Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ဘာကြောင့် ဖုန်းကတ် အလကား ပေးသလဲ

$
0
0


အိမ်နီးချင်းထိုင်းမှာ ဆင်ကတ်ကို ၂ ဒေါ်လာလောက်နဲ့ ရောင်းပါတယ်။ မြန်မာငွေနဲ့တွက်ရင် ကျပ် နှစ်ထောင်ဝန်းကျင်ပါ။



မြန်မာပြည်က MPT ဖုန်းကတ်ကိုတော့ ငွေ သိန်းဂဏန်းရှိမှ ၀ယ်နိုင်မှာပါ (ဓာတ်ပုံ - ဧရာဝတီ)

အလကားနီးပါးတန်တဲ့ဖုန်းကတ်ကို အလကားဖြန့်တာနဲ့လည်း ကြုံရတတ်ပါတယ်။
ဆင်ကတ်တွေကို အလကားဖြန့်တဲ့ထဲ True  ကုမ္ပဏီလည်း ပါဝင်ပါတယ်။ သူတို့က ထိုင်းရောက် မြန်မာအလုပ်သမားတွေ သူတို့ကတ်တွေ သုံးကြဖို့ အဆိုတော် R ဇာနည်ပုံတွေနဲ့ ထိထိရောက်ရောက် ကြော်ငြာတာပါ။

ဒါဆို ဘာကြောင့် ဖုန်းကတ်အလကားပေးသလဲ။
ပေးရခြင်းအကြောင်းရင်းကတော့ လူတွေ များများ သုံးစေချင်လို့ပါ။

လူ့သဘာဝက အခမဲ့ရရင် ယူပါတယ်။ ယူတဲ့သူတိုင်း မသုံးပေမယ့် သုံးသူအရေအတွက်က အများအပြားဖြစ်ပါလိမ့်မယ်။

ထိုင်းမှာ ဖုန်း ကုမ္ပဏီ လေးခုလောက် ရှိတဲ့အတွက် သူတို့က ကိုယ့်ကတ် လူသုံးများဖို့ အပြိုင်အဆိုင် ဝန်ဆောင်မှု ပေးကြတာပါ။

အလကား ပေးပေမယ့် သူတို့ မြတ်ပါတယ်။
စီးပွားရေး ကုမ္ပဏီက လူတွေကို ပစ္စည်းအခမဲ့ပေးတယ်ဆိုတာ သဘောကောင်းလွန်းလို့ မဟုတ်ပါ၊ ထောင်မြင်လို့ ရာစွန့်တဲ့သဘောပါပဲ။
သူတို့ကတ် သုံးသူတွေက ဖုန်းဆက်ဖို့ ကတ်ထဲ ငွေဖြည့်ထည့်ရပါတယ်။
မြန်မာပြည်မှာ ငါးထောင်တန်၊ တသောင်းတန်ကတ်တွေ ၀ယ်ပြီး ငွေဖြည့်ထည့်ရသလိုပေါ့။
လူသုံးများလေ သူတို့ဆီ ပိုက်ဆံ အလုံးအရင်းဝင်လေ ဆိုတော့ ဖုန်းကတ် အလကားပေးတဲ့နည်းက အင်မတန် အလုပ်ဖြစ်ပါတယ်။

မနေ့ကပြောတဲ့ ဖုန်း ကုမ္ပဏီ ၄ ခု ပြိုင်ကြဆိုင်ကြပြီ ဆိုရင် မြန်မာပြည်မှာလည်း သူတို့ထဲက တချို့လည်း ဖုန်းကတ်အလကားပေးတဲ့ နည်းဗျူဟာကို ကျင့်သုံးလာကြဖွယ်ရှိပါတယ်။
(ဖုန်းကုမဏီ ၄ ခုအကြောင်း http://blog.irrawaddy.org/2013/08/blog-post_451.htmlမှာ ဖတ်ပါ)

