Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

"ကိုယ်ဖြစ် ကိုယ်ခံ" ပြပွဲများ

$
0
0

အနုပညာပြပွဲများ ပြသနိုင်ရေး ခွင့်ပြုချက်ရယူရာတွင် စစ်ဆေးရေးအဖွဲ့က လာရောက် စစ်ဆေးခြင်း မရှိတော့ကြောင်း၊ ကြိုတင်ထုတ်ပေးသည့် ခွင့်ပြုမိန့် လက်မှတ်၌ အချက် ၄ ချက် ထပ်တိုးလာကြောင်း ပြီးခဲ့သောရက်ပိုင်းအတွင်း လောကနတ် အနုပညာပြခန်း၌ ပြုလုပ်သည့် Next Window New Media Art ပြပွဲ ဦးဆောင်ခဲ့သူ Artist ညိုဝင်းမောင်က ပြောသည်။



“အခြေအနေကတော့ ကိုယ်ဖြစ် ကိုယ်ခံ ဆိုတဲ့ သဘောပဲ။ ကျနော်တို့ အနုပညာသစ် ဆိုတာကလည်း အားလုံးကို ဆန့်ကျင်တာ မဟုတ်ဘူး။ အခု ထပ်ထည့်လာတဲ့ အချက်တွေက.. နဂိုကတည်းက အနုပညာ သမားတိုင်း သဘောတူ ပြီးသားတွေလို့ ဆိုနိုင်တယ်။ ကျနော်တို့က စပြီး ခွင့်ပြုတဲ့ ပုံစံ ပြောင်းသွားတာလို့ ပြောရမှာပါ” ဟု ၎င်းက ဧရာဝတီ ( www.irrawaddy.org ) သို့ ပြောသည်။

ပြပွဲခွင့်ပြုမိန့် တင်ပြရာတွင် ယခင်ကကဲ့သို့ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန အောက်ရှိ စာကြည့်တိုက်၊ ပြတိုက်နှင့် ပြပွဲများ ကြီးကြပ်အုပ်ချုပ်ရေး ကော်မတီသို့ ယခင် သတ်မှတ်ထားသည့် စာရွက်စာတမ်းများ အပြည့်အစုံ တင်ပြနေရဆဲ ဖြစ်ပြီး၊ ကော်မတီက “ကျောဘက်တွင် ပါရှိသော စည်းကမ်းချက်များ နှင့် အညီ လိုက်နာဆောင်ရွက်ပါမည် ဟူသော ကတိဝန်ခံချက်များ အတိုင်း ၁၉၆၄ ခုနှစ် စာကြည့်တိုက်၊ ပြတိုက်နှင့် ပြပွဲများ ကြီးကြပ်အုပ်ချုပ်ရေး ဥပဒေ ပုဒ်မ ၇၊ ပုဒ်မခွဲ ၂ အရ ခွင့်ပြုသည်” ဟု ဖော်ပြချက်ပါဝင်သည့် ခွင့်ပြုမိန့် လက်မှတ်ထုတ်ပေးကြောင်း သိရသည်။

ယင်း စည်းကမ်းချက်များမှာ

၁။ ဤပြပွဲ ပြသခွင့်ပြုသည့် လက်မှတ်သည် သတ်မှတ်ထားသည့် ကာလအပိုင်းအခြား အတွင်းသာ အတည်ဖြစ်သည်၊
၂။ ဤပြပွဲ ပြသခွင့်ပြုသည့် လက်မှတ်ကို လွှဲပြောင်း အသုံးပြုခြင်း မပြုရ၊

၃။ ပြပွဲတွင် အသံချဲ့စက် အသုံးပြုမည် ဆိုပါက သက်ဆိုင်ရာ ရဲအာဏာပိုင်၏ ခွင့်ပြုချက်ကို အချိန်မီ ကြိုတင် ရယူရမည်၊
၎။ ဤပြပွဲ ပြသခွင့်လက်မှတ်ကို ၁၉၆၄ ခုနှစ် စာကြည့်တိုက် ပြတိုက်နှင့် ပြပွဲများ ကြီးကြပ်အုပ်ချုပ်ရေး ဥပဒေ ပုဒ်မ ၉ အရ ကော်မတီက  ရုပ်သိမ်းနိုင်သည်၊

၅။ တိုင်းရင်းသားအချင်းချင်း၊ ဘာသာ သာသနာ အချင်းချင်း ထိခိုက်နစ်နာစေသည့် အကြောင်းအရာများ ပြသခြင်း မပြုရ၊
၆။ တရားဥပဒေ စိုးမိုးရေးကို ပျက်ပြားစေရန်နျင့် အကြမ်းဖက်မှုတို့ ဖြစ်ပွားစေရန် လှုံ့ဆော်သည့် အကြောင်းအရာများ ပြသခြင်း မပြုရ၊

၇။ ညစ်ညမ်းသော ရုပ်ပုံ ကားချပ်များ ပြသခြင်း မပြုရ၊
၈။ ရာဇ၀တ်မှု၊ ရက်စက်ကြမ်းကြုတ်မှု၊ လောင်းကစားမှုနှင့် မူးယစ်ဆေးဝါးနှင့် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေ သော ဆေးဝါးများ အားပေးလှုံ့ဆော်သည့် အကြေင်းအရာများကို ပြသခြင်း မပြုရ။ … စသည်ဖြင့် တွေ့ရသည်။

“အဲဒီအချက်တွေထဲက နောက်ဆုံး ၄ ချက်က ထပ်တိုးလာတဲ့ အချက်တွေပါ။ အထက်ပါ စည်းကမ်းချက်များအား လိုက်နာ ဆောင်ရွက်ပါမည် ဆိုပြီး ပြပွဲတာဝန်ခံက လက်မှတ်ထိုးရတယ်။ ပြောရရင် ဒါဟာ ပြပွဲတာဝန်ခံက နောက်ဆက်တွဲ အားလုံး တာဝန်ယူရမယ့် သဘောပဲ” ဟု ပြခန်းမန်နေဂျာက ပြောသည်။

ထိုသို့ ပြောင်းလဲလာသည့် အပေါ် Artist ညိုဝင်းမောင်က
“အရင်က အသေးစိတ် ရှင်းပြနေရတယ်။ အခုကျတော့ သိပ်မရှင်းရတော့ဘူး။ အရင်က ရှင်းလင်းချက် တောင်းတယ်။ အခု မတောင်းတော့ဘူး။ အရင်က လာစစ်တဲ့အတိုင်း ကနေ ပြောင်းလို့မရဘူး။ အခုကျတော့ Process Art (အကျိုးဆက်ဖြစ်တည်လာမှု အနုပညာ) ဆိုပြီး တင်တော့ သူတို့က ကန့်သတ်ချက် မပေးတော့ဘူး။ အဲဒီအတွက် နည်းပညာသစ်တွေ၊ အနုပညာပုံစံသစ်တွေကို ပိုမိုလွတ်လပ်စွာ ဖန်တီးတင်ပြနိုင်ဖို့ လမ်းပွင့်သွားတယ်။ ဒါပေမယ့် မကိုင်တာဟာ လွှတ်ပေးတာတော့ မဟုတ်ဘူး” ဟု ပြောသည်။



.


Viewing all articles
Browse latest Browse all 5236

Trending Articles