Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ထွန်တုံးတိုက်ပွဲဝင်တဲ့ ၇၅ နှစ်အရွယ် လယ်သမား အဖမ်းခံရ

$
0
0


 ထွန်တုံးတိုက်ပွဲဆင်နွှဲတဲ့သူ  ဧရာဝတီတိုင်းဒေသကြီး   ကန်ကြီးထောင့်မြို့နယ်က အသက် ၇၅ နှစ် အရွယ်ရှိတဲ့ လယ်သမားကြီး ဦးညိုကို ဒေသခံရဲတွေက   သောကြာနေ့မှာ ဖမ်းဆီးလိုက်ပါပြီ။

 ကန်ကြီးထောင့်၊ သရက်တောရွာမှာနေတဲ့ ဦးညိုဟာ  အကြွေးနဲ့သိမ်းဆည်းခံထားရတဲ့ ၁၀.၅ ဧကရှိတဲ့  သူ့လယ်မြေတွေမှာ  ၀င်ရောက်ထွန်ယက်စိုက်ပျိုးခဲ့သူ ဖြစ်ပါတယ်။

“ဦးညိုကို အဲဒီလယ်တွေကို ဆက်မထွန်ဖို့ ကျေးရွာမြေယာကော်မတီက စာနဲ့ အကြိမ်ကြိမ် တားမြစ်ပါတယ်။ မရပါဘူး။ ဦးညိုက ဓားကို ခါးကြားမှာ ထိုးပြီး  ကြိုက်တဲ့ကောင်လာခဲ့ဆိုပြီး စိန်ခေါ်ပြီး လယ်ဆက်ထွန်နေတဲ့အတွက် ရပ်ရွာတည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေ စိုးမိုးရေးအတွက်  ခုလို ဖမ်းဆီးဖို့ မြို့နယ်မြေယာကော်မတီက ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်” လို့  မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်စိန်က  ဧရာဝတီကိုပြောပါတယ်။

လယ်တွေ အကြွေးနဲ့သိမ်းခံခဲ့ရတဲ့ ဇာတ်လမ်းကတော့  ဒီလိုပါ ...

ဦးညိုရဲ့သားဖြစ်သူ ကိုကျော်မြင့်ဟာ  ဆိပ်ကြီးရွာမှာနေတဲ့ ဦးကြည်မင်းဆီမှာ ၂၀၀၁ ခုနှစ်က  ငွေကျပ် ၄ သောင်း အကြွေးတင်တယ် တဲ့။

“ဦးကြည်မင်းက ဦးညိုဆီမှာ အကြွေးလာတောင်းတော့ ငွေ ၄ သောင်းကို အတိုးအရင်း  ပေါင်းလိုက်တာ ၆ သိန်း ဖြစ်နေတယ်။ အဲဒါနဲ့ ဦးညိုက မပေးနိုင်တော့  မင်းလယ်ကို ငါဝင်လုပ်မယ်။ ငွေပေးတဲ့နေ့ လယ်ပြန်ပေးမယ်ဆိုပြီး သဘောတူခဲ့တယ်” လို့ ဦးညိုရဲ့ဇနီးဖြစ်သူ မအေးဝင်းက ဧရာဝတီကိုပြောပါတယ်။

 နောက်ပိုင်းတော့ အဲဒီအကြွေးက အတိုးပေါ် အတိုးဆင့်လာလိုက်တာ အကြွေး ၁၀ သိန်း ဖြစ်သွားကြောင်း၊ အဲဒီငွေ ၁၀ သိန်းကို ရအောင်စုဆောင်းပြီး အကြွေးဆပ်ခဲ့သော်လည်း  ဦးကြည်မင်းက လုံးဝလက်မခံတော့ဘဲ လယ်ကိုသာ အပိုင်ယူသွားခဲ့ကြောင်း မအေးဝင်းက ပြောပါတယ်။

 အဲတော့ ဒီနှစ်မိုးဦးကျမှာ ဦးညိုတို့မိသားစုဟာ အကြွေးနဲ့ အသိမ်းခံခဲ့ရတယ်လို့ဆိုတဲ့ သူတို့လယ်ကို ပြန်ဝင်ထွန်ကြပါတယ်။ ဒါပေမယ့် ခဏပဲ ထွန်တာပါ တဲ့။

“မြို့နယ်အုပ်ချုပ်ရေးမှူးပြောသလို တားရဲ့သားနဲ့ဆက်လုပ်နေတယ်ဆိုတာ လုံးဝ မဟုတ်ပါဘူး။ တားတဲ့စာရောက်တဲ့နေ့ကလည်းက ကျမတို့လယ်ထွန်တာကို ရပ်ထားခဲ့တာပါ။ နောက်ပြီး ဓားကိုခါးကြားထိုးပြီး စိန်ခေါ်တယ်ဆိုတာလည်း လုံးဝ မဟုတ်ပါဘူး။ နှစ်ပေါင်းများစွာ လက်လွှတ်ဆုံးရှုံးခဲ့တဲ့  ကျမတို့လယ်တွေပြန်ရရေးအတွက်ပဲ လင်မယား ၂ ယောက် ဘယ်သူ့ကိုမှ ရန်မရှာဘဲ အေးအေးချမ်းချမ်း လယ်ထွန်ခဲ့တာပါ” လို့ မအေးဝင်းက ပြောပါတယ်။

