတွေကြားခဲ့ရ ပါသေးတယ်။ 

ဒါပေမယ့် ဒီကနေ့မှာတော့ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျပုံစံကို အတုခိုးတဲ့ သဘောအနေနဲ့ အမျိုးသား ၃ ဦးက အပေါ်ပိုင်းဗလာကျင်းမှာ ရွှေရောင်ကာလာတွေ သုတ်ထားပြီး ကျောဘက်နဲ့ ရင်ဘတ် မှာ “အလောင်းမင်းတရားကြီး” ဆိုတဲ့ စာကို ရေးထားပြီး ပရိတ်သတ်ကြည့်တဲ့ စင်မြင့်မှာ သွားလာနေတာ လည်း တွေ့ရပါတယ်။ 

တချို့ကလည်း “အတတ်နိုင်ဆုံးအားပေးနေပါသည်၊ ကြိုးစားပါ”ဆိုတဲ့ စာတန်းပါ တီရှပ်တွေဝတ်ဆင် လာကြသလို မဟာဗန္ဓုလဦးထုပ်ပုံစံကို ဆောင်းလာတာတွေလည်း တွေ့ရပါတယ်။ 

ပထမပိုင်းနားပြီး ဒုတိယပိုင်းပြန်ပြီး စစချင်းမှာဘဲ မြန်မာအသင်းဘက်က ထိုင်းအသင်းကိုပေးလိုက်ရ တဲ့ ပြစ်ဒဏ်ဘောကနေ ထိုင်းအသင်းက ချေပဂိုးတဂိုး ရသွားပါတယ်။ 

မြန်မာအသင်းဘက်က ပထမပိုင်းတပိုင်းလုံးမှာ ထိုင်းအသင်းကို ဦးဆောင်ကစားနိုင်ခဲ့ပေမဲ့ ဒုတိယ ပိုင်း ချေပဂိုး အသွင်းခံ လိုက်ရပြီး နောက်ပိုင်းမှာတော့ အသင်းစုစည်းမှု နဲ့ ကစားကွက်က ပျက်သွားခဲ့ပါ တယ်။ 

မြန်မာအသင်း ကစားကွက် လုံးဝမရှိတော့တာကြောင့် ပရိသတ်ဘက်က အားမလိုအားမရ အသံတွေ ထွက်လာသလို မြန်မာအသင်းကို စိတ်ပျက်လာတဲ့ အသံတွေလည်း ထွက်လာပါတယ်။ 

အသင်းခေါင်းဆောင်ကျော်ဇေယျာဝင်းကိုလည်း တကိုယ်ကောင်းဆန်ဆန် ကစားနေလို့ ပရိသတ်တွေ ဘက်က သတိပေးတဲ့ အသံတွေ ထွက်လာပါတယ်။ 

ဒုတိယပိုင်း ပြီးဆုံးခါနီး ၈၇ မိနစ် ကျော်မှာ မြန်မာအသင်းက ပြစ်ဒဏ်ဘော တလုံး ကန်ခွင့်ရရှိခဲ့တာက အကောင်းဆုံးအခွင့် အရေးတခု ထပ်ရလာတယ်လို့ ဆိုရမှာပါ၊ 

အဲဒီပြစ်ဒဏ်ဘောကနေ မြန်မာအသင်းက ထိုင်းအသင်းဂိုးပေါက်ထဲ ဘောလုံးထည့်နိုင်ခဲ့ပေမယ့် စည်းကျပ် ဒိုင်လူကြီးက လူကျွံဘော အဖြစ်သတ်မှတ်ခဲ့ပါတယ်။ 

ပရိသတ်တွေကတော့ လူကျွံဘောအဖြစ် သတ်မှတ်ခဲ့ တဲ့ ဒိုင်လူကြီးကို အော်ဟစ်ပြောဆိုကြသလို ထိုင်းအသင်းကိုလည်း အော်ဟစ်နေကြတာလည်း တွေ့ရပါတယ်။ 

ပြိုင်ပွဲပြီးဆုံးချိန်မှာတော့ မြန်မာနဲ့ ထိုင်းအသင်းက တဖက် တဂိုး ဆီ ရရှိခဲ့ပြီး သရေပွဲ အဖြစ်ပြီးဆုံးခဲ့ပါတယ်။ ပွဲပြီးချိန် ပရိတ်သတ်ပွဲကြည့်စင်အနားကို ထိုင်းအသင်းက ဂါရဝပြုသွားတဲ့အချိန်မှာတော့ ရဲလုံခြုံရေး နဲ့ ဘောလုံးကွင်းနဲ့ ပွဲကြည့်စင်ကို ခြားထားတဲ့ အကာအရံကြားထဲကနေ ရေသန့်ဗူး အချို့ ကျလာခဲ့တာ လည်း တွေ့ရပါတယ်။ 

