Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ကမ္ဘာ့အိမ်သာနေ့ရဲ့ ကြွေးကြော်သံက "ငါတို့ မအောင့်နိုင်တော့ဘူး"တဲ့

$
0
0
~


 
မနေ့က ဘာနေ့လဲ။
ကမ္ဘာ့အိမ်သာနေ့ ဖြစ်ပါတယ်။

အထိမ်းအမှတ်နေ့ ဆိုတာမျိုးကို ကမ္ဘာအရပ်ရပ်မှာ တခမ်းတနား သို့မဟုတ် အကျဉ်းရုံး ကျင်းပကြတာပါ။
ကမ္ဘာ့အိမ်သာနေ့ကိုရော မနေ့က ဘယ်လို ကျင်းပခဲ့ကြ ကျော်ဖြတ်ခဲ့ကြပါသလဲ။

 


ရန်ကုန်မြို့လယ် ပန်းခြံတခုထဲက အများပြည်သူသုံးသန့်စင်ခန်း (ဓာတ်ပုံ - ဂျေပိုင်/ဧရာဝတီ)

ဒီနှစ်အတွက် ကမ္ဘာ့အိမ်သာများနေ့ရဲ့ ကြွေးကြော်သံကတော့ ငါတို့  မအောင့်နိုင်တော့ဘူး တဲ့။

ဒီအကြောင်း သတင်းပို့ဖို့အတွက် သတင်းထောက်အများအပြားက ပျက်ကွက်ခဲ့ပုံရပါတယ်။ သို့သော်လည်း လေ့လာသုံးသပ်သူတွေကတော့ သူတို့ရဲ့အလုပ် (သုံးသပ်တဲ့အလုပ်)ကို မပျက်ကွက်ကြပါဘူး။

မြန်မာပြည်မှာ အိမ်သာတွေရဲ့ အဆင့်ကို မြှင့်တင်ဖို့ လိုနေပြီလို့ လေ့လာသုံးသပ်သူတွေက ဆိုပါတယ်။
ဒါမှ နိုင်ငံခြားသားရွှေဧည့်သည်များကို ဆွဲဆောင်နိုင်မယ်၊ သန့်ရှင်းရေးစနစ်တိုးတက်နိုင်မယ် တဲ့။

ဧရာဝတီပင်မစာမျက်နှာမှာ တွေ့ရတဲ့ On World Toilet Day, Calls for Better Sanitation in Burma သတင်းကိုဖတ်ပြီး ပြန်ဖောက်သည်ချနေတာပါ။
မူရင်းကို http://www.irrawaddy.org/burma/world-toilet-day-calls-better-sanitation-burma.html မှာ ကြည့်ပါ။

ရန်ကုန်မှာရှိတဲ့အိမ်သာတွေက အနံ့အသက်မကောင်းဘူး၊ မသန့်ရှင်းဘူး (ညစ်ပတ်လွန်းတယ်)၊ ရေမလုံလောက်ဘူး ဆိုတာတွေနဲ့ ကြုံနေရတယ်လို့ ရန်ကုန်မှာ အိမ်သာဝင်ခဲ့ဖူးသူ နိုင်ငံခြားသားတွေက မှန်ချက်ပြုပါတယ် တဲ့။

စွန့်ပစ်ပစ္စည်းတွေကို စနစ်တကျ   စွန့်ပစ်နိုင်ရေးအတွက် အစိုးရက စနစ်တကျ စွန့်ပစ်ဖို့လို အဲ... အစိုးရက  ဘတ်ဂျက် ထပ်ချပေးဖို့ လိုနေပါတယ် တဲ့။

ရေဆိုးသန့်စင်တဲ့စနစ်ကို ဘတ်ဂျက်ပိုသုံးသင့်တယ် ဆိုတာကို အားလုံးက လက်ခံမှာပါ။

အကုန်အကျများလွန်းလို့ မလုပ်နိုင်သေးပါဘူး၊ ဒီအရေးကို အကောင်အထည်ဖော်ရေးကလည်း နိုင်ငံတကာအကူအညီ လိုအပ်ပါတယ်။

ရန်ကုန်မှာ တနေ့ကို မိလ္လာစွန့်ပစ်မှု ဂါလံ တသိန်းကျော်၊ တိတိကျကျ ပြောရရင်  ၁၁၁,၈၄ဝ ကျော် ထွက်တယ်လို့ တွေ့ရှိချက်တခုက ဆိုပါတယ်။

ရန်ကုန်မိလ္လာစနစ်ဆိုတာကလည်း လူဦးရေ သုံးသိန်းခွဲအတွက်ပဲ စီစဉ်ခဲ့တာပါ။
လူဦးရေက ရန်ကုန်မှာ သုံးသိန်းမက၊ သုံးသန်းလည်း မကတော့ပါဘူး။ ခြောက်သန်း ရှိနေပါပြီ တဲ့။

လူဦးရေ ခြောက်သန်းရဲ့ စွန့်ပစ်ပစ္စည်းကို ထမ်းထားရတဲ့ မဟာရန်ကုန်ကို စီမံဖို့ဆိုတာ လွယ်တဲ့အလုပ်တော့ မဟုတ်ပါ။
စည်ပင်သာယာရေးကို တာဝန်ယူထားပြီဆိုရင်တော့ တာဝန်ကျေမှ ဖြစ်ပါလိမ့်မယ်။
မြို့တော်သား မြို့တော်သူတို့ ၀ိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ရေးကိုလည်း အားထည့် စီစဉ်နိုင်ရင် ပိုကောင်းပါလိမ့်မယ်။

 "ငါတို့ မအောင့်နိုင်တော့ဘူး"ဆိုတဲ့ 
ကမ္ဘာ့အိမ်သာနေ့ရဲ့ ကြွေးကြော်သံက အင်မတန် လေးနက်ပါတယ်။
တကယ် ကြွေးကြော်ပြီး ဖိအားပေးသင့်တယ်လို့ ယူဆပါတယ်။

 မူရင်း   On World Toilet Day, Calls for Better Sanitation in Burma 
http://www.irrawaddy.org/burma/world-toilet-day-calls-better-sanitation-burma.html 




.


Viewing all articles
Browse latest Browse all 5236

Trending Articles