အခုတော့ ကွင်းယားအနောက်အုပ်စု ကျေးရွာအုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ် တိုင်တန်းမှုကြောင့် ကန်ကြီးထောင့်မြို့နယ်ရဲစခန်းက  လယ်သမားဦးညိုကို ပြစ်မှုနံပါတ် ၆၀/၂၀၁၃၊ ဥပဒေပုဒ်မ ၅၁ (စ) (ဆ) တို့နဲ့ အမှုဖွင့်ထားပြီး မကြာခင် ရုံးတင်စစ်ဆေးတော့မှာ ဖြစ်ကြောင်း သိရပါတယ်။

လယ်သမားအရေးလိုက်ပါကူညီပေးနေတဲ့ အမျိုးသားဒီမိုကရေစီကွန်ရက် (NDN) ခေါင်းဆောင် ဦးသန်းဝင်းက “လယ်သမားကို ခြေချုပ်ဥပဒေနဲ့ ဖမ်းတယ်ဆိုတာ လုံးဝ လက်မခံပါဘူး” လို့ ပြောပါတယ်။

သူ ဆက်ပြောပြတာက ဒီလိုပါ ...

“ခြေချုပ်ဆိုတာက ရပ်ထဲရွာထဲမှာ မူးယစ် ရမ်းကား သောင်းကျန်းနေပြီး  ထိမ်းမနိုင်သိမ်းမရဖြစ်နေတဲ့သူကို အရေးယူတဲ့ပုဒ်မဖြစ်ပါတယ်။ ကျနော်တို့ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့တွေ့ပြီး စကား ပြောကြည့်တော့  ဦးညိုဟာသူ့လယ်တွေထဲကို မဆင်းတော့ဘူးဆိုရင် ကိုယ်ပိုင်ခံဝန်နဲ့ ပြန်လွှတ်ပေးမယ်လို့ပြောတယ်။ ဒါဟာ ဦးညိုကိုဖမ်းပြီး လယ်ယာမြေကို  ပြန်ပေးဆွဲတဲ့သဘော ဖြစ်နေတယ်”

ဦးညိုဟာ ပုသိမ်ခရိုင်အတွင်းမှာ ထွန်တုံးတိုက်ပွဲဆင်နွှဲလို့ ခြေချုပ်ပုဒ်မနဲ့ ပထမဆုံး အဖမ်းခံရတဲ့ လယ်သမားဖြစ်ပါတယ်။

 ဦးညိုလိုပဲ ထွန်တုံးတိုက်ပွဲဆင်နွှဲတဲ့ တခြားလယ်သမားတွေကိုလည်း ခြေချုပ်ပုဒ်မတွေနဲ့ ဆက်လက်ဖမ်းဆီးမှာကို လယ်ယာမြေဆုံးရှုံးခဲ့တဲ့ လယ်သမားတွေနဲ့ လယ်သမားအရေး လှုပ်ရှားသူတွေ စိုးရိမ်နေကြပါတယ်။

 လက်ရှိမှာတော့ အကြွေးနဲ့အသိမ်းခံထားရတယ်လို့ဆိုတဲ့ အငြင်းပွားလယ်ယာမြေ ၁၀.၅ ဧကကို တဆက်တည်း လုပ်ကိုင်ခဲ့သူ ဦးကြည်မင်းကိုပဲ ယာယီလုပ်ကိုင်ခွင့်  ချထားပေးကြောင်း သိရပါတယ်။

“လယ်ယာမြေဥပဒေအရ လယ်မြေအငြင်းပွားမှုဖြစ်နေရင် တဆက်တည်းလုပ်ကိုင်ခဲ့သူကို ယာယီလုပ်ကိုင်ခွင့်ချထားပေးရမယ်ဆိုတာ ရှိပါတယ်။ ဒါကြောင့် ဦးကြည်မင်းကို  ယာယီလုပ်ကိုင်ခွင့် ပေးခဲ့တာဖြစ်ပါတယ်။ ဦးညိုဟာ ဒီရာသီမှာ ဒီလယ်ကိုလုံးဝ လုပ်ပိုင်ခွင့် မရှိပါဘူး” လို့  ကန်ကြီးထောင့်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်စိန်က ပြောပါတယ်။

 ဦးကြည်မင်းဟာ အငြင်းပွားလယ်မြေကို ယာယီလုပ်ကိုင်ခွင့်ရခဲ့တဲ့အတွက် ဦးညိုတို့ ထွန်ယက်စိုက်ပျိုးထားတဲ့ စပါးပင်တွေကို  ဖျက်ဆီး ထွန်ယက်ပစ်လိုက်ပြီး သူ့အစီအစဉ်နဲ့ အသစ်ပြန်လည် စိုက်ပျိုးလုပ်ကိုင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

 ဧရာဝတီတိုင်းဒေသကြီးအတွင်းက မြို့နယ်အနှံ့အပြားမှာ လယ်ယာမြေအငြင်းပွားမှု ပြဿနာပေါင်းမြောက်မြားစွာ ဖြစ်ပေါ်နေပါတယ်။

အဲဒီပြဿနာတွေကို ပြေလည်အောင် ကိုင်တွယ်ဖြေရှင်းပေးဖို့ ဆိုတာ သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအတွက် ခေါင်းကိုက်စရာကိစ္စရပ်များပဲ ဖြစ်ပါတယ်။

 ဆလိုင်း သန့်စင် ~



.


Viewing all articles
Browse latest Browse all 5236

Trending Articles