ပရိသတ်တွေကတော့ မြန်မာအသင်း နိုင်ခြေရှိခဲ့ပေမဲ့ သရေ ရရှိခဲ့တဲ့ပွဲဖြစ်သွားတာကြောင့် အားမလို အားမရဖြစ်နေတဲ့အသံတွေကိုလည်း ဘောလုံးကွင်းထဲက ပြန်ရာ လမ်းမလျှောက်မှာ ကြားနေရပါတယ်။ 

“မြန်မာအသင်းက ထိုင်းကို အနိုင်ကန်စေချင်တာ၊ ထိုင်းအသင်းက သူတို့အိမ်ကွင်းမှာဆို အရမ်းလူတွင် ကျယ် လုပ်သလို ကျနော်တို့ရဲ့မြန်မာအသင်းနဲ့ ရာဇဝင်ကြွေးတွေ အများကြီးပဲ၊ ဒီပွဲကို လုံးဝ အားမလို အားမရဖြစ်ရတယ်”လို့ ဘောလုံးပွဲပြီးဆုံးချိန်မှာ မြန်မာနဲ့ ထိုင်းအသင်းရဲ့ ရလာဒ်အပေါ် ပွဲလာကြည့်သူ တဦးက ဝေဖန်ပါတယ်။ 


ဘောလုံးကွင်း က ပြန်ထွက်ရာ ထွက်ပေါက်မှာတော့ ရဲလုံခြုံရေး အများအပြားက ဒိုင်းတွေကာရံပြီး 
စောင့်ကြပ်နေတာလည်း တွေ့ရပါတယ်။ 

ဘောလုံးကွင်းကနေ ပြန်ရာလမ်းတလျှောက်မှာလည်း ပရိသတ်တွေရဲ့ စိတ်ဓာတ်ကျတဲ့အသံ၊ စည်းကျပ်ဒိုင် အပေါ် ဆဲဆိုနေတဲ့အသံတွေနဲ့ သရေ ပွဲ ကစားနိုင်တာကပဲ အခြေအနေကောင်းတယ်ဆိုတဲ့ အသံအမျိးမျိုး ကို ကြားခဲ့ရပါတယ်။ 

ခြုံကြည့်ရင် မြန်မာအသင်း ကစားတာ အားနည်းပေမယ့် သန့်ရှင်းတယ်လို့ ဆိုရမယ်။ ကိုယ့်ကွင်းမှာ ကိုယ့် ပရိသတ်နဲ့ဆိုပေမယ့် မမောက်မာဘူး၊ သိက္ခာရှိတဲ့ ပွဲလို့ ပြောရမယ်။ ထိုင်းအသင်းက တပွဲလုံးနီးနီး တုန် လှုပ်နေတယ်၊ အရင်ကလို ကိုယ့်ကိုယ်ကို ယုံကြည်ချက်မျိုး ပျောက်နေပြီး ပွဲပြီးခါနီး အချိန်ဆွဲတာ၊ ဟန်
ဆောင်တာတွေ လုပ်ခဲ့တာမို့ ကွင်းလည်ဒိုင်က အဝါကတ်တွေ တသီချည်း ပေးခဲ့ရတယ်။ 

ပွဲကို အကောင်းဆုံးကိုင်တွယ်သွားနိုင်တဲ့ ဒိုင်တွေကို ချီးကျူးရမယ်။ အခုပွဲဟာ ဘယ်လောက် ထိရှလွယ်ပြီး စိတ်လှုပ်ရှားမှုကြီးတယ်ဆိုတာ သူတို့သိတယ်။ ကစားသမားတွေရဲ့ ကြမ်းကြမ်းတမ်းတမ်း ကစားတာတွေကို စည်းမျဉ်းအတိုင်း ပြတ်ပြတ်သားသား မှန်မှန်ကန်ကန် ဆုံးဖြတ်ကိုင်တွယ်နိုင်တာ တွေ့ရပါ တယ်။ 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာတော့ ပွဲမှာ အားပေးကြတဲ့ ပရိသတ်တွေကို 
ကျေးဇူး တင်ကြောင်း၊ ပြိုင်ပွဲရဲ့ စည်းမျဉ်းစည်းကမ်းတွေအရ အုပ်စုတွင်း အမှတ်ချင်းတူမယ်ဆိုရင် ထိပ် တိုက်တွေ့ဆုံမှုရလဒ်ကို အဓိက ကြည့်မှာဖြစ်တဲ့အတွက် မြန်မာအသင်းအနေနဲ့ ဆီမီးဖိုင်နယ်တက်ဖို့ အတွက် နောက်ဆုံးကစားရမယ့် အင်ဒိုနီးရှားနဲ့ ပွဲမှာ အမှတ်ရဖို့ လိုအပ်နေသေးတယ်ဆိုတဲ့ အကြောင်း 
ရေးသား ထားပါတယ်။ 


















မေစစ်ပိုင် ~

(ဓာတ်ပုံ-စိုင်းဇော်) 





Viewing all articles
Browse latest Browse all 5236

Trending Articles