Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ကိုဖုန်းမော် ကျဆုံးခြင်း၂၅ နှစ်ပြည့် မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့

$
0
0


၁၉၈၈ ခုနှစ်က ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတို့ တောင်းဆိုတိုက်ပွဲ ၀င်ခဲ့တဲ့ ရှစ်လေးလုံး လူထု လှုပ်ရှားမှုကြီးရဲ့ အစပျိုး ဖြစ်ရပ်တခု၊ စက်မှု တက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်၊ ကိုစိုးနိုင်တို့ ကျဆုံးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့။ မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့။ 

ဒီနေ့ကျရောက်တဲ့ ၂၅ နှစ်မြောက် မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ မှာ မြင်တွေ့ရတဲ့ မြင်ကွင်းတချို့ကို ဧရာဝတီက ဖော်ပြပေးလိုက်ပါတယ်။ 

အပေါ်ဆုံးဓာတ်ပုံမှာ ၁၉၈၈ ခုနှစ် မတ်လ ၁၃ ရက်နေ့က ကျဆုံးသွားသော စက်မှု တက္ကသိုလ်ကျောင်းသား
ကိုဖုန်းမော်ရဲ့ အသုံးအဆောင်ပစ္စည်းများကို ခင်းကျင်းပြထားတာဖြစ်ပါတယ်။ 


ကိုဖုန်းမော်၊ ကိုစိုးနိုင်တို့ ကျဆုံးခဲ့သည့် မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့မှာ အောက်မေ့ဖွယ် ပြောကြားနေတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် မင်းကိုနိုင် (ဓာတ်ပုံများ၊ ဂျေပိုင်/ဧရာဝတီ)

ကျဆုံးသွားခဲ့တဲ့ ကိုဖုန်းမော်ရဲ့ နှမဖြစ်သူနဲ့ မင်းကိုနိုင်




"စက်မှုတက္ကသိုလ်ကဆရာကိုပစ်တော့မယ်ဆဲဆဲမှာ ကိုဖုန်းမော်ကအဲဒီဆရာကိုတွန်းပြီးသူအပစ်ခံလိုက် ရတာ။ ရင်ဝမှာတစ်ချက်၊ ဆီးစပ်မှာတစ်ချက်၊ ပေါင်မှာ တစ်ချက် အပစ်ခံလိုက်ရတာပါ။ တကယ်တော့ အစိုးရ ရေဒီယို ကနေ ကြေညာခဲ့သလို ရန်ပွဲမှာ ဓါးနဲ့ အသတ်ခံလိုက်ရတာမဟုတ်ပါဘူး။ နာရေး အသုဘ ကိုတောင် ကြေညာခွင့်၊ ဆိုင်းပုတ်တင်ခွင့်၊ မဏ္ဍာပ်ထိုးခွင့်မရခဲ့ပါဘူး။ ဒီနေ့အထိ ဆရာလေး ရဲ့အကို က မသေပါဘူး"
သီလရှင်ဆရာလေး ( ခ ) မညီညီအောင် (ကိုဖုန်းမော် နှမ)


ကိုစိုးနိုင်က ဘယ်ဘက်ခါးမှာ အပစ်ခံလိုက်ရတာ။ အဲဒီ ဒဏ်ရာအတွက် ၃ ခါတောင် ခွဲစိတ်ခံ လိုက်ရပေ မယ့် ခွဲစိတ်ခန်းက ထွက်လာပြီးတာနဲ့ အဖေ့ကို သား မနေရတော့ပါဘူးလို့ပြောတယ်။ သူ့အခြေအနေကို သူသိတဲ့ အကြောင်းကိုပြောတယ်။ အာဏာပိုင်တွေက သူ့ရဲ့ အသုဘကိုတောင် ဆူပူမှုတွေ မဖြစ်အောင် တာဝန် ယူနိုင်ရင် အသုဘကို ချဖို့ပြောတယ်။ အဲဒါနဲ့ အဖေက တာဝန်မယူနိုင်ဘူးလို့ပြောလိုက်တယ်။ ကျုပ်သားလဲ သေတာက သေပြီးပြီ။ ခင်ဗျားတို့ဘာသာ သားကို ဖျာလိပ်နဲ့ပတ်၊ ခဲဆွဲပြီး ရေထဲ ပစ်ချ လိုက်လဲ ကျုပ် ကျေနပ်တယ်လို့ ပြောလိုက်တယ်။
ကိုစိုးနိုင်ရဲ့ အစ်မ



စုံညီစွာ တက်ရောက်လာသူတွေက ကျဆုံးသွားသူတွေအတွက် ငြိမ်သက်ခြင်း၊ အလေးပြု ဂါရ၀ပြုခြင်းများ လုပ်ဆောင်ခဲ့ကြတယ်။

မြန်မာ့ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတို့အတွက် မြန်မာပြည်သူတရပ်လုံးကို မီးမောင်ထိုးပြခဲ့တဲ့ ကြွေလွင့်သွား တဲ့ ကြယ် ၂ စင်းဟာ ၂၅ နှစ်တိုင်ပေမယ့် လင်းလက်ဆဲ၊ တောက်ပဆဲ။ 

မျက်မှောက် မြန်မာ့ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး တိုက်ပွဲ ၀င်နေကြသူတွေ အလေးအနက် သစ္စာ စောင့်သိဖို့ နှစ်စဉ် သတိပေးနေမယ့်  နေ့ထူးနေ့မြတ် တနေ့ပါ။ 

အိမ့်သံစဉ် ~

.


Viewing all articles
Browse latest Browse all 5236