ကြော်ငြာရှင်တွေကို ဖုန်းနံပါတ် ရောင်းစားခြင်း
နောက်ထပ် ၀င်ငွေကောင်းတဲ့ အကြောင်းအရာတခုကတော့ ကြော်ငြာချင်တဲ့လုပ်ငန်းရှင်တွေဆီကို ဖုန်းနံပါတ်တွေ ပေးလိုက်တဲ့နည်းပါပဲ။
လုပ်ငန်းရှင်တို့က သူတို့ကြော်ငြာတွေကို အဲဒီဖုန်းနံပါတ်တွေအတိုင်း ပို့ပါတော့တယ်။
စာပို့တယ် (message ပို့တယ်)၊ ဖုန်းဆက်ပြီး သူတို့လုပ်ငန်းအကြောင်း ပြောပြ ရွတ်ပြပြီး ကြော်ငြာတယ်။
ဖုန်းပိုင်ရှင်က အဲဒီကြော်ငြာတွေရဲ့ဒဏ်ကို တလကို တကြိမ်နှစ်ကြိမ်လောက်တော့ ခံရဖွယ်ရှိပါတယ်။
အဆိုးဆုံးကြော်ငြာနည်းကတော့ အလိုအလျောက်ဖုန်းခေါ်စနစ်သုံးပြီး အသံသွင်းထားတဲ့ကြော်ငြာဖွင့်ပြတဲ့နည်းပါ။
ဖုန်းသံမြည်လို့ ဖွင့်လိုက်ရင် အဲဒီ ကြော်ငြာသံကို ကြားရတတ်ပါတယ်။
စိတ်အနှောင့်အယှက်ဖြစ်စရာ ဖုန်းကြော်ငြာတွေကို ရှောင်တိမ်းကြတဲ့နည်း ဒီဘလော့မှာ မကြာခင် ရေးသား ဖော်ပြပေးပါမယ်။

ဖုန်းသုံးသူတွေ စိတ်အနှောင့်အယှက်ဖြစ်နေချိန်မှာ ဖုန်း ကုမ္ပဏီတွေကတော့ အဲဒီကြော်ငြာတွေကြောင့် ပိုက်ဆံရကြပါတယ်။

ဒီတော့ သူတို့ဖုန်းတွေ လူသုံးများစေဖို့ ဖုန်းကတ် (sim card) အခမဲ့ဝေခြင်းရဲ့ နောက်ကွယ်မှာ အထက်ပါ  ငွေရှာနည်းတွေ ရှိနေတယ်ဆိုတာ သတိပြုမိကြပြီလို့ ထင်ပါတယ်။

တနေ့နေ့တချိန်ချိန်မှာ ဖုန်းကတ် အလကားပေးတာနဲ့ ကြုံကြိုက်ရင် တခုလောက်တော့ ယူချင် ယူလိုက်ပါ။ သို့သော်လည်း ဖုန်းကုမ္ပဏီကို သိပ်ပြီး ကျေးဇူး တင်စရာ မလိုပါဘူး။
ပြည်တွင်းပြည်ပ ဘယ်လုပ်ငန်းရှင်ဖြစ်ဖြစ် မြန်မာပြည်သူတွေကို ချစ်လွန်းလို့ စီးပွားရေးလုပ်နေကြတာမဟုတ်ပါ။ အမြတ်ရချင်လို့၊ ကြွယ်ဝ တိုးတက်ချင်လွန်းလို့ စီးပွားရေးလုပ်နေကြတာပါ။ အဲဒါကလည်း အင်မတန်မှ သဘာဝကျပါတယ်။

ဆက်စပ်သတင်း -
Telenor နဲ့ Ooredoo အပြိုင်အဆိုင် ဝန်ဆောင်မှုတွေ ပေးတော့မလား 
http://burma.irrawaddy.org/archives/46539

 

 



.

Viewing all articles
Browse latest Browse all 5236

Trending